မာတိကာသို့ ခုန်သွားရန်

သိမ်မျိုးစုံမဟာဋီကာ/ဗျဉ္ဇနဗုဒ္ဓိ ဋီကာ

ဝီကီရင်းမြစ် မှ
3784သိမ်မျိုးစုံမဟာဋီကာကျမ်း — ၁၂၂။ ဗျဉ္ဇနဗုဒ္ဓိ ဋီကာကျွန်းရွာတောရဆရာတော်

     ဤသိမ်သမုတ်ခန်း ရဟန်းခံခန်း စသည်တို့၌ ဉတ်ကမ္မဝါစာ ဖတ်ရွတ်လိုသော ပုဂ္ဂိုလ်တို့သည် ဌာန်ခုနစ်ပါးကိုလည်းကောင်း၊ ကရိုဏ်းလေးပါးကိုလည်းကောင်း၊ ပယတ်လေးပါးကိုလည်းကောင်း၊ ဗျဥနဗုဒ္ဓိ ဆယ်ပါးကိုလည်းကောင်း၊ တတ်အပ်ကျသိအောင် နှုတ် လျှာ ကျိုး အောင် လေ့လာပြီးမှ ပရိသတ်အတွင်း ကမ္မဝါစာဖတ်ရာ၏။ ဌာန် ကရိုဏ်း စသည် အချိုးမကျပဲ သံဃာ့အလယ်ဝင်၍ ကမ္မဝါစာ ဖတ် ရွတ်သော် ဖျက်ဆီးလိုသော စေတနာမရှိသော်လည်း သာသနာပျက်စီးမည်။

     ဌာန်ခုနစ်ပါး၌ မုဒ္ဓဇပဌမ ဋနှင့် ဒန္တဇ တဝမ်းပူ၊ မုဒ္ဓဇ ဒုတိယ ဌဝမ်းဘဲနှင့် ဒန္တဇဒုတိယ ထဆင်ထူး။ မုဒ္ဓဇ တတိယ ဍရင်ကောက်နှင့် ဒန္တဇတတိယ ဒ-ထွေး၊ မုဒ္ဓဇ စတုတ္ထ ဎ-ရေမှုတ်နှင့် ဒန္တဇ စတုတ္ထ ဓအောက်ချိုက်၊ မုဒ္ဓဇ ပဉ္စမ ဏ-ကြီးနှင့် ဒန္တဇ ပဉ္စမ နငယ်တို့ကား ကွဲအောင်ရွတ်ရန် ခဲယဉ်းကြ၏။ ကွဲအောင် မရွတ်လျှင် သုဏာတုနှင့်ပင် ကံပျက်စီးတော့မည်ကား မလွဲတော့ချေ၊ ကံပျက်ကြောင်းကို ဆိုအပ်ပြီးသော အဋ္ဌကထာ
ဝိမတိဝိနောဒနီ၊ ဝိနယာလင်္ကာရတို့ကို ထောက်၍ သိနိုင်ရာသည်။

     မုဒ္ဓဇ အက္ခရာများကို ရွတ်ဆိုသော် လျှာကို အထက်သို့လိပ်၍ ရကောက်ကိုရွတ်သကဲ့သို့ ရွတ်ရာသည်။

     ဒန္တဇအက္ခရာများကို ရွတ်လိုသော် လျှာကိုတန်းတန်းမတ်မတ် ထား၍ လျှာဖျားကို အသက်သွားစဉ် အတွင်းအရပ်ကို နာနာထိအောင် သတိထား၍ ရွတ်ဖတ်ရာသည်။

     သိထိလအက္ခရာကား ပဌမက္ခရာငါးလုံးနှင့် တတိယက္ခရာ ငါးလုံးအားဖြင့် ပေါင်း ဆယ်လုံးတို့တည်း။ က-စ-ဋ-တ-ပ။ ဂ-ဇ-ဍ-ဒ-ဗ အားဖြင့် ပေါင်း ဆယ်လုံးတို့တည်း။ ဓနိတအက္ခရာကား ဒုတိယက္ခရာ ငါးလုံးနှင့် စတုတ္ထက္ခရာငါးလုံး၊ ပေါင်း ဆယ်လုံးတည်း။ ခ-ဆ-ဌ-ထ-ဖ၊ ဃ-ဈ-ဎ-ဓ-ဘ-အားဖြင့် ပေါင်းဆယ်လုံးတို့တည်း။

     ထိုကြောင့် ပရိဝါအဋ္ဌကထာ၊ ဝိနယသင်္ဂဟအဋ္ဌကထာတို့၌ - သိထိလံ နာမ ပဉ္စသု ဝဂ္ဂေသု ပဌမတတိယံ၊ ဓနိတံ နာမ တေသွေဝ ဒုတိယစတုတ္ထံ -ဟု မိန့်အပ်၏။ သဒ္ဒနီတိ သုတ္တမာလာ၌လည်း ဤအတူပင်တည်း။

     ပဉ္စမက္ခရာ ငါးလုံးနှင့် အဝဂ်ရှစ်လုံးအားဖြင့် တစ်ဆယ့်သုံးလုံးသော အက္ခရာတို့သည်ကား သိထိလ ဓနိတ ဥဘယမုတ္တကတည်း။ ထို့ကြောင့် ထိုအက္ခရာတစ်ဆယ့်သုံးလုံးကို ပြင်းပြင်းရွတ်သည်ဖြစ်စေ လျော့လျော့ ရွတ်သည်ဖြစ်စေ ကံမပျက်။ ဤကား ငါတို့အလိုတည်း။

     ရူပသိဒ္ဓိ စသည်တို့၌ကား ၎င်းအက္ခရာ တစ်ဆယ့်သုံးလုံးကို သိထိလတွင် ထည့်သွင်း၏။ ထိုကြောင့် ၎င်းကျမ်းတို့၌ - “ဝဂ္ဂဒုတိယစတုတ္တာ ဓနိတာပိ ဝုစ္စန္တိ၊ ဣတရေ သိထိလာတိ”ဟု ဖွင့်၏။ နိရုတ္တိဒီပနီ၌လည်း ထို့အတူပင်တည်း။ ၎င်းအက္ခရာ တစ်ဆယ့်သုံးလုံးကို ပြင်းပြင်းရွတ်မိသော် ကံပျက်၏- အဓိပ္ပာယ် ကျသောကြောင့်လည်းကောင်း၊ အဋ္ဌကထာ ဋီကာကြီးတို့၌ ကံပျက်လက္ခဏာကို မဆိုသောကြောင့်လည်း ကောင်း မသင့်ဟု မှတ်အပ်၏။ ထိုကြောင့် ၎င်းအက္ခရာ တစ်ဆယ့်သုံးလုံးကို ပြင်းပြင်းရွတ်သည်ဖြစ်စေ လျော့လျော့ရွတ်သည်ဖြစ်စေ ကံမပျက်။ နော တက္ကော။