မာတိကာသို့ ခုန်သွားရန်

သမ္မဇ္ဇနတ္ထေရဝတ္ထု

ဝီကီရင်းမြစ် မှ
3655ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၅။ သမ္မဇ္ဇနတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

လောကဝဂ်

၅။ သမ္မဇ္ဇနမထေရ်ဝတ္ထု

ယော စ ပုဗ္ဗေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တံမြက်လှည်းလေ့ရှိသောကြောင့် သမ္မဇ္ဇနမည်သော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တရားအားမထုတ်ဘဲ တံမြက်လှည်းလေ့ရှိခြင်း

ထိုသမ္မဇ္ဇနမထေရ်သည် နံနက်၌သော်လည်းကောင်း၊ ညချမ်း၌သော်လည်းကောင်း၊ ကာလကိုလည်းကောင်း၊ အတိုင်းအရှည်ကိုလည်းကောင်း မပြုမူ၍ အစဉ်မပြတ် တံမြက်လှည်းလျက်သာလျှင် လှည့်လည်သတတ်။ ထိုသမ္မဇ္ဇနမထေရ်သည် တစ်နေ့သ၌ တံမြက်ဆုပ်ကိုကိုင်ယူလျက် နေ့သန့်ရာအရပ်၌နေသော ရေဝတမထေရ်၏အထံသို့သွား၍ “ဤမထေရ်ကား အလွန်ပျင်းရိဘိ၏။ လူအပေါင်း၏ သဒ္ဓါ၍လှူအပ်သော ဆွမ်းကိုစား၍ လာပြီးလျှင် ထိုင်နေဘိ၏။ ထိုမထေရ်အား တံမြက်ဆုပ်ကို ကိုင်ယူလျက် တစ်ခုသောအရပ်ကို တံမြက်လှည်းခြင်းငှာ မသင့်သလော”ဟု ဆိုလေ၏။ ရေဝတမထေရ်သည် “သမ္မဇ္ဇနမထေရ်အား အဆုံးအမကို ပေးဦးအံ့”ဟုကြံ၍ “ငါ့ရှင်- လာလှည့်ပါဦးလော့”ဟု ဆိုလတ်သော် “အရှင်ဘုရား- အဘယ်ပါနည်းဘုရား”ဟု မေးလေ၏။ “ငါ့ရှင်- သွားလေဦး၊ ရေချိုးပြီးမှ လာလှည့်ပါဦးလော့”ဟု ဆိုလတ်သော် ထိုသမ္မဇ္ဇမထေရ်သည် ရေဝတမထေရ်ဆိုတိုင်း ပြုလေ၏။ ထိုအခါ သမ္မဇ္ဇနမထေရ်ကို ရေဝတမထေရ်သည် တင့်အပ်လျောက်ပတ်သော အရပ်၌ နေစေပြီးလျှင် ဆုံးမလိုရကား “ငါ့ရှင်- ရဟန်းမည်သည်ကား အခါခပ်သိမ်း တံမြက်လှည်းသဖြင့် လှည့်လည်ခြင်းငှာမသင့်၊ နံနက်စောစော၌သာလျှင် တံမြက်လှည်း၍ ဆွမ်းအလို့ငှာ လှည့်လည်ပြီးလျှင် ဆွမ်းခံရွာမှဖဲသဖြင့် ပြန်လာ၍ ညဉ့်သန့်ရာအရပ်၌လည်းကောင်း၊ နေ့သန့်ရာအရပ်၌လည်းကောင်း နေလျက် သုံးဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဒွတ္တိံသာကာရကမ္မဋ္ဌာန်းကို သရဇ္ဈာယ်သဖြင့် အတ္တဘော၌ ကုန်ခြင်း,ပျက်ခြင်းကို ထင်ထင်ရှားရှား ဖြစ်စေပြီးမှ ညချမ်းသောအခါ ထ၍ တံမြက်လှည်းခြင်းငှာ သင့်လျော်ပေ၏။ အခါခပ်သိမ်း တံမြက်မလှည်းတဲ့မူ၍ မိမိ စီးဖြန်းခြင်း အခွင့်မည်သည်ကိုလည်း ပြုအပ်၏”ဟု ဆုံးမစကား မိန့်ကြားတော်မူလေ၏။

ထိုသမ္မဇ္ဇနမထေရ်သည် ထိုအရှင်ရေဝတ မထေရ်၏ အဆုံးအမ၌တည်၍ မကြာမြင့်မီသာလျှင် အရဟတ္တဖိုလ်သို့ရောက်လေ၏။ ထိုထိုအရပ်သည် အမှိုက်များခဲ့လေ၏။ ထိုအခါ သမ္မဇ္ဇနမထေရ်ကို ရဟန်းတို့သည် “ငါ့ရှင်သမ္မဇ္ဇနမထေရ်- ထိုထိုအရပ်သည် အမှိုက်များခဲ့၏။ အဘယ့်ကြောင့် တံမြက်မလှည်းသနည်း”ဟု ဆိုကြလေကုန်၏။ “အရှင်ဘုရားတို့- တံပည့်တော်သည် မေ့လျော့သောကာလ၌ ဤသို့ တံမြက်လှည်းခြင်းအမှုကို ပြုမိ၏။ ယခုအခါ မမေ့မလျော့သောသူ ဖြစ်ပါပြီ”ဟု ဆိုလတ်သော် ရဟန်းတို့သည် “ဤမထေရ်ကား အရဟတ္တဖိုလ်ကို ပြောကြားဘိ၏”ဟု မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ငါ့သားသမ္မဇ္ဇန မထေရ်သည် ရှေးအခါ မေ့လျော့သောကာလ၌ တံမြက်လှည်းလျက် လှည့်လည်သည် မှန်ပေ၏။ယခုအခါ၌ကား အရဟတ္တမဂ် အရဟတ္တဖိုလ် ချမ်းသာဖြင့် ကာလကိုလွန်စေသောကြောင့် တံမြက်မလှည်းပေ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၇၂] ယောစ ပုဗ္ဗေ ပမဇ္ဇိတွာ၊ ပစ္ဆာ သော န ပမဇ္ဇတိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုဗ္ဗေ၊ ရှေး၌သာလျှင်။ ပမဇ္ဇိတွာ၊ ဝတ်ပြုကာ သရဇ္ဈာယ်ကာဖြင့် မေ့လျော့၍။ ပစ္ဆာ၊ နောက်မှ။ သော၊ ထိုပုဂ္ဂိုလ်သည်။ န ပမဇ္ဇတိ၊ မဂ်ဖိုလ် ချမ်းသာဖြင့် အချိန်လွန်စေလျက် မမေ့မလျော့။ သော၊ ထိုပုဂ္ဂိုလ်သည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ လွတ်သော။ စန္ဒိမာဝ၊ သြကာသလောကကို ထွန်းလင်းစေသော လမင်းကဲ့သို့။ ဣမံ လောကံ၊ ဤခန္ဓာစသော လောကကို။ ပဘာသေတိ၊ ထွန်းလင်းစေ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

သမ္မဇ္ဇနမထေရ်ဝတ္ထုပြီး၏။