သိမ်မျိုးစုံမဟာဋီကာ/ဇာတဿရ၌ နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်မှ အပ်သည်ဆိုရာ
ယင်း ဇာတဿရသည် အချို့သော ဆရာတော်ကြီးတို့က နှစ်ကျိပ်တစ်ယောက် စည်းဝေးလောက်အောင် ကျယ်ဝန်းမှ ဥဒကုက္ခေပသိမ်၏ တည်ရာဖြစ်သည်ဟု ယူတော်မူကြ၏။
“အတိခုဒ္ဒကာ နာမ ယတ္ထ ဧကဝီသတိ ဘိက္ခူ နိသီဒိတုံ န သက္ကောန္တိ”ဟူသော (ကင်္ခါအဋ္ဌကထာ၊ ၈၇။ ဝိနယသင်္ဂဟ၊ ၁၇၈။)
အတိခုဒ္ဒကသီမာ နာမ ယာ ဧကဝီသတိ ဘိက္ခူ န ဂဏှာတိ ဟူသော (ပရိဝါ အဋ္ဌကထာ။ ၂၄၈။) တို့ကို သာဓက မူကြ၏
ထို စကားသည် ဗဒ္ဓသိမ်၌သာလာသည်၊ အဗဒ္ဓသိမ်၌ မလာ သောကြောင့် သာဓက သာဓျ-မတန်။ ထိုကြောင့် ဇာတဿရသိမ်၌ ဤစကားကို မမှတ်အပ်။ ဇာတဿရသိမ်မှာ တစ်ပါးတည်းနေထိုင် လောက်သော်လည်းကောင်း၊ မနေထိုင်လောက်၍ ခြေတစ်ချောင်းသာ ထားလောက်သော်လည်းကောင်း အဓိဋ္ဌာန်ဥပုသ်အားလျော်သည်နှင့် အပ်ရာသတည်း၊ ထိုစကားမှန်၏။ ဇာတသရသိမ်မှာ အကျဥ်း အကျယ်ပမာဏ ကျမ်းဂန်မလာ။ ဗဒ္ဓသိမ်၌သာလာ၍ ဇာတဿရသိမ်၌ မလာသော်လည်း ၎င်းပမာဏသည် ယင်းဇာတဿရမှာလည်း သိသင့်ပါ၏ဆိုငြားအံ့၊ အလေးပြု၍ ဆိုသင့်သော အရာဖြစ်၍ ယင်းသို့သောအိုင် မအပ်ဟု အဋ္ဌကထာဆရာ မိန့်ဆိုရာသတည်း။ မိန့်ဆိုလည်း မမိန့်ဆိုခဲ့။
ထိုကြောင့် (၂၁) ယောက် မစည်းဝေးလောက်သော်လည်း ဇာတဿရအိုင်မှာ အပ်သတည်းဟု ပုံသေမှတ်အပ်၏။ ဤသို့ပင် ငါတို့ ကျေးဇူးတော်ရှင် စလင်းဆရာတော် ဘုရားကြီးနှင့် မိုင်းခိုင်းဆရာတော်ဘုရားကြီးတို့သည် စံကျောင်းဆရာတော်ဘုရားကြီး အမိန့်ရှိတော်မူဖူးကြောင်း၊ သင့်မြတ်ကြောင်း မိန့်တော်မူကြသတည်း။
ဇာတဿရ သီမဋီကာ သမတ္တာ။