သိမ်မျိုးစုံမဟာဋီကာ/ဓနိတ-နှုတ်မပြင်းပဲမရွတ်သင့်ကြောင်းသာဓက
သိထိလ ဓနိတ အရာမှာလည်း သဘာဝသိဒ္ဓ အသံမျိုးယူ၍ ဓနိတအက္ခရာများကို နှုတ်ကမပြင်းပဲ သိထိလကဲ့သို့ ဖတ်ကြသည်ကို တွေရ၏။ ထိုသို့ ယူကြ ရွတ်ကြခြင်းသည် မသင့်။ ထိုကြောင့် ပုဂံမြို့ နန္ဒာမည်သော ကျောင်းတိုက်ကြီး၌ သီတင်းသုံးသော ဓမ္မသေနာပတိထေရ် စီရင်အပ်သော ကာရိကာကျမ်း၌ -
သိထိလေန အဂဠှေန၊ အထဒ္ဓေနေ၀ သဗ္ဗဒါ။
ဝစီပရောဂမုဒုနာ၊ ဝတ္တဗ္ဗေက္ခရာဘာဝတော - ဟု မိန့်၏။
ထို စကားဖြင့် နှုတ်ဖြင့် ပြင်းပြင်းရွတ်အပ်သော အက္ခရာကို ဓနိတ ဆိုသည်။ နှုတ်ဖြင့် လျော့လျော့ ရွတ်အပ်သော အက္ခရာကို သိထိလ ဆိုသည်ဟု သေချာစွာ မှတ်အပ်၏။ နိရုတ္တိဒီပနီ၌လည်း ၎င်းနည်းအတိုင်း ဝစီပယောဂသိဒ္ဓ အသံဖြစ်ကြောင်း မိန့်ဆို၏။ ငါတို့ကျေးဇူးရှင် မဟာဝိသုဒ္ဓါရာမဆရာတော်ဘုရားကြီးလည်း ဃောသ အဃောသ တို့မှာ သဘာဝသိဒ္ဓ အသံဖြစ်ကြောင်း။ သိထိလ ဓနိတမှာ ပယောဂသိဒ္ဓအသံဖြစ်ကြောင်း မိန့်တော်မူ၏။
ထိုသို့ ဌာန်ကရိုဏ်းတို့မှ ဖြစ်သော အသံနှင့်တကွသော လေကို ခံတွင်းပေါက်မှ အပသို့ မလွှတ်မူ၍ ခံတွင်းကိုပိတ်၍ နှာခေါင်းမှ ထွက်စေအပ်သော လေရှိသောဗိန္ဒုကို နိဂ္ဂဟိတ်ဆိုသည်။ ထိုကြောင့် ပရိဝါအဋ္ဌကထာ၌ - နိဂ္ဂဟိတန္တိ ယံ ကရဏာနိ နိဂ္ဂဟေတွာ အဝိဿဇ္ဇေတွာ အဝိဝဋေန သုခေန သာနုနာသိကံ ကတွာ ဝတ္တဗ္ဗံ- ဟု မိန့်၏။
ယင်းအဋ္ဌကထာ၌ နိဂ္ဂဟေတွာ-ကို အဝိဿဇ္ဇေတွာ ဖွင့်သည်။ အဝိဿဇ္ဇေတွာ-ကို အဝိဝဋေန မုခေန သာနုနာသိကံ ကတွာ-ဟု ဖွင့်သည်။ နိဂ္ဂဟိတ်သည် ရဿသုံလုံးကိုလည်းကောင်း၊ ယင်းနှင့်ယှဉ်သော ဗျည်းသုံးဆယ့်နှစ်လုံးကိုလည်းကောင်း မှီရကား ဌာန်ကရိုဏ်းကုန် ဆက်ဆံသတည်း။ ထိုကြောင့် ဌာန်ကရိုဏ်းကုန် ယူစေလို၍ ကရဏာနိ-ဟု ဗဟုဝုစ်နှင့် ဖွင့်ဆိုသတည်း။
အဝိဿဇ္ဇေတွာ-ဆိုသည်မှာလည်း အပဖြစ်သော ခံတွင်းပေါက်သို့ အသံထွက်၍ မသွားအောင် မလွှတ်ပဲ ရွတ်ရမည်ဆိုလိုသည်။ ခံတွင်းပေါက်ကို ပိတ်မှပင် နှာခေါင်းပေါက်သို့ လေသွားသည်။နှာခေါင်းပေါက်သို့ လေသွားမှလည်း နာသိကဌာန်သို့ ရောက်သည်။ နှုတ်ခမ်းကို မပိတ်မူ၍ နှုတ်ခမ်းပေါက်မှ လေလွတ်၍ ရွတ်အပ်သော အက္ခရာကို ဝိမုတ္တ-ဆိုသည်။ ထိုကြောင့် ပရိဝါ အဋ္ဌကထာ၌ -
ဝိမုတ္တန္တိ ယံ ကရဏာနိ အနိဂ္ဂဟေတွာ ဝိဿဇ္ဇေတွာ ဝိဝဋေန မုခေန အနုနာသိကံ အကတွာ ဝတ္တဗ္ဗံ -ဟု မိန့်ဆိုသတည်း။ နိဂ္ဂဟိတ်နှင့် မယှဉ်သော ကြွင်းသောအက္ခရာစုကို ဝိမုတ္တဆိုသတည်း။
သက်သက်သော ဒီဃသရစု၊ ဒီဃနှင့်ယှဥ်သော၊ ဗျည်းစုကိုဒီဃ-ဆိုသတည်း။ သက်သက်သော ရဿသရစု၊ ယင်းရဿနှင့် ယှဉ်သော ဗျည်းစုကို ရဿဆိုသတည်း။ ဆိုအပ်ပြီးသော ဒီဃ နှစ်မျိုး၊ သံယုဂ် နှောင်းသော ရဿမျိုး၊ နိဂ္ဂဟိတ်နှောင်းသော ရဿမျိုးကို ဂရု ဆိုသတည်း။ ဆိုအပ်ပြီးသော ရသနှစ်မျိုး၊ သံယုဂ်မှလည်းကောင်း၊ နိဂ္ဂဟိတ်မှလည်းကောင်း ကင်းသော ရဿမျိုးကို လဟုဆိုသတည်း။
ရှေ့ပုဒ် နောက်ပုဒ် သန္ဓိစပ်၍ ရွတ်ဆိုအပ်သော အက္ခရာစုကို သမ္ဗန္ဓ ဆိုသတည်း။ ရှေ့ပုဒ် နောက်ပုဒ် သန္ဓိမစပ် ပုဒ်ဖြတ်၍ ရွတ်ဆိုအပ်သော အက္ခရာစုကို ဝဝတ္ထိတ ဆိုသတည်း။