မာတိကာသို့ ခုန်သွားရန်

သိမ်မျိုးစုံမဟာဋီကာ/ထပေတဝါ မဖတ်သင့်ကြောင်းဋီကာ

ဝီကီရင်းမြစ် မှ

     ယသ္မာ,တသ္မာစသည် ယသ္မိံ,တသ္မိံစသည်,သ္မာသ္မိံစသော ဝိဘတ်၊ သံယုဂ် စသည် နှောင်းရာ၌နောက်က သံယုဂ်ကို မငဲ့ပဲ ယသ္မာ တသ္မာ၊ တသ္မာ,တုဏှီ-စသည် ဖတ်သော အချို့ဆရာတော်ကြီး တွေ့ရ ကြားရဖူး၏။ နောက် မန္ဒဗုဒ္ဓိသမားကလေးတို့ကလည်း ၎င်းအတိုင်း အမှန်မှတ်၍ အတုလိုက်၍ ဖတ်သည်ကို ကြားရဖူး၏။

     ဂရုကန္တိ ဒီဃမေဝ, ယံ ဝါ အာယသ္မတော ဗုဒ္ဓရက္ခိတတ္ထေရဿ ယဿ နက္ခမတီတိ ဧဝံ သံယောဂပရံ ကတွာ ဝုစ္စတိ ဟူသော ပရိဝါ အဋ္ဌကထာကို ထောက်၍လည်းကောင်း၊

     ဒီဃော ဂရု အာ၊ ဤ၊ ဦ၊ ဘူ၊ ဓီ၊ မာ။ သယောဂပရော စ၊ ဝတွာဂန္တွာ၊ ယဿ နက္ခမတိ -ဟူသော သဒ္ဒနီတိကို ထောက်၍လည်းကောင်း၊ ပါရာဇိကဏ်အဋ္ဌကထာအစ ပဏာမ ပဉ္စမဂါထာ၌ -

     ယသ္မိံ ဌိတေ သာသနမဋ္ဌိတဿ။ ပတိဋ္ဌိတံ ဟောတိ သုသဏ္ဌိတဿ - ဟု ဣန္ဒဝဇိရာ၊ ဥပေန္ဒဝဇီရာရော၍ဖွဲ့အပ်သော ဥပဇာတိဂါထာ အဖြစ်ဖြင့် အဋ္ဌကထာရေးသောကြောင့် လည်းကောင်း၊အဋ္ဌမဂါထာစတုတ္ထ ပါဒ၌ - ဒီပန္တရေ ဘိက္ခုဇနဿ ယသ္မာဟု ဣန္ဒဝဇိရာဂါထာပါဒ၊ ယသ်သ္မာဟု ဖတ်ရန် ဂရုရေးသောကြောင့်လည်းကောင်း၊ နဝမဂါထာအစပါဒ၌ တသ္မာ ဣမံ ပါဠိနယာနုရူပံ -ဟု ဣန္ဒဝဇိရာဂါထာပါဒ အဖြစ်ဖြင့် ရေးသောကြောင့်လည်းကောင်း - ဤသို့စသည် ပါဠိအဋ္ဌကထာ ဋီကာ စသည် အရာမကသောကျမ်းတို့၌ ယသ္မာ၊ တသ္မာ၊ ကတွာ စသောပုဒ်တို့မှာ ဒီဃ ဂရုအဖြစ်ဖြင့်သာ ဟောတော်မူ ရေး တော်ရကား သတိသမ္မောသအားဖြင့် ရေးကြ ဖတ်ကြသည်သာတည်း။

     အက္ခရာဆင့်ပုံသည် ဝဂ်တူ အက္ခရာဆင့်၊ ဝဂ်မတူ အက္ခရာဆင့် နှစ်မျိုးရှိသတည်း။ ဝဂ်တူအက္ခရာဆင့်မှာ သတ္တာ - စသည်တည်း။ ဝဂ်မတူအက္ခရာဆင့်မှာ ယသ္မာ တသ္မာ -စသည်တည်း။ ဝဂ်တူအက္ခရာဆင့်မှာ အထက်စာလုံးသံ မထွက်စေရာ။ ဝဂ်မတူ အက္ခရာဆင့်မှာ အထက်စာလုံးအက္ခရာ အသံကို ထွက်စေရမည်။ မှီရာသရမှာမူ အောက်အက္ခရာ၏ မှီရာသရဟုယူ။ ထို့​ကြောင့် မှီရာအာသရသံကို အောက်အက္ခရာမှာသာ ထွက်စေရသတည်း။ တသ္မာ -ကို ဖတ်စမ်းအပ်၏။ ထိုကြောင့် အနုက္ကမာဂတံ ပဝေဏိံ အဝိနာသေန္တေန-စသည် ပရိဝါ အဋ္ဌကထာဆိုသတည်း။

     ကတွာ၊ ဥက္လာပေါ၊ စသည်တို့တည်း။ ငါတို့ လက်ထက်၌ ပညာရှိ တံခွန်ထူ ပုဂ္ဂိုလ်ကြီးများထံ တပည့်ဝတ်ငါးပါးဖြင့် ပြည့်စုံစွာ မနေရဖူးသော ပုဂ္ဂိုလ်တို့သည်များသောအားဖြင့် ပေါ့လျော့သည်များ၏။ သိမ်သမုတ်ပွဲ၊ ရဟန်းခံပွဲစသော ကံကြီးကံငယ်ပွဲဟူသမျှ၌ပင် ဝိသဇ္ဇနီသံ ဈေးကောင်းသည်ကို သိရသည်များ၏။ ထိုဝိသဇ္ဇနီသံများဖြင့် သရဏဂုံပေးလျှင် သရဏဂုံမမြောက် ရဟန်းခံလျှင်မဖြစ်ဟု ပညာရှိအကျော် ဆရာတော်ကြီးများ မိန့်သံကိုနားဆတ်ဆတ် ကြားရဖူး၏။ ထို ကြောင့် “ဘန်တေ”ကို “ဘန်းတေ” ၊ “အဟံ” ကို“အဟန်း” "သော ဘာသေယျ”ကို "သော ဘာသေးယျ” “ဧ၀မေတံ”ကို "ဧးဝမေတံ” စသည်ရွတ်မူ ကံပျက်၏ဟု ရှေးဆရာတော်ကြီးများ အယူရှိကြောင်းကို သိအပ်၏။

     ဤသို့ အစမှစ၍ ယခုဝါကျတိုင် ရေးသားလိုက်ရသည်ကား . အတ္တုက္ကံသနလည်း မရှိ၊ ပရ၀မ္ဘနလည်းမရှိ၊ ဤစာကို ရှေးဘုန်း ရှေးကံ ပါရမီသန်၍ ကြည့်ရှုရသူများမှာ ကျကျနန မှန်မှန်ကန်ကန် ထိထိမိမိ ရှေးဆရာတော်များ ယူပုံဆပုံ လုပ်ပုံ ကိုင်ပုံ စသည်ကို ကိုယ်တွေကဲ့သို့ နည်းနာနယပေါင်း အနန္တတွေ့ရ သိရအောင် ရေးသားအပ်သော ဋီကာစာတမ်းမျှသာ ဖြစ်သတည်း။