သမ္ဗဟုလသီလာဒိသမ္ပန္နဘိက္ခုဝတ္ထု
ဓမ္မဋ္ဌဝဂ်
၁၀။ သီလစသည်နှင့် ပြည့်စုံသော များစွာသော ရဟန်းတို့ဝတ္ထု
န သီလဗ္ဗတမတ္တေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် များစွာကုန်သော သီလစသည်နှင့် ပြည့်စုံကြကုန်သော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အာသဝေါမကုန်သေးသမျှ မချမ်းသာသေး
ထိုရဟန်းတို့တွင် အချို့သော ရဟန်းတို့အား “ငါတို့သည် ပြည့်စုံသော သီလရှိကြကုန်၏၊ ငါတို့သည် ဓုတင်ဆောင်တို့ ဖြစ်ကြကုန်၏၊ ငါတို့သည် များသော အကြားအမြင် ဗဟုသုတ ရှိကြကုန်၏၊ ငါတို့သည် ဆိတ်ငြိမ်သော ကျောင်း၌ နေလေ့ရှိကြကုန်၏၊ ငါတို့သည် ဈာန်ရပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်၏၊ ငါတို့အား အရဟတ္တဖိုလ်သည် ရနိုင်ခဲမည်မဟုတ်၊ အလိုရှိအပ်သော နေ့၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်နိုင်ကြကုန်လတ္တံ့”ဟု ဤသို့သော အကြံအစည်သည် ဖြစ်လေ၏။ ထိုရဟန်းတို့တွင် အကြင်ရဟန်းတို့သည် အနာဂါမ်ပုဂ္ဂိုလ်တို့ ဖြစ်ကြကုန်၏၊ ထိုအနာဂါမ်ပုဂ္ဂိုလ်ဖြစ်သော ရဟန်းတို့အားလည်း “ငါတို့အား ယခုအခါ အရဟတ္တဖိုလ်သည် ရခြင်းငှာ ခဲယဉ်းတော့မည်မဟုတ်”ဟု ဤသို့သော အကြံသည် ဖြစ်လေ၏၊ ထိုအလုံးစုံသော ရဟန်းတို့သည်လည်း တစ်နေ့သ၌ မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးကာ နေကြကုန်သည်ဖြစ်၍ “ချစ်သားရဟန်းတို့- သင်တို့အား ရဟန်းကိစ္စသည် စင်စစ် အပြီးအဆုံးသို့ ရောက်ပြီလော”ဟု မြတ်စွာဘုရားသည် မေးတော်မူအပ်ကုန်သည်ရှိသော် ရဟန်းတို့သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် “ဤသို့သဘောရှိသော ရဟန်း, ဤသို့သဘောရှိသော ရဟန်းတို့ ဖြစ်ကြပါကုန်၏၊ ထို့ကြောင့် အလိုရှိအပ်, အလိုရှိအပ်သော ခဏ၌သာလျှင် အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှာ စွမ်းနိုင်ကြကုန်၏”ဟု ကြံစည်လျက် နေကြပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။
မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားတော်မူရလျှင် “ချစ်သားရဟန်းတို့ -ရဟန်းမည်သည်ကား ထက်ဝန်းကျင် စင်ကြယ်သော စတုပါရိသုဒ္ဓိသီလရှိသောသူ စသည် ဖြစ်ကာမျှဖြင့်လည်းကောင်း၊ အနာဂါမိဖိုလ်တည်း ဟူသော ချမ်းသာသို့ ရောက်ကာမျှဖြင့်လည်းကောင်း ငါတို့အား ဝဋ်ဘဝ၌ဖြစ်သော ဆင်းရဲသည် နည်းပါးပြီဟု ပြောဆိုခြင်းငှာ မသင့်၊ အာသဝေါကုန်ခြင်းသို့ မရောက်ရသေးမူ ငါသည် ချမ်းသာခြင်းသို့ ရောက်သောသူ ဖြစ်ပြီဟူ၍ စိတ်ကို မဖြစ်စေအပ်”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
အထဝါ သမာဓိလာဘေန၊ ဝိဝိတ္တသယနေန ဝါ။
[၂၇၂] ဖုသာမိ နေက္ခမ္မသုခံ၊ အပုထုဇ္ဇနသေဝိတံ။
ဘိက္ခု ဝိဿာသမာပါဒိ၊ အပ္ပတ္တော အာသဝက္ခယံ။
ဘိက္ခု၊ ချစ်သားရဟန်း။ (ထိုရဟန်းအများတို့တွင် တစ်ပါးပါးကို ခေါ်လိုသဖြင့် ဧကဝုစ်စကား မိန့်တော်မူသည်)။ သီလဗ္ဗတမတ္တေန ဝါ၊ သီလလေးပါး, ဓုတင်အကျင့် တစ်ဆယ့်သုံးပါးမျှဖြင့်လည်းကောင်း။ ဗာဟုသစ္စေနဝါ၊ ပိဋကတ်သုံးပုံကို သင်ယူနိုင်ခြင်းဖြင့်လည်းကောင်း။ သမာဓိလာဘေန ဝါ၊ ရှစ်ပါးသော သမာပတ်ကို ရခြင်းဖြင့်လည်းကောင်း။ ဝိဝိတ္တသယနေန ဝါ၊ ဆိတ်ငြိမ်ရာ တောကျောင်း၌ နေခြင်းဖြင့်လည်းကောင်း။ (ပန-အထဝါတို့ကို ချန်လိုက်သည်။)
အပုထုဇ္ဇနသေဝိတံ၊ ပုထုဇဉ်တို့သည် မမှီဝဲအပ်သော။ ဝါ၊ အရိယာတို့သာ မှီဝဲအပ်သော။ နေက္ခမ္မသုခံ၊ အနာဂါမိဖိုလ်ချမ်းသာသို့။ ဖုသာမိ၊ ရောက်၏။ ဣတိ ဧတ္တကမတ္တေန ဝါ၊ ဤသို့ အနာဂါမိဖိုလ်ချမ်းသာကို ရခြင်းမျှဖြင့်လည်းကောင်း။ ဘိက္ခု၊ ချစ်သားရဟန်း။ အာသဝက္ခယံ၊ အရဟတ္တဖိုလ်ချမ်းသာသို့။ အပ္ပတ္တော၊ မရောက်ရသေးမူ။ ဝိဿာသံ၊ ဘဝ၌ ချစ်ကျွမ်းဝင်ခြင်းသို့။ န အာပါဒိ၊ မရောက်စေလင့်။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ ထိုများစွာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏၊ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။