သမ္မဇ္ဇနတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၃-လောကဝဂ်။ ၅-သမ္မဇ္ဇနတ္ထေရဝတ္ထု
၁၇၂။ ယော စ ပုဗ္ဗေ ပမဇ္ဇိတွာ၊ ပစ္ဆာ သော နပ္ပမဇ္ဇတိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရေဝတမထေရ်၏ ဩဝါဒအတိုင်း နံနက်တံမြက်လှည်း ဆွမ်းခံ ဆွမ်းစားပြီး တရားအားထုတ် ညနေတံမြက်လှည်းသောအခါ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်သော သမ္မဇ္ဇနထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသောရဟန်းတို့ သောတာပန်စသည်ဖြစ်ကြသည်။
အနက်
ယော၊ အကြင်သူသည်။ ပုဗ္ဗေ၊ ရှေးငယ်ရွယ်စဉ်အခါ၌။ ပမဇ္ဇိတွာ၊ ဝတ်အကျင့်ပြုခြင်း, စာပေကျမ်းဂန် သရဇ္ဈာယ်ခြင်းဖြင့် မေ့လျော့၍။ ပစ္ဆာ၊ ကြီးပြင်းသော နောက်အခါ၌။ နပ္ပမဇ္ဇတိ၊ မဂ်ဖိုလ် ချမ်းသာဖြင့် အချိန်ကုန်စေ၍ မမေ့မလျော့။ သော၊ ထိုမမေ့မလျော့သောသူသည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ လွတ်သော။ စန္ဒိမာဣဝ၊ လကဲ့သို့။ ဣမံ လောကံ၊ ဤဩကာသလောကကို။ မဂ္ဂဉာဏေန၊ မဂ်ဉာဏ်ရောင်ဖြင့်။ ပဘာသေတိ၊ ထွန်းလင်း တောက်ပစေ၏။
စကားပြေ
ငယ်ရွယ်စဉ်က ဝတ်အကျင့်ပြုခြင်း ကျမ်းဂန်သင်ကြား ပို့ချခြင်းတို့ဖြင့် မေ့လျော့သော်လည်း ကြီးပြင်းလာသောအခါ မဂ်ဖိုလ် ချမ်းသာဖြင့် ကုန်လွန်စေ၍ မမေ့မလျော့သူသည် တိမ်တိုက်မှလွတ်သော လမင်းကဲ့သို့ ဩကာသလောကကို မဂ်ဉာဏ်ရောင်ဖြင့် ထွန်းလင်းတောက်ပစေ၏။
ပမဇ္ဇိတွာ— ဝတ်ကြီးဝတ်ငယ်ကိုပြုခြင်းဖြင့် လည်းကောင်း၊ စာပေကျမ်းဂန်ကို သင်အံပို့ချခြင်းဖြင့် လည်းကောင်း၊ မေ့လျော့ခြင်းကို ပမဇ္ဇိက္ခာဟု ဆိုပါသည်။
နပ္ပမဇ္ဇတိ— မဂ်ဖိုလ်ချမ်းသာဖြင့် အချိန်ကို ကုန်စေသော ပုဂ္ဂိုလ်သည် နပ္ပမဇ္ဇတိမည်၏။
လောကံ— ဩကာသလောကရ၏။ (တနည်း) ခန္ဓာစသောလောကရ၏။
လောကံ ပဘာသေတိ— တိမ်တိုက်စသည်တို့မှ လွတ်သောလသည် ဩကာသလောကကို ထွန်းလင်းစေသကဲ့သို့ အရိယာပုဂ္ဂိုလ်သည် မဂ်ဉာဏ်ဖြင့် ခန္ဓာစသော လောကကို ထွန်းလင်းစေ၏။
တံမြက်လှည်းခြင်းဖြင့် အချိန်မကုန်စေသင့်— ရဟန်းတော်များသည် တံမြက်စည်းလှည်းခြင်းဖြင့်သာ အချိန်မကုန်သင့်။ နံနက်ပိုင်း ညနေပိုင်းမှသာ တံမြက်စည်းလှည်းပြီး ကျန်အချိန်များမှာ တရားကိုသာ ကြိုးစား အားထုတ်သင့်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၉။)
ပါဠိသဒ္ဒါခက်ဆစ်
အဗ္ဘာ = အာပံ ဘရတီတိ အဗ္ဘံ၊ အာပ + ဘရ် + ကွိ၊ (ပကို ဗ ပြု)။
စန္ဒိမာ = စန္ဒ + မာ + အ။ (အကို ဣ ပြု)။
သမ္မဇ္ဇနတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၃-လောကဝဂ်
၅-သမ္မဇ္ဇနတ္ထေရဝတ္ထုပါဠိဂါထာ
သော’မံ လောကံ ပဘာသေတိ, အဗ္ဘာ မုတ္တောဝ စန္ဒိမာ။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုဗ္ဗေ၊ ရှေး၌။ ပမဇ္ဇိတွာ၊ မေ့လျော့ပြီး၍။ ပစ္ဆာ စ၊ နောက်၌ကား။၂ နပ္ပမဇ္ဇတိ၊ မမေ့လျော့။ သော၊ ထိုပုဂ္ဂိုလ်သည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ ဝါ၊ ဆီးနှင်းမြူတိမ်, သူရိန်မီးခိုး, ညစ်မျိုးငါးဝမှ။၁ မုတ္တော၊ လွတ်သော။ စန္ဒိမာ၊ လသည်။ လောကံ၊ ဩကာသလောကကို။ ပဘာသေတိ ဣဝ၊ ထွန်းလင်းတောက်ပစေသကဲ့သို့။ (ဧဝံ၊ တူ။) ဣမံ လောကံ၊ ဤခန္ဓာစသော လောကကို။ (မဂ္ဂဉာဏေန၊ မဂ်ဉာဏ်ဖြင့်။) ပဘာသေတိ၊ ထွန်းလင်းတောက်ပစေ၏။ (ပါ-၁၇၂)
၂။ ပစ္ဆာ သော။ ။ “သောတိ စ နိပါတမတ္တံ(ထေရ၊ဋ္ဌ၊၁၊၄၄၃)”နှင့်အညီ သောကို အနက်မဲ့ယူ၍ ပေးသည်၊ အနက်ရှိကြံမူ “ယော-သည်၊ ပုဗ္ဗေ-၌၊ ပမဇ္ဇိတွာ-၍၊ ပစ္ဆာ စ-၌ကား၊ န ပမဇ္ဇတိ၊ သော-ထိုပုဂ္ဂိုလ်သည်၊ (အတ္ထိ-၏၊) သော-သည်၊ ပေ ၊ ပဘာသေတိ-၏”ဟု ပေး။
မဏိ၊ဋီ၊၁၊၆။ ။ ထို၌ တွာပစ္စယန္တပုဒ်ကို ပစ္စုပ္ပန်အနက်, အတိတ်အနက်ဟု ၂မျိုးဆို၏၊ ထိုအလို သောကို ယော၏နိယမကြံ၍ “ယော-သည်၊ ပုဗ္ဗေ-၌၊ ပမဇ္ဇိတွာ-မေ့လျော့၏၊ ပမဇ္ဇိတွာ- ၍၊ ပစ္ဆာ စ-၌ကား၊ န ပမဇ္ဇတိ၊ သော-ထိုပုဂ္ဂိုလ်သည်၊ (အတ္ထိ-၏၊) သော-သည်၊ ၊ပေ၊ ပဘာသေတိ-၏”ဟု ပေး။
ဆရာတို့အလို။ ။ ဆရာတို့ကား တွာပစ္စယန္တပုဒ်ကို အတိတ်အနက်ယူ၍ “ပမဇ္ဇတိ”ဟု ပစ္စုပ္ပန်ကြိယာထည့်၏၊ ထိုအလို “ယော-သည်၊ ပေ ၊ ပုဗ္ဗေ-၌၊ (ပမဇ္ဇတိ-မေ့လျော့၏၊) သောသည်၊ ပမဇ္ဇိတွာ-၍၊ ပစ္ဆာ စ-၌ကား၊ န ပမဇ္ဇတိ၊ သော-သည်၊ ပေ ၊ ပဘာသေတိ-၏”ဟု ပေး။
ဖလူပစာရ။ ။ အောက်အကြေမှာ ရေတိုးသည်ကိုမြင်လျှင် အထက်အညာတွင် မိုးရွာ ကြောင်းကို သိရသကဲ့သို့ အတိတ်မေ့လျော့မှုကိုမြင်လျှင် ပစ္စုပ္ပန်မေ့လျော့မှုကို သိနိုင်သော ဖလူပစာရသာမတ္ထိယ, ဖလာနုမာနနည်းအရ ပစ္စုပ္ပန်ကြိယာထည့်ပေးခြင်း ဖြစ်သည်။ [ဖလူပစာရ- သာမတ္ထိယ-အကျိုးနာမည်က အကြောင်းကို ပြစွမ်းနိုင်သောသတ္တိ၊ ဖလာနုမာန-အကျိုးကို အစဉ် လိုက်၍ အကြောင်းကို သိရသောနည်း၊-သင်္ဂြိုဟ်ဘာ-၅။]
သမ္မဇ္ဇနတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။