မာတိကာသို့ ခုန်သွားရန်

ဝိနည်းဥပဒေတော်ကြီး/သံဃာဒိသိသ် ၁၃-ပါး

ဝီကီရင်းမြစ် မှ
ဝိနည်းဥပဒေတော်ကြီး
by အရှင်သြဘာသ
၅။ သံဃာဒိသိသ် ၁၃-ပါး
3394ဝိနည်းဥပဒေတော်ကြီး — ၅။ သံဃာဒိသိသ် ၁၃-ပါးအရှင်သြဘာသ

၅။ သံဃာဒိသေသ် ၁၃-ပါး

အရှင်တို့, တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသေသ် အမည်ရှိကုန်သော ဤအာပတ်တို့သည် သရုပ်အားဖြင့် ပြအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏၊

၁။ သုက္ကဝိဿဋ္ဌိ

အိပ်မက်ထဲ၌ သုက်လွတ်ခြင်းကို ကြဉ်၍ သုက်လွတ်စေလိုသော စေတနာ ဖြင့် စေ့ဆော်၍ နိမိတ်ကို လုံ့လမပြုရ။ ပြု၍ သုက်လွတ်လျှင် သုက္ကဝိဿဋ္ဌိ သံဃာဒိသေသ်အာပတ်သင့်၏၊ [မလွတ်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏၊]

အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ စေ့ဆော်၍ လုံ့လပြုအံ့၊ ထုလ္လစ္စဉ်း။ စေ့ဆော်, လုံ့လပြု၍ သုက်လွတ်အံ့၊ သံဃာဒိသေသ်အာပတ်သင့်၏၊။

[သုက်လွတ်ခြင်းဟူသည် သုက်၏ မူလနေရာမှ ရွေ့လျောခြင်းတည်း။ ယုတ်စွအဆုံး သုက်လွတ်စေလို၍ ခါးကော့လျှင် နေရာမှ သုက်ရွေ့အံ့၊ သံဃာဒိသေသ်အာပတ်သင့်၏၊ လွတ်စေလိုသော ဆန္ဒဖြင့် အင်္ဂါဇာတ်ကို ပေါင်ဖြင့် ညှပ်ဖိ၍ အိပ်လျှင် အိပ်ပျော်စဉ် အိပ်မက်၍ သုက်လွတ်သော် သံဃာဒိသေသ် အာပတ်မှ မလွတ်-ဟူ၍ သိလေ။]

အနာပတ္တိဝါရ။ ။ သုက်လွတ်စေလိုသော စေတနာဖြင့် မစေ့ဆော်၊ ပွေးပိုး, ဝဲပိုး, ညှင်းပိုး စသည်တို့ ကိုက်ခဲသောကြောင့် ယားနာ, ဝဲနာကို ဖျောက် လို၍ နိမိတ်ကို ကုတ်ဆွရာ၌ သာယာသဖြင့် သုက်လွတ်သော်လည်း အာပတ် မသင့်။

အမှာ။ ။ သံဃာဒိသေသ်အာပတ် မသင့်ဘဲလျက် ပရိဝါသ်, မာနတ် ဆောက်တည်လျှင် ဒုက္ကဋ်အာပတ်သင့်၏ဟု ဆိုထားခြင်းကြောင့် သံဃာဒိသေသ် အာပတ်သင့်သည်ဟု သံသယဖြစ်ရုံမျှဖြင့် ပရိဝါသ်, မာနတ်ကို မဆောက်တည် လေလင့်၊ ထိုအင်္ဂါ ၃-ပါးတို့နှင့် ကိုက်ညီသည် မကိုက်ညီသည်ကို သေသေချာချာ စိစစ်ပါလေ၊ အာပတ် တကယ်ပင်သင့်ပြီဟု ယုံကြည်စိတ်ချရမှသာလျှင် လိုအပ် သလို ကုစားပါလေ။ မိမိကိုယ်တိုင် မဆုံးဖြတ်နိုင်လျှင် ကျမ်းတတ်လဇ္ဇီပုဂ္ဂိုလ်၏ အကြံဉာဏ် အဆုံးအဖြတ်ကို ခံယူပါလေ။ [နောက်သိက္ခာပုဒ်တော်များ၌လည်း ဤအတိုင်းသိ။]

အင်္ဂါ-၃။ ။ လွတ်စေလို့ငှာ စေတနာတည့်၁၊ ဗျာပါလုံ့လ ပြုမိကလျှင်း၂၊ သုက်လွတ် ခြင်းဟု၃၊ ကြောင်းရင်း သုံးလီ အင်္ဂါညီ၊ သင့်ပြီ ဝိဿဋ္ဌိ။

၂။ ကာယသံသဂ္ဂ

မွေးဖွားသည့် အရွယ်ကစ၍ လူဇာတ်ရှိသော မိန်းမကို ထိလို, ကိုင်လို, သုံးသပ်လိုသော ရာဂစိတ်ဖြင့် အယုတ်သဖြင့် ဆံပင် မွေးညှင်းမျှကိုသော်လည်း မထိမကိုင် မသုံးသပ်ရ။ ထိ ကိုင် သုံးသပ်လျှင် ကာယသံသဂ္ဂသံဃာဒိသေသ် အာပတ်သင့်၏၊

[သေ၍ ကိုယ်မပျက်သေးသော မိန်းမအလောင်းကို ရာဂစိတ်ဖြင့် ကိုင်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏၊ ကိုယ်ပျက်နေလျှင်ကား ဒုက္ကဋ်အာပတ်သင့်၏၊

ရဟန်းတစ်ပါးသည် ရာဂစိတ်ဖြင့် မိန်းမကို သပိတ်ဖြင့် တွန်း၏၊ ထိုရဟန်း အား ထုလ္လစ္စဉ်းအာပတ်သင့်၏၊

ရဟန်းတစ်ပါးသည် ရာဂစိတ်ဖြင့် မိန်းမ ကိုင်နေသော ကြိုးကိုဆွဲ၏၊ ထို ရဟန်းအား ထုလ္လစ္စဉ်းအာပတ်သင့်၏၊

ရဟန်းတစ်ပါးသည် ရာဂစိတ်ဖြင့် မိန်းမလျှောက်ကူးနေသော တံတားကို လှုပ်၏၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏၊

ရဟန်းတစ်ပါးသည် ရာဂစိတ်ဖြင့် မိန်းမတက်နေသော သစ်ပင်ကို လှုပ်၏၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏၊

ရဟန်းတစ်ပါးသည် မိန်းမကို ကိုင်အံ့ဟု လုံ့လပြုသော်လည်း မတို့ထိမိဘဲ ရှိ၏၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်၏၊

ရာဂစိတ်ဖြင့် မိန်းမတို့၏ ကိုယ်၌ဝတ်ထားသော အဝတ်စသည်တို့ကို ကိုင်အံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊

ဘီလူးမ (နတ်သမီး), ပဏ္ဍုက်တို့ကို ရာဂစိတ်ဖြင့် ကိုင်သော် ထုလ္လစ္စဉ်း၊ ယောက်ျား, တိရစ္ဆာန်တို့ကို ရာဂစိတ်ဖြင့် ကိုင်သော် ဒုက္ကဋ်၊ အမိနှင့် သမီးတို့ကို အမိ, သမီးဟူသော ချစ်ခြင်းဖြင့် သုံးသပ်လျှင်လည်း ဒုက္ကဋ်အာပတ်ပင်။]

အနာပတ္တိဝါရ။ ။ မာတုဂါမက လာကိုင်၍ သာယာသော်လည်း ရဟန်းက မလှုပ်ရှားလျှင် အာပတ်မသင့်။

သတိ။ ။ ခရီးဦးကြိုဆိုကြရာ၌ အချို့သော မာတုဂါမတို့သည် ဆံပင်ကို ဖြန့်၍ ခင်းကုန်၏၊ ထိုသို့ ခင်းရာ၌ သတိမထားဘဲ အမှတ်တမဲ့ နင်းသော ရဟန်းများ, ဆံပင်ကို ကျော်၍ နင်းသော်လည်း မတော်တဆ နင်းမိသော ရဟန်း များ၌ ကိုယ်လက်နှီးနှောလိုသော ရာဂစိတ် မရှိခြင်းကြောင့် အာပတ်မသင့်။ မာတုဂါမ၏ ဆံပင်မှန်း သိလျက် တမင်နင်းလိုသော စိတ်ဖြင့် နင်းသော ရဟန်း တို့ကား ဤအာပတ်မှ မလွတ်။ ထို့ကြောင့် မာတုဂါမများ၏ ဆံပင်ကို မနင်း မိကြရလေအောင် အထူး သတိဆောင်ကုန်ရာ၏၊

ခြေတို့ကို ဆုပ်နယ်၍ ရှိခိုးလိုသော မိန်းမကို တားမြစ်အပ်၏၊ ခြေကို သော်လည်း ဖုံးလွှမ်းအပ်၏၊ မတုန်မလှုပ်သော်လည်း နေအပ်၏၊ မတုန် မလှုပ်နေသော ရဟန်းအား စိတ်သာယာသော်လည်း အာပတ် မသင့်။ မာတုဂါမ လာကိုင်၍ သာယာသော်လည်း ရဟန်းက မလှုပ်ရှားလျှင် အာပတ်မသင့်ဟု ဆိုထားခြင်းကြောင့် ဆွမ်းလောင်းရာ၌ဖြစ်စေ၊ ဆွမ်းစသည်ကို ကပ်ရာ၌ ဖြစ်စေ မတော်တဆ လက် စသည်တို့ဖြင့် ထိမိ ကိုင်မိ၍ သာယာရုံမျှဖြင့် သံဃာဒိသေသ် အာပတ်မသင့်-ဟု သိရာ၏၊ ထိုအင်္ဂါစုတို့နှင့် ကိုက်ညီမှသာလျှင် အာပတ်သင့် နိုင်ရကား လဇ္ဇီရဟန်းအဖို့ ဤသိက္ခာပုဒ်ဖြင့် အာပတ်သင့်ဖို့ရန် အလွန်မှ ခဲယဉ်းပေသည်။ [ရှေ့သိက္ခာပုဒ်၌ ညွှန်ပြထားသော ‘အမှာ’စကားအတိုင်း ကျင့်သုံးပါလေ။]

ဘုရားပွဲ ဇာတ်ပွဲ ပြပွဲ စသည်တို့၌ မာတုဂါမတို့နှင့် ရောနှောတိုးဝှေ့၍ သွားခြင်းကား ဤသိက္ခာပုဒ်ကို ချိုးဖောက်ရန် သွားသည်နှင့် တူ၏၊

အင်္ဂါ-၅။ ။ လူမိန်းမပင်၁၊ မိန်းမထင်လျက်၂၊ သံသဂ်ရာဂ၃၊ လုံ့လပြုလျှင်း၄၊ ကိုင်မိ ခြင်းဟု၅၊ ကြောင်းရင်းငါးလီ အင်္ဂါညီ၊ သင့်ပြီ သံသဂ္ဂ။

၃။ ဒုဋ္ဌုလ္လဝါစာ

လုလင်ပျိုသည် မိန်းမပျိုအား မေထုန်နှင့်စပ်သော စကားဖြင့် ပြောဆိုသကဲ့ သို့ သိကြားနားလည်နိုင်သော မိန်းမအား မေထုန်နှင့် စပ်သောစကား မပြော ကြားရ။ ပြောကြားသော စကားကို ထိုခဏ၌ ထိုမိန်းမ သိနားလည်လျှင် ဒုဋ္ဌုလ္လဝါစာသံဃာဒိသေသ်အာပတ်သင့်၏၊ [မသိနားမလည်လျှင် ထုလ္လစ္စဉ်း အာပတ်သင့်၏၊]

မှတ်ချက်။ ။ ဤသိက္ခာပုဒ်ကို ခေတ်အားဖြင့် သုံးမျိုး, အာပတ်အားဖြင့် သုံးစား ပိုင်းခြား၍ ပြပါအံ့။ ၎င်းတို့ကား — (၁) ဝစ္စမဂ်, ပဿာဝမဂ်ကို ရည်၍ ပြောအံ့၊ သံဃာဒိသေသ်ခေတ်။ (၂) ဝစ္စမဂ်, ပဿာဝမဂ်ကို ကြဉ်၍ ညှပ်ရိုးနှစ်ဖက် အောက်မှ ပုဆစ်ဒူးဝန်းနှစ်ဖက် အထက်ထိကို ရည်၍ ပြောအံ့၊ ထုလ္လစ္စဉ်းခေတ်။ (၃) ညှပ်ရိုးနှစ်ဖက် အထက်နှင့် ပုဆစ်ဒူးဝန်းနှစ်ဖက် အောက် ကိုယ်နှင့်စပ်သော အဝတ်တန်ဆာ စသည်တို့ကို ရည်၍ ပြောအံ့၊ ဒုက္ကဋ်ခေတ် ဟူ၍ သုံးမျိုးတည်း။

ဤခေတ်သုံးမျိုးတို့တွင် နံပါတ် (၁)ခေတ်နှင့် စပ်၍ ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်း စသည်ကို ပြောအံ့၊ ထိုမိန်းမ သိနားလည်လျှင် သံဃာဒိသေသ်။ မသိနားမလည် သော် ထုလ္လစ္စဉ်းအာပတ်သင့်၏၊ နံပါတ် (၂)ခေတ်နှင့် စပ်၍ ပြောအံ့၊ သိနားလည်လျှင် ထုလ္လစ္စဉ်း။ မသိနားမလည်သော် ဒုက္ကဋ်အာပတ်သင့်၏၊ နံပါတ်(၃) ခေတ်နှင့်စပ်၍ ပြောအံ့၊ ဒုက္ကဋ်အာပတ်သင့်၏ဟု ဝိမတိဝိနောဒနီဋီကာ၌ ဆို၏၊ ကင်္ခါဝိတရဏီအဋ္ဌကထာ၌ မေထုန်နှင့်စပ်သော စကားတို့ဖြင့် ပြောအံ့၊ သိနားလည်လျှင် သံဃာဒိသေသ်။ မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ်သင့်၏ဟု ဆို၏၊

အင်္ဂါ-၅။ ။ လူမိန်းမပင်၁၊ မိန်းမထင်လတ်၂၊ ဝါစဿာဒ၃၊ ထိုရာဂဖြင့်၊ ပြောပြလေဘိ၄၊ ချက်ချင်းသိဟု၅၊ ကြောင်းရှိငါးလီ၊ အင်္ဂါညီ၊ သင့်ပြီ ဒုဋ္ဌုလ္လ။

၄။ အတ္တကာမပါရိစရိယ

မိမိအား မေထုန်ဖြင့် လုပ်ကျွေးစေခြင်းငှာ သိကြားနားလည်နိုင်သော မိန်းမ၏ အထံ၌ “သီလရှိသော မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော ကောင်း သော ကိုယ်ကျင့်တရားရှိသော ငါကဲ့သို့သောသူအား မေထုန်အကျင့်ဖြင့် လုပ်ကျွေးခြင်းသည် အလှူတကာတို့တွင် အမြတ်ဆုံးသော အလှူဖြစ်၏” စသည်ဖြင့် မေထုန်လှူခြင်း၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆို၍ မေထုန်ကို အလှူမခံရ။ အလှူခံသော စကားကို ထိုခဏ၌ ထိုမိန်းမသိနားလည်လျှင် အတ္တကာမပါရိစရိယသံဃာဒိသေသ်အာပတ်သင့်၏၊ [မသိ နားမလည်လျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏ဟု ကင်္ခါဝိတရဏီအဋ္ဌကထာနှင့် ပါတိမောက္ခဝိနိစ္ဆယ ကျမ်းတို့၌ ဆို၏၊]

မှတ်ချက်။ ။ ပဏ္ဍုက်၌ အလှူခံအံ့၊ ထုလ္လစ္စဉ်း။ ယောက်ျား, တိရစ္ဆာန် တို့၌ အလှူခံအံ့၊ ဒုက္ကဋ်အာပတ်သင့်၏ဟု ပါရာဇိကဏ် ပါဠိတော် (မြန်မာပြန်) ၌ သာမန်အားဖြင့်သာ ဆိုထား၏၊ စာရေးသူ၏ ယူဆချက်မှာ အလှူခံသော စကားကို ထိုခဏ၌ ထိုပဏ္ဍုက် သိနားလည်မှသာလျှင် ထုလ္လစ္စဉ်း၊ မသိ နားမလည်သော် ဒုက္ကဋ်အာပတ်သင့်၏၊ ယောက်ျား, တိရစ္ဆာန်တို့၌ကား သိသည် ဖြစ်စေ မသိသည်ဖြစ်စေ ဒုက္ကဋ်အာပတ်သင့်၏ဟူ၍ ဖြစ်သည်။

အင်္ဂါ-၅။ ။ လူမိန်းမပင်၁၊ မိန်းမထင်လျက်၂၊ ကိုယ့်တွက်တာဟု၊ ကာမမှုဖြင့်၊ ပြုစေ လိုတုံ၊ ရာဂကြုံ၍၃၊ ဂုဏ်ကိုပြောဘိ၄၊ ချက်ချင်းသိဟု၅၊ ကြောင်းရှိ ငါးလီ အင်္ဂါညီ၊ သင့်ပြီ ကာမပါရိစရိယ။

* ၅။ သဉ္စရိတ္တ

လင်မယား ဖြစ်စေလိုသောကြောင့် ယောက်ျား မိန်းမတို့၏ အကြား၌ အောင်သွယ်အမှုကို မပြုရ။ အယုတ်သဖြင့် တစ်ခဏမျှ ပေါင်းဖော်ခြင်းအတွက် ပြည့်တန်ဆာမကိုသော်လည်း မပြောပေးရ။ ထိုသို့ ပြုလုပ်လျှင် သဉ္စရိတ္တ သံဃာဒိသေသ်အာပတ်သင့်၏၊ [ပဏ္ဍုက်၌ အောင်သွယ်အမှုကို ပြုအံ့၊ ထုလ္လစ္စဉ်း အာပတ်သင့်၏၊]

မှတ်ချက်။ ။ လင်ယောက်ျားနှင့် စိတ်ဆိုး၍ အိမ်မှ ဆင်းသွားသော (မကွာရှင်းရသေးသော) မိန်းမအား ဝမ်းမြောက်ဖွယ်စကားကို ပြော၍ လင် ယောက်ျား၏ အိမ်သို့ပြန်စေသော ရဟန်းအား အာပတ်မသင့်ဟု မိန့်တော်မူ၏၊ [ဤမိန်းမမှာ အောင်သွယ်စကား ပြောကြားထိုက်သော မိန်းမ မဟုတ်သော ကြောင့် အာပတ်မသင့်။]

အင်္ဂါ-၅။ ။ ကျား, မ နှစ်ရပ်၊ လူသားဇာတ်တို့၁၊ ကင်းပြတ်ကွဲခိုက်၊ အောင်သွယ် ထိုက်၍၂၊ ခိုင်းခိုက်ဝန်ခံ၃၊ စုံစမ်းဟန်နှင့်၄၊ တစ်ဖန်မယွင်း၊ ပြန်ပြောခြင်း ဟု၅၊ ကြောင်းရင်းငါးလီ၊ အင်္ဂါညီ၊ သင့်ပြီ သဉ္စရိတ်။

[ဝန်ခံအံ့၊ ဒုက္ကဋ်။ ဝန်ခံ၍ စုံစမ်းအံ့၊ ထုလ္လစ္စဉ်း။ ဝန်ခံအံ့၊ စုံစမ်းအံ့၊ တစ်ဖန် ဆောင်လာအံ့၊ သံဃာဒိသေသ်အာပတ်သင့်၏၊]

၆။ ကုဋိကာရ

ဆောက်လုပ်သူဒါယကာ မရှိ၍ မိမိကိုယ်တိုင် ပဲခွပ်, ပုဆိန်စသော လက်သမားကိရိယာတို့ကို ငှားရမ်း၍ ဆောက်အပ်သော အတွင်းဘက်၌ဖြစ်စေ၊ အပြင်ဘက်၌ ဖြစ်စေ၊ အတွင်းအပြင် နှစ်ဖက်လုံး၌ဖြစ်စေ အင်္ဂတေ သို့မဟုတ် မြေညက်ဖြင့် လိမ်းကျံအပ်သော ‘ကုဋိကျောင်းငယ်’ ကို မိမိနေထိုင်ဖို့ ဆောက်လို လျှင် ပိုးရွ၊ ခြပုန်း၊ ခြင်္သေ့၊ ကျား စသည်တို့လည်း မရှိ၊ ကောက်ပဲသီးနှံ စသည် တို့လည်း မစိုက်ပျိုး၍ ဘေးအန္တရာယ်မရှိသော ကျောင်းပတ်ပတ်လည်၌ နွား နှစ်ကောင် သို့မဟုတ် လေးကောင်က, သော လှည်းဖြင့် လှည့်လည်သွားလာနိုင် လောက်အောင် ဥပစာလည်းရှိသော ‘ကျောင်းရာ’ကို ရွေးချယ်ညွှန်ကြားရန် အလို့ငှာ အခြားရဟန်းတို့ကို မိမိရည်ရွယ်ထားသည့် ကျောင်းဆောက်ရန် ‘ကျောင်းရာ’သို့ ပင့်ဆောင်ရမည်။

ဘေးအန္တရာယ်ရှိသော အရပ်၌ဖြစ်စေ၊ ဥပစာမရှိသော အရပ်၌ဖြစ်စေ ကိုယ်တိုင် ဆောက်လုပ်လျှင် ဒုက္ကဋ်အာပတ်သင့်၏၊

အခြားရဟန်းတို့ကိုလည်း မပင့်ဘဲလျက် ဆောက်လုပ်၍ နံရံ အမိုးတို့ကို လည်း အင်္ဂတေချင်း မြေညက်ချင်း စပ်မိအောင် လိမ်းကျံသော်လည်းကောင်း, မြတ်စွာဘုရား၏ အထွာတော်အားဖြင့် အလျား ၁၂-ထွာ အနံကွင်းကျ ၇-ထွာ ရှိသော ထိုကျောင်း၏ အကြီးဆုံး ပမာဏထက်လည်း လွန်ပြီး ဆောက်လုပ် ၍ နံရံအမိုးတို့ကိုလည်း အင်္ဂတေချင်း မြေညက်ချင်း စပ်မိအောင် လိမ်းကျံသော် လည်းကောင်း ကုဋိကာရသံဃာဒိသေသ်အာပတ်သင့်၏၊

ထိုကျောင်း၏ အောက်ဆုံး အနံပမာဏကား မဇ္ဈိမပုရိသ၏ အတောင် အားဖြင့် ၄-တောင်တည်း။ [အချို့က ဤ ၄-တောင်ကို ပကတိပုရိသ၏ အတောင်ဖြင့် ယူသည်။]

နောက်ဆက်တွဲ ‘မဇ္ဈိမဝဍ္ဎုကီတွက်နည်း’ အရ ပေ, လက်မဖြင့် ယူသော် ထိုကျောင်း၏ အကြီးဆုံး ပမာဏမှာ အလျား ၃၆-ပေ၊ အနံ ၂၁-ပေ ဖြစ်သည်။ အောက်ဆုံး အနံပမာဏမှာ လက်သမားအတောင်ဖြင့် ယူသော် ၈-ပေ ဖြစ်၍ ပကတိပုရိသအတောင်ဖြင့် ယူသော် ၅-ပေ ၄-လက်မ ဖြစ်သည်။

ဘေးအန္တရာယ် ရှိသောအရပ်-ဟူသည် ပိုးရွတို့၏ နေရာ၊ ခြတို့၏ နေရာ၊ ကြွက်တို့၏ နေရာ၊ မြွေတို့၏ နေရာ၊ ကင်းမြီးကောက်တို့၏ နေရာ၊ ကင်းခြေများ တို့၏ နေရာ၊ ဆင်တို့၏ နေရာ၊ မြင်းတို့၏ နေရာ၊ ခြင်္သေ့တို့၏ နေရာ၊ ကျားတို့၏ နေရာ၊ သစ်တို့၏ နေရာ၊ ဝံ, အောင်းတို့၏ နေရာ၊ ဆိုပြီးသည်မှ တစ်ပါးသော သားရဲဖြစ်ကုန်သော တိရစ္ဆာန်တို့၏ နေရာ၊ ဤတစ်ဆယ့်သုံးပါးသော ဘေး အန္တရာယ်ရှိသော အရပ်တို့တည်း။

ဤဘေးအန္တရာယ်ရှိသော အရပ်တစ်ဆယ့်သုံးပါးတို့အပြင် မည်သည့် ကျောင်းမျိုးကိုမှ မဆောက်အပ်သော အရပ်တစ်ဆယ့်ခြောက်ပါးကိုလည်း ပြပါအံ့။ ကောက်ရှိသောအရပ်ကို မှီခြင်း၊ ပဲရှိသောအရပ်ကို မှီခြင်း၊ သုံးဆယ့်နှစ် ပါးသော ကမ္မကရဏပြုရာအရပ်ကို မှီခြင်း၊ လက်ခြေစသည် ဖြတ်ရာအရပ်ကို မှီခြင်း၊ ကြီးစွာသော သုသာန်ကို မှီခြင်း၊ ဥယျာဉ်ကို မှီခြင်း၊ မင်းအိမ်ကို မှီခြင်း၊ ဆင်တင်းကုပ်ကို မှီခြင်း၊ မြင်းတင်းကုပ်ကို မှီခြင်း၊ နှောင်အိမ်ကို မှီခြင်း၊ သေတင်းကုပ်ကို မှီခြင်း၊ အိမ်စျေးကို မှီခြင်း၊ ခရီးသုံးခုတို့၏ အဆုံကို မှီခြင်း၊ ခရီးလေးခုတို့၏ အဆုံကို မှီခြင်း၊ သဘင်ကို မှီခြင်း၊ ထုတ်ချင်းထွင်းသော အသွား အပြန်သွားသော ခရီးလမ်းမကို မှီခြင်း၊ ဤကား ကျောင်းမဆောက်အပ်သော အရပ် တစ်ဆယ့်ခြောက်ပါးတည်း-ဟူ၍ ပါတိမောက္ခဝိနိစ္ဆယကျမ်း၌ ဆို၏၊ [ဝိသုဒ္ဓိမဂ်အရသာ၌ ဥက္ကဌ်, မဇ္ဈုံ, မုဒု-ဟူ၍ သုသာန် ၃-မျိုး ပြသည်။ (ဝါ) အကြီး, အလတ်, အငယ်-ဟူ၍ သုသာန် ၃-မျိုး ပြသည်။ ထို့ကြောင့် ကြီးစွာသော သုသာန်သည် နေ့စဉ် မီးဖုတ်, အပုပ်နံ့နံ, ဆွေမျိုးတို့သွား၍ ငိုကြွေးသံရှိသော ဥက္ကဌ်သုသာန် ဖြစ်သည်ဟူ၍ ဆိုရပေမည်။]

မှတ်ချက်။ ။ ထိုသို့ ပင့်သောအခါ သံဃာအားလုံး လိုက်ကြည့်နိုင်လျှင် သံဃာကုန် လိုက်ကြည့်၊ အားလုံး မလိုက်နိုင်လျှင် ၂-ပါး ၃-ပါး စသည် ကျွမ်းကျင် နားလည်သော ရဟန်းများကို သံဃာက သမ္မုတိပေး၍ ထိုရဟန်းများက ကျောင်းနေရာကို လိုက်ကြည့်ရမည်။ [ပင့်ပုံ, ကျောင်းရာသို့ သွား၍ ကြည့်ရှုရန် သမ္မုတိပေးပုံ, ကျောင်းရာကြားပုံကို ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်) အပိုဒ် ၃၄၉၊ ၃၅၀ နှင့် ၃၅၁ အသီးသီးတို့၌ ရှု။]

ဤထက် အကျယ်သိလိုလျှင် ပါတိမောက္ခဝိနိစ္ဆယကျမ်းနှင့် ပါရာဇိကဏ် ပါဠိတော် (မြန်မာပြန်)တို့၌ ရှု။

အင်္ဂါ-၆၊ ၇။ ။ ဥလိဒတ္တာဒိ အစရှိသား၊ ကိဋိသုံးလုံး၁၊ အောက်ဆုံးပမာဏ၂၊ ကျောင်း ဌာနလည်း၊ မပြမညွှန်၃၊ ပမာဏလွန်လျက်၄၊ မိမိတွက်တာ၅၊ နေထိုင်ရာ နှင့်၆၊ လျော်စွာသုတ်လေ၊ အင်္ဂတေမြေကို၊ စပ်စေမကြွင်းရ၊ အကြောင်း ရင်းဟု၊ ခြောက်ခင်း ခုနစ်လီ၊ လျော်အောင်ညီ၊ သင့်ပြီ ကုဋိက။

၇။ ဝိဟာရကာရ

ဆောက်လုပ်သူ ဒါယကာရှိ၍ အတွင်းဘက်၌ဖြစ်စေ၊ အပြင်ဘက်၌ ဖြစ်စေ၊ အတွင်းအပြင် နှစ်ဖက်စလုံး၌ ဖြစ်စေ အင်္ဂတေ သို့မဟုတ် မြေညက်ဖြင့် လိမ်းကျံအပ်သော ‘ကြီးသောကျောင်း’ကို မိမိနေထိုင်ဖို့ ဆောက်လုပ်စေလိုလျှင် ပိုးရွ ခြပုန်း ခြင်္သေ့ ကျား စသည်တို့လည်း မရှိ၊ ကောက်ပဲ သီးနှံ စသည်တို့လည်း မစိုက်ပျိုး၍ ဘေးအန္တရာယ် မရှိသော, ကျောင်းပတ်ပတ်လည်၌ နွားနှစ်ကောင် သို့မဟုတ် လေးကောင် ကသောလှည်းဖြင့် လှည့်လည်သွားလာနိုင်လောက် အောင် ဥပစာလည်းရှိသော ‘ကျောင်းရာ’ကို ရွေးချယ်ညွှန်ကြားရန်အလို့ငှာ အခြားရဟန်းတို့ကို မိမိရည်ရွယ်ထားသည့် ကျောင်းဆောက်ရန် ‘ကျောင်းရာ’ သို့ ပင့်ဆောင်ရမည်။

ဘေးအန္တရာယ်ရှိသော အရပ်၌ဖြစ်စေ၊ ဥပစာ မရှိသော အရပ်၌ဖြစ်စေ ဆောက်လုပ်စေလျှင် ဒုက္ကဋ်အာပတ်သင့်၏၊

အခြားရဟန်းတို့ကိုလည်း မပင့်ဘဲလျက် ဆောက်လုပ်စေ၍ နံရံ အမိုးတို့ ကိုလည်း အင်္ဂတေချင်း မြေညက်ချင်း စပ်မိအောင် လိမ်းကျံစေလျှင် ဝိဟာရကာရသံဃာဒိသေသ်အာပတ်သင့်၏၊ [ပမာဏမှတစ်ပါး ကြွင်းသော အင်္ဂါတို့မှာ ကုဋိကာရသိက္ခာပုဒ်တော်အတိုင်းပင် ဖြစ်သည်။]

အင်္ဂါ-၆။ ။ ကုဋိကာရ အင်ခုနစ်ဝတွင်၊ ပမာဏလွန်ငယ် ကျန်ခြောက်သွယ်၊ သင့်ဖွယ် ဝိဟာရ။

* ၈။ ပထမ ဒုဋ္ဌဒေါသ

စိတ်ဆိုးသည်ဖြစ်၍ မြင်ခြင်း, ကြားခြင်း, ယုံမှားခြင်းဟူသော အခြေအမြစ် မရှိဘဲလျက် တစ်ပါးသော ရဟန်းကို သာသနာတော်မှ ရွေ့လျောစေခြင်းငှာ ပါရာဇိကအာပတ်ဖြင့် မစွပ်စွဲရ။ စွပ်စွဲသော စကားကို ထိုခဏ၌ ထိုရဟန်း သိနားလည်လျှင် စကားခွန်းတိုင်း ခွန်းတိုင်း ပထမ ဒုဋ္ဌဒေါသသံဃာဒိသေသ် အာပတ်သင့်၏၊ [ခွင့်မပြုစေဘဲ (ဝါ) ခွင့်မတောင်းဘဲလျက် သာသနာတော်မှ ရွေ့လျောစေခြင်းငှာ ဆိုအံ့၊ သံဃာဒိသေသ်အာပတ်နှင့်တကွ ဒုက္ကဋ်အာပတ် သင့်၏၊]

မှတ်ချက်။ ။ စွပ်စွဲသော စကားကို ထိုခဏ၌ ထိုရဟန်း မသိ နားမလည် သော် မည်သည့်အာပတ်သင့်သနည်းဟူ၍ မေးဖွယ် ရှိ၏၊ စာရေးသူ ဖတ်ဖူးသလောက် ပြောရမည်ဆိုလျှင် မည်သည့် အာပတ်သင့်၏ဟူ၍ မြန်မာပြန် ကျမ်းများ၌ မဖော်ပြထားပါ။ သို့သော် သံဃာဒိသေသ်သိက္ခာပုဒ်ချင်း အတူတူ ဖြစ်သည့် ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်နှင့် အတ္တကာမပါရိစရိယသိက္ခာပုဒ်တို့၌ မသိလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏ဟု ဆိုထားသည်ကို ထောက်သောအားဖြင့် ဤသိက္ခာပုဒ်၌လည်း မသိလျှင် ထုလ္လစ္စဉ်းအာပတ်သင့်၏ဟု ယူထိုက်ပေသည်။ [ထုလ္လစ္စဉ်းအာပတ် မသင့်လျှင်လည်း ဒုက္ကဋ်အာပတ်တော့သင့်သည်ဟူ၍ မှတ်ယူ အပ်၏၊]

နောက် ဒုတိယ ဒုဋ္ဌဒေါသသိက္ခာပုဒ်၌လည်း ဤအတိုင်းသိ။ (ကျမ်းတတ် ဆရာတော်မြတ်တို့၏ အဆုံးအဖြတ်ကို ခံယူပါမည်၊ ခံယူတော်မူကြပါကုန်။)

အင်္ဂါ-၅။ ။ ရဟန်းများတွင် ရေတွက်ဝင်၍၁၊ သန့်စင်သသူ ထင်မှတ်ယူလျက်၂၊ အမူလက၃၊ သမ္မုခလျှင်း စွပ်စွဲခြင်းတည့်၄၊ ချက်ချင်းသိဟု၅၊ ကြောင်းရှိငါးလီ အင်္ဂါညီ၊ သင့်ပြီ ဒုဌ်ဒေါသ။

* ၉။ ဒုတိယ ဒုဋ္ဌဒေါသ (ခေါ်) အညဘာဂိယ

[ဤသိက္ခာပုဒ်သည် အပြောလွယ်သလောက် ပြန်ဆိုရာ၌ မလွယ်ကူလှပါ။ သို့ဖြစ်၍ ဥပမာပေး၍ ပြပါအံ့။]

စိတ်ဆိုးသည်ဖြစ်၍ ဥပမာအားဖြင့်ပြသော် မိမိစိတ်ဆိုးနေသော ရဟန်း (ဥုးတိဿ)၏ အမည် စသည်ကို အခြားသူ (မောင်နီ)၌ ပြောင်းလွှဲမှည့်ခေါ်ပြီး ထိုတိဿ-ဟူသော အမည်တူခြင်းစသည့်အကြောင်းကို အမြွက်ထောင်၍ ထို အခြားသူ (မောင်နီ) ပြုကျင့်သော မေထုန်အမှုကို ထိုရဟန်း (ဥုးတိဿ) ပြုကျင့် သည်ဟု ဆင်တူယိုးမှား ပြုလုပ်ကာ ထိုရဟန်း (ဥုးတိဿ)ကို သာသနာတော်မှ ရွေ့လျောစေခြင်းငှာ ပါရာဇိကအာပတ်ဖြင့် မစွပ်စွဲရ။ စွပ်စွဲသော စကားကို ထိုခဏ၌ ထိုရဟန်း သိနားလည်လျှင် စကားခွန်းတိုင်း ခွန်းတိုင်း ဒုတိယ ဒုဋ္ဌဒေါသ (ခေါ်) အညဘာဂိယသံဃာဒိသေသ်အာပတ်သင့်၏၊

အင်္ဂါ-၆။ ။ ရှေ့ဒုဌ်ဒေါသ၊ အင်ငါးဝတွင်၊ အညဘာဂိ၊ တည်ရာ၏လျှင်၊ ကိဉ္စိဒေသ၊ အမြွက်မျှကို စွဲယူပို၊ မှတ်လို ဒုတိယ ဒုဌ်ဒေါသ။

* ၁၀။ သံဃဘေဒ

သံဃာကွဲပြားအောင် လုံ့လပြု၍ ကွဲပြားခြင်းကို ဖြစ်စေတတ်သော ဝါဒကိုမူလည်း ချီးမြှောက်ပြောဆို၍ တည်စေငြားအံ့၊ ထိုရဟန်းကို မြင်ကြ ကြားကြကုန်သော အခြားရဟန်းတို့က “အရှင်သည် ညီညွတ်သော သံဃာတော် ကို ကွဲပြားအောင် လုံ့လမပြုလင့်၊ ကွဲပြားခြင်းကို ဖြစ်စေတတ်သော ဝါဒကို မူလည်း ချီးမြှောက်ပြောဆို၍ မတည်ပါစေလင့်၊ အရှင်သည် သံဃာတော်နှင့် သဘောချင်း ညီညွတ်ပါလော့၊ ညီညွတ်ခြင်း၏ အကျိုးကား ညီညွတ်သော သံဃာတော်သည် ငြင်းခုံခြင်း မရှိ၍ အညီအညွတ် ဝမ်းမြောက် ဝမ်းသာစွာဖြင့် တူသောပါတိမောက် ပြလျက် ချမ်းသာစွာ နေရ၏”ဟု ပြောဆိုရမည်။နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ [ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊] ထိုရဟန်းကို သံဃာ့အလယ်သို့လည်း ခေါ်ဆောင်၍ အထက် ၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့။ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်ပြန်၏၊ ထိုနောက် သံဃာတော်က ထိုရဟန်း အား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ထိုရဟန်းအား သံဃဘေဒ သံဃာဒိသေသ်အာပတ်သင့်၏၊ [ဉတ်၏ အဆုံး၌ ဒုက္ကဋ်အာပတ်သင့်၏၊ နှစ်ကြိမ် မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ သုံးကြိမ်မြောက် သော ကမ္မဝါစာ၏ အဆုံး၌ သံဃာဒိသေသ်အာပတ်သင့်၏၊ သံဃာဒိသေသ် အာပတ်သို့ ရောက်သော ရဟန်းအား ဉတ်၏ အဆုံး၌ သင့်သော ဒုက္ကဋ်, ကမ္မဝါစာနှစ်ကြိမ်တို့၏ အဆုံး၌ သင့်သော ထုလ္လစ္စဉ်းအာပတ်တို့သည် ငြိမ်း ကုန်၏၊ နောက်သိက္ခာပုဒ်များ၌လည်း ဤအတိုင်း သိ။]

ညီညွတ်သော သံဃာတော်ဟူရာ၌ တူသောပေါင်းသင်းခြင်းရှိသော တူသောသိမ်၌ တည်သော သံဃာတော်ကို ဆိုလိုသည်။

သမနုဘာသနကံ ပြုပုံကို ပါရာဇိကဏ် ပါဠိတော် (မြန်မာပြန်) အပိုဒ် ၄၁၃-၌ ရှု။

မှတ်ချက်။ ။ တစ်ဘက်သော သံဃာအစု၌ ရဟန်းတစ်ပါးရှိ၍ တစ်ဘက်သော အစု၌ နှစ်ပါးရှိပြီးလျှင် လေးပါးမြောက် ရဟန်းက “ဤကား ဓမ္မ, ဤကား ဝိနယ, ဤကား မြတ်စွာဘုရား၏ အဆုံးအမတည်း၊ ဤ မဲဆန္ဒကို ယူလော့၊ ဤ မဲဆန္ဒကို နှစ်သက်လော့”ဟု ပြောကြားခြင်း၊ ဤနည်းတူ တစ်ဘက်မှ နှစ်ပါး, တစ်ဘက်မှလည်း နှစ်ပါး၊ တစ်ဘက်မှ နှစ်ပါး၊ တစ်ဘက်မှ သုံးပါး၊ တစ်ဘက်မှ သုံးပါး, တစ်ဘက်မှလည်း သုံးပါး၊ တစ်ဘက်မှ သုံးပါး, အခြားတစ်ဘက်မှ လေးပါးရှိ၍ ရှစ်ယောက်မြောက် ရဟန်းသည် “ဤကား ဓမ္မတည်း၊ ဤကား ဝိနယတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမ ဩဝါဒတည်း၊ ဤအယူကို ယူလော့၊ ဤ အယူကို နှစ်သက်လော့”ဟု ပြောကြား ခြင်း၊ ဤသို့လျှင် နှစ်ဘက်ပေါင်းမှ သံဃာလေးပါး, ငါးပါး, ခြောက်ပါး, ခုနစ်ပါး, ရှစ်ပါးရှိ၍ အယူကွဲပြားသော်လည်း သံဃာကွဲပြားဖို့ အရေးအကြောင်းမျှသာ ဖြစ်၍ သံဃာကွဲပြားခြင်း မဖြစ်သေးပါ။

တစ်ဘက် သံဃာအစုမှ လေးပါးရှိ၍ အခြားတစ်ဘက်မှလည်း သံဃာ လေးပါးရှိပြီးလျှင် ကိုးယောက်မြောက်သော ရဟန်းတစ်ပါးက “ဤကား တရားတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား၏ အဆုံးအမ ဩဝါဒတည်း၊ ဤ အယူကို ယူကြကုန်လော့၊ ဤအယူကို နှစ်သက်ကြကုန်လော့”ဟု ပြောကြားငြားအံ့၊ ဤနည်းဖြင့် တစ်ဘက်မှ လေးပါး, တစ်ဘက်မှ ငါးပါး၊ နှစ်ဘက် ငါးပါးစီ ဤသို့စသည်ဖြင့် ကိုးပါး, ကိုးပါးထက် အလွန်ရှိလျှင် သံဃာ ကွဲပြားရာ အရေးအကြောင်းလည်းဖြစ်၍ သံဃာလည်း စင်စစ် ကွဲပြားပါသည်။

ဤ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့် သံဃာကွဲပြားရန် အရေးအကြောင်းမျှဖြစ် ၍ သံဃာကွဲပြားသည် မမည်ခြင်း၊ သံဃာကွဲပြားရန် အရေးအကြောင်းလည်း ဖြစ်၍ သံဃာသည်လည်း စင်စစ်ပင် နှစ်ဘက်ထက်ခြမ်း ကွဲပြားခြင်း ဖြစ်သည်။ [သံဃာကွဲပြားခြင်း, အက်ကြောင်းထင်ခြင်း နှစ်မျိုး ရှင်းပြချက် ပြီးပြီ။]

ဤသာသနာတော်၌ ရဟန်းတော်တို့သည် အဓမ္မကို ဓမ္မဟု, ဓမ္မကို အဓမ္မ ဟု အဝိနယကို ဝိနယဟု, ဝိနယကို အဝိနယဟု ဤသို့ အစရှိသည်ဖြင့် တစ်ဆယ့်ရှစ်ပါးသော ဘေဒကရဝတ္ထုတို့ဖြင့် ပြောကြားကြ, ပြကြပါသည်။ မိမိတို့ အယူဝါဒသို့ လိုက်ပါကြရန် ဆွဲဆောင်ကြပါသည်။ ထိုသို့ ဆွဲဆောင်ပြီးလျှင် အသီးအခြား ခွဲခြား၍ ဥပုသ်ကံ, ပဝါရဏာကံ, ထိုမှတစ်ပါးသော သံဃကံကြီး, ကံငယ်တို့ကို ပြုကြပါကုန်သည်။ ဤနည်းဖြင့် ဤသို့ဖြစ်လျှင် သံဃာကွဲပြားသည် မည်၏၊ [သံဃာကွဲပြားပြီဟု ဆိုရသည့် အခြေအနေ ပြီးပြီ။]

အင်္ဂါ-၄။ ။ သံဃာကွဲမှု လုံ့လပြု၍၁၊ သမနုဘာသနံ ဓမ္မကံတည်း၂၊ ကမ္မဝါစာ’ ပြီးဆုံး ရာဝယ်၃၊ မြဲစွာယူလျှင်း မစွန့်ခြင်းဟု၄၊ ကြောင်းရင်းလေးလီ အင်္ဂါညီ၊ သင့်ပြီ ဘေဒက။

* ၁၁။ ဘေဒါနုဝတ္တက

သံဃာကွဲပြားအောင် လုံ့လပြုသော ရဟန်း၏ အယူဝါဒကို တစ်ပါး, နှစ်ပါး, သုံးပါးကုန်သော ရဟန်းတို့သည် အလိုတူအလိုပါ အတုလိုက်၍ ကျင့်ကြ ကုန်၏၊ ထိုရဟန်းတို့က အခြားရဟန်းတို့အား “အရှင်တို့ ...ထိုရဟန်းအား တစုံတစ်ခုမျှ မဆိုကုန်လင့်၊ ထိုရဟန်းသည် ဓမ္မကိုလည်း ဆိုလေ့ရှိ၏၊ ဝိနည်း ကိုလည်း ဆိုလေ့ရှိ၏၊ ငါတို့၏ ထောက်ခံချက်အတိုင်း သူသည် ဆို၏၊ ငါတို့သည် လည်း ထိုအယူကို နှစ်သက်ကုန်ကြ၏”ဟု ဆိုကုန်ငြားအံ့၊ ထိုရဟန်းတို့ကို အခြားရဟန်းတို့က ‘အရှင်တို့ ...ဤသို့ မဆိုကုန်လင့်၊ ထိုရဟန်းသည် ဓမ္မကို လည်း ဆိုလေ့မရှိ၊ ဝိနည်းကိုလည်း ဆိုလေ့မရှိ၊ အရှင်တို့သည်လည်း သံဃာတော် ၏ ကွဲပြားခြင်းကို မနှစ်သက်အပ်ကုန်၊ အရှင်တို့သည် သံဃာတော်နှင့် သဘော ချင်း ညီညွတ်ကုန်လော့၊ ညီညွတ်ခြင်း၏ အကျိုးကား ညီညွတ်သော သံဃာ တော်သည် ငြင်းခုံခြင်းမရှိ၍ အညီအညွတ် ဝမ်းမြောက်ဝမ်းသာစွာဖြင့် တူသော ပါတိမောက် ပြလျက် ချမ်းသာစွာ နေရ၏’ဟု ပြောဆိုရမည်။ နှစ်ကြိမ်မြောက် လည်း ပြောဆိုရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ကုန်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ [ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊] ထို ရဟန်းတို့ကို သံဃာ့အလယ်သို့လည်း ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ကုန်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ကုန်ငြားအံ့၊ ထိုရဟန်းတို့အား ဒုက္ကဋ်အာပတ်သင့်ပြန်၏၊ ထို့နောက် သံဃာတော်က ထိုရဟန်းတို့အား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်ကုန်၏၊ ဤသို့ ဆိုဆုံးမအပ်ကုန်သည်ရှိသော် ထို အယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ထိုရဟန်းတို့အား ဘေဒါနုဝတ္တကသံဃာဒိသေသ်အာပတ်သင့်၏၊

မှတ်ချက်။ ။ ‘ သမနုဘာသနကံပြုပုံကို ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်) အပိုဒ် ၄၂၀-၌ ရှု။

နှစ်ပါးသုံးပါးတို့ကို တပေါင်းတည်း ဆိုဆုံးမအပ်ကုန်၏၊ ထိုနှစ်ပါးသုံးပါး ထက် အလွန်ဖြစ်လျှင် တစ်ပေါင်းတည်း မဆုံးမအပ်။ နှစ်ပါးစီ သုံးပါးစီခွဲ၍ ဆိုဆုံးမရမည်။

အင်္ဂါ-၄။ ။ သံဃာခွဲသူ့ နောက်လိုက်မှုနှင့်၁၊ သမနုသာသနံ ဓမ္မကံတည်း၂၊ ကမ္မဝါစာ ပြီးဆုံးရာဝယ်၃၊ မြဲစွာယူလျှင်း မစွန့်ခြင်းဟု၄၊ ကြောင်းရင်းလေးတန်၊ အင်ညီပြန်၊ သင့်ရန် နုဝတ္တက။

* ၁၂။ ဒုဗ္ဗစ

ပညတ်တော်မူသော သိက္ခာပုဒ်တော်ဖြင့် အခြားရဟန်းတို့၏ ဆိုဆုံးမခြင်း ကို နားမထောင်လို၍ ထိုရဟန်းတို့အား “သင်တို့ ငါ့ကို လာမပြောကြလင့်၊ ငါကလည်း သင်တို့အား ကောင်းကောင်းဆိုးဆိုး ဘယ်စကားကိုမျှ မပြောဘူး” စသည်ဖြင့် ပြန်လှန်ပြောဆိုငြားအံ့။ ထိုရဟန်းကို အခြားရဟန်းတို့က “အရှင် သည် မိမိကိုယ်ကို မဆိုအပ်သည်ကို မပြုလင့်၊ အရှင်သည် မိမိကိုယ်ကို ဆိုအပ် သည်ကိုသာလျှင် ပြုလော့၊ အရှင်သည်လည်း ဘုရားတပည့်တော်တို့ကို သိက္ခာ ပုဒ်တော်ဖြင့် ဆိုလော့၊ ဘုရားတပည့်တော်တို့ကလည်း အရှင့်ကို သိက္ခာပုဒ် တော်ဖြင့် ဆိုကုန်လတ္တံ့။ ဤသို့ အချင်းချင်း ဆိုဆုံးမခြင်း အချင်းချင်း အာပတ်မှ ထစေခြင်း ဖြင့်သာလျှင် ထိုမြတ်စွာဘုရား၏ ပရိသတ်သည် ကြီးပွားခြင်းသို့ ရောက်နိုင်၏”ဟု ပြောဆိုရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်။ သုံးကြိမ် မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ [ကြားလျက် မပြောဆိုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊] ထို ရဟန်းကို သံဃာ့အလယ် သို့လည်း ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့်အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်ပြန်၏၊ ထို့နောက် သံဃာတော်က ထိုရဟန်းအား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာ၏အဆုံး၌ ထို ရဟန်းအား ဒုဗ္ဗစသံဃာဒိသေသ်အာပတ်သင့်၏၊

မှတ်ချက်။ ။ သမနုဘာသနကံပြုပုံကို ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်) အပိုဒ် ၄၂၇-၌ ရှု။

အာပတ်ကို မရှုခြင်းကြောင့် ဆန္နရဟန်းအား ပြုသော သံဃာနှင့်အတူ သုံးဆောင်ခြင်း မရှိသော ဥက္ခေပနီယကံ ပြုပုံ၊ ပြုလိုက ပြုရာသော ကံခြောက်ပါး၊ ကျင့်ဝတ်လေးဆယ့်သုံးပါးနှင့် ကံငြိမ်းပုံကို စူဠဝဂ်ပါဠိတော် (မြန်မာပြန်) ကမ္မက္ခန္ဓက အပိုဒ် ၄၇၊ ၅၀။ ၅၁ နှင့် ၅၅ - အသီးအသီးတို့၌ ရှု။

အင်္ဂါ-၄။ ။ မပြောထိုက်သူ့ ကိုယ့်ကိုယ်ပြု၍၁၊ သမနုဘာသနံ ဓမ္မကံတည်း၂၊ ကမ္မ ဝါစာ ပြီးဆုံးရာဝယ်၃၊ မြဲစွာယူလျှင်း မစွန့်ခြင်းဟု၄၊ ကြောင်းရင်းလေးတန် အင်ညီပြန်၊ သင့်ရန် ဒုဗ္ဗစ။

* ၁၃။ ကုလဒူသက

အမျိုးလေးပါးတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတတ်သော ယုတ်မာသော အကျင့်ရှိသော အကြင်ရဟန်းသည် တစ်ခုသော မြို့, ရွာ, နိဂုံးကို အမှီပြု၍ နေ၏၊ ထိုရဟန်း၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ ထိုရဟန်းသည် ဖျက်ဆီးအပ်ကုန်သော အမျိုးတို့ကိုလည်း မြင်လည်းမြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ ထို့ကြောင့် ထိုရဟန်းကို အခြားရဟန်းတို့က “အရှင်သည် အမျိုးတို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ရှိ၏၊ အရှင်၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အရှင်သည် ဖျက်ဆီးအပ်ကုန် သော အမျိုးတို့ကိုလည်း မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန် ၏၊ အရှင်သည် ဤကျောင်းမှ ဖဲလေလော့၊ အရှင်သည် ဤကျောင်း၌ နေခြင်းဖြင့် အကျိုးမရှိ”ဟု ဆိုရာ၏၊ ဤသို့ ဆိုအပ်သည်ရှိသော် အခြားရဟန်းတို့ကို ထိုရဟန်းက “သင်တို့သည် ချစ်သောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ မုန်းသောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ တွေဝေ သောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ ကြောက်သောအားဖြင့် မလားအပ်သည်သို့လည်း လားကုန်၏၊ ထိုသို့ သဘောရှိသော အာပတ်ဖြင့် အချို့သော ရဟန်းကို နှင်ထုတ်ကုန်၏၊ အချို့သော ရဟန်းကို မနှင်ထုတ်ကုန်”ဟု ဆိုငြားအံ့။ ထိုရဟန်းကို အခြားရဟန်းတို့က “အရှင်သည် ဤသို့ မဆိုလင့်၊ ဘုရားတပည့်တော်တို့သည် ချစ်သောအားဖြင့် မလားအပ်သည်သို့လည်း မလား ကုန်၊ မုန်းသောအားဖြင့် မလားအပ်သည်သို့လည်း မလားကုန်၊ တွေဝေသော အားဖြင့် မလားအပ်သည်သို့လည်း မလားကုန်၊ ကြောက်သောအားဖြင့် မလား အပ်သည်သို့လည်း မလားကုန်။ အရှင်သည်သာလျှင် အမျိုးတို့ကို ဖျက်ဆီး တတ်၏၊ ယုတ်မာသော အကျင့်ရှိ၏၊ အရှင်၏ ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အရှင်သည် ဖျက်ဆီး အပ်ကုန်သော အမျိုးတို့ကိုလည်း မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အရှင်သည် ဤကျောင်းမှ ဖဲလေလော့၊ အရှင်သည် ဤ ကျောင်း၌ နေခြင်းဖြင့် အကျိုးမရှိ”ဟု ပြောဆိုရမည်။ နှစ်ကြိမ်မြောက်လည်း ပြောဆိုရမည်။ သုံးကြိမ်မြောက်လည်း ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ [ကြားလျက် မပြောဆိုကုန်ငြားအံ၊ ဒုက္ကဋ်အာပတ်သင့်၏၊] ထိုရဟန်းကို သံဃာ့အလယ်သို့လည်း ခေါ်ဆောင်၍ အထက်၌ ဆိုခဲ့သည့် အတိုင်း သုံးကြိမ်မြောက်အောင် ထပ်မံ၍ ပြောဆိုရမည်။ အကယ်၍ ထိုအယူကို စွန့်ငြားအံ့၊ ထိုသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍ မစွန့်ငြားအံ့၊ ထို ရဟန်းအား ဒုက္ကဋ်အာပတ်သင့်ပြန်၏၊ ထို့နောက် သံဃာတော်က ထိုရဟန်း အား ထိုအယူကို စွန့်စေခြင်းငှာ သမနုဘာသနကံဖြင့် ဆိုဆုံးမအပ်၏၊ ဤသို့ ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်လျှင် ကောင်း၏၊ မစွန့်လျှင်ကား သုံးကြိမ်မြောက်သော ကမ္မဝါစာ၏ အဆုံး၌ ထိုရဟန်းအား ကုလဒူသက သံဃာဒိသေသ်အာပတ်သင့်၏၊ [အမျိုးလေးပါးကား မင်းမျိုး၊ ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ သူဆင်းရဲမျိုးတို့တည်း။]

ကုလဒူသန ၈-ပါးကို ကျူးလွန်သော ရဟန်းကို ‘ကုလဒူသကရဟန်း’ဟု ခေါ်၏၊ ထိုကုလဒူသနအမှုကြောင့် ရသော ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး စသော ဝတ္ထုပစ္စည်းတို့ကို ထိုကုလဒူသကရဟန်းနှင့် တကွ သီတင်းသုံးဖော် ငါးဦးလုံးပင် မသုံးစွဲကောင်း, သုံးစွဲသူတိုင်း ဒုက္ကဋ်အာပတ်သင့်၏၊ [ကုလဒူသန ၈-ပါးကို နောက်ဆက်တွဲ ‘အကပ္ပိယပစ္စည်းမျိုး’ အခန်း၌ ရှု။] ကုလဒူသနအာပတ် အခန်းကိုလည်း ဆက်၍ ဖတ်။

ယခုကာလ၌ကား သစ်သီးပေးခြင်း, ပန်းပေးခြင်း စသော ကုလဒူသနအမှု ကြောင့် ဒုက္ကဋ်အာပတ်သာလျှင် သင့်၏၊ အကြောင်းကား ဝိနည်းတော်အတိုင်း အရေးယူ၍ ဆိုဆုံးမခြင်း မရှိသဖြင့် သံဃာဒိသေသ်အာပတ် မသင့်နိုင်သော ကြောင့်တည်း။

မှတ်ချက်။ ။ ကျောင်းမှ ထွက်ခွာသွားရန် ပြုသော ကံကို ပဗ္ဗာဇနိယကံ ဟု ခေါ်၏၊ ကျောင်းမှ ထွက်ခွာသွားရန် ပြောလျှင်ပြောချင်း နားထောင်၍ ထိုကျောင်း၌ မနေတော့ဘဲ တစ်ခါတည်း ထွက်သွားလျှင် ပဗ္ဗာဇနိယကံကို ပြုဖွယ်မလို။ ကုလဒူသနအမှုကြောင့် သင့်မိသော ဒုက္ကဋ်အာပတ်ကို ဒေသနာ ပြော၍ အခြားတစ်ရပ်မှာ ကောင်းစွာနေလျှင် စင်ကြယ်၏၊

ပဗ္ဗာဇနိယကံပြုပုံနှင့် သမနုဘာသနကံပြုပုံတို့ကို ပါရာဇိကဏ်ပါဠိတော် (မြန်မာပြန်) အပိုဒ်-၄၃၄ နှင့် ၄၃၈-အသီးအသီးတို့၌ ရှု။

ပြုလိုက ပြုရာသော ပဗ္ဗာဇနိယကံ တစ်ဆယ့်လေးပါး, ကျင့်ဝတ် တစ်ဆယ့် ရှစ်ပါးနှင့် ထိုကံငြိမ်းပုံကို စူဠဝဂ်ပါဠိတော် (မြန်မာပြန်) ကမ္မက္ခန္ဓက အပိုဒ် ၂၇၊ ၂၈ နှင့် ၃၂ အသီးအသီးတို့၌ ရှု။

လမ်းမှန်အတိုင်း မဆုံးဖြတ်ဘဲ ချစ်သူဘက် ပင်း၍ ဆုံးဖြတ်လျှင် ဆန္ဒာဂတိ လိုက်သည် မည်၏၊ မုန်းသူဘက်ကို နှိမ်၍ ဆုံးဖြတ်လျှင် ဒေါသာဂတိ လိုက် သည် မည်၏၊ ဘယ်လို ဆုံးဖြတ်ရမှန်း မသိဘဲ အရမ်းဆုံးဖြတ်လျှင် မောဟာဂတိ လိုက်သည် မည်၏၊ ကြောက်သဖြင့် မတရားဆုံးဖြတ်လျှင် ဘယာဂတိ လိုက်သည် မည်၏၊

အင်္ဂါ-၄။ ။ ဆန္ဒာဂတိ၊ လိုက်ကြ၏ဟု၊ စသည်ပြောမှု၁၊ သမနုဘာသနံ ဓမ္မကံ တည်း၂၊ ကမ္မဝါစာ ပြီးဆုံးရာဝယ်၃၊ မြဲစွာယူလျှင်း မစွန့်ခြင်းဟု၄၊ ကြောင်းရင်း လေးတန် အင်ညီပြန်၊ သင့်ရန် ဒူသန။

အရှင်တို့, တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသေသ် အမည်ရှိကုန်သော အာပတ်တို့ကို သရုပ်အားဖြင့် ပြအပ်ကုန်ပြီးသည်သာတည်း။ ရှေ့ကိုးပါးကုန်သော သံဃာဒိသေသ်အာပတ်တို့သည် လွန်ကျူးလျှင် လွန်ကျူးချင်းခဏ၌ အာပတ်သို့ရောက်ခြင်း ရှိကုန်၏၊ နောက်လေးပါးကုန်သော သံဃာဒိသေသ် အာပတ်တို့သည် သုံးကြိမ်မြောက်သော ကမ္မဝါစာ၏အဆုံး၌ အာပတ်သို့ ရောက် ခြင်းရှိကုန်၏၊ အကြင် တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသေသ်အာပတ် တို့တွင် တစ်ပါးပါးသို့ ရောက်သောရဟန်းသည် အကြင်မျှလောက်သော ရက်တို့ ပတ်လုံး သိလျက် ဖုံးလွှမ်းငြားအံ့၊ ထိုမျှလောက်သော ရက်တို့ပတ်လုံး ထိုရဟန်း သည် အလိုမရှိဘဲလည်း ပရိဝါသ်နေအပ်၏၊ ပရိဝါသ် နေပြီးနောက် အခြား ရဟန်းတို့၏ နှစ်သက်မြတ်နိုးခြင်းကို ရခြင်းငှာ ခြောက်ညဉ့်ပတ်လုံး မာနတ်ကျင့် အပ်၏၊ မာနတ်ကျင့်ပြီးနောက် ဘိက္ခု (ရဟန်း) သံဃာနှစ်ကျိပ် အရေအတွက် ရှိသော သိမ်၌ ထိုရဟန်းကို အဗ္ဘာန်သွင်းအပ်၏၊ နှစ်ကျိပ် မပြည့်ဘဲ တစ်ပါးဖြင့် လည်း ယုတ်လျော့၍ တစ်ကျိပ်ကိုးပါး အရေအတွက်ရှိသော ရဟန်းအပေါင်း သည် ထိုရဟန်းကို အကယ်၍ အဗ္ဘာန်သွင်းငြားအံ့၊ ထိုရဟန်းသည်လည်း အဗ္ဘာန်သွင်းအပ်သည် မမည်။ ထိုရဟန်းတို့အားလည်း ဒုက္ကဋ်အာပတ်သင့် ကုန်၏၊ ဤပြဆိုခဲ့ပြီးသော ညွှန်ကြားချက်ကား ထိုသံဃာဒိသေသ်အာပတ် သင့်ရာ၌ ကျင့်ရာသော ဝတ်တည်း။ (ဝါ) လောကုတ္တရာတရားအား လျော်သော ကျင့်ဝတ်တည်း။ ထိုတစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသေသ်အာပတ်တို့၌ အရှင်တို့ကို ဘုရားတပည့်တော် မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ်ကြပါ ကုန်၏လော။ နှစ်ကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ်မှ စင်ကြယ် ကြပါကုန်၏လော။ သုံးကြိမ်မြောက်လည်း မေးပါ၏၊ အသို့နည်း၊ အာပတ် မှ စင်ကြယ်ကြပါကုန်၏လော။ အရှင်တို့သည် အာပတ်မှ စင်ကြယ်ကြကုန်သော ကြောင့်သာလျှင် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေကြကုန်သဖြင့် ဤအာပတ်မှ စင်ကြယ်ကြကုန်၏ဟူ၍ သိမှတ် ရ၏၊

သံဃာဒိသေသ်ကို သရုပ်အားဖြင့် ပြခြင်းသည် ပြီးခြင်းသို့ ရောက်ပြီ။