သိမ်မျိုးစုံမဟာဋီကာ/အာပတ္တာဓိကရုဏ်းနှင့် သမထ ၃-ပါးသာ ဆိုင်ကြောင်း
အာပတ္တာဓိကရုဏ်းကို သမ္မုခါ,ပဋိညာတ,တိဏဝတ္ထာရက သမထ (၃) ခုဖြင့် ငြိမ်းစေ၏ ဟောရာ၊ သမ္မုခါ သက်သက်ဖြင့် ငြိမ်းစေခြင်းမရှိ။ ရဟန်းတစ်ပါးထံဖြစ်စေ သံဃာအလယ် ဂိုဏ်းအလယ်မှာ ဖြစ်စေ ထုလ္လစ္စဉ်းစသော လဟုကအာပတ် (၅ )ပုံကို ဒေသနာကြားခဲ့သော် ဒေသနာကြားတတ်သောရဟန်း၊ ကြားရာဖြစ်သောရဟန်း (၂) ဦး၏မျက်မှောက်ကို ပုဂ္ဂလသမ္မုခတာဆိုသည်။ ဓမ္မသမ္မုခတာ၊ ဝိနယသမ္မုခတာ၊ သံဃသမ္မုခတာ ထင်ရှားပြီ။ ဂိုဏ်းပုဂ္ဂိုလ်ထံ ကြားရာ သံဃသမ္မုခတာ-မပါ။
အာမ ဘန္တေ ပဿာမိဟု ဝန်ခံခြင်းဖြင့် အာယတိံ အာဝုသော သံဝရေယျာသိ-ဟု ပြုခြင်းကို ပဋိညာတကရဏသမထ ဆိုသည်။
သံဃာဒိသေသ် အာပတ်၌ ပရိဝါသ်၊ မာနတ်၊ အဗ္ဗာန် တောင်း ခြင်းကို ပဋိညာဆိုသည်။
ယင်းတို့ကို ပေးခြင်းကို ပဋိညာတကရဏ ဆိုသည်။
နှစ်သင်း နှစ်ပက္ခ ကွဲနေသော ရဟန်းတို့သည် ရဟန်းတို့အား မလျော်သော လွန်ကျူးမှုကို ပြုကြပြီးနောက် လဇ္ဇီသဘော သက်ဝင် လာကြသဖြင့် အချင်းချင်း ဒေသနာကြား၍သာ စင်ကြယ်စေမည်ဆိုလျှင် ထိုအဓိကရုဏ်းသည် ကြမ်းတမ်းခြင်း ရဲစွမ်းခြင်းငှာ မချွတ်ဧကန် ဖြစ်ရာသည်။ သိယာတိ အဝဿံ၊ (သာရတ္ထဒီပနီ ဋီကာ)
ဤသို့ အချင်းချင်း ဒေသနာကြား၍ အာပတ်ကိုထအောင် ကုစားခြင်း၌ အပြစ်ကိုမြင်သဖြင့် သမ္မုခါဝိနယသမထဖြင့် လည်းကောင်း၊ စူဠဝါ သမထက္ခန္ဓက (၂၃၆-၇)လာ တိဏဝတ္ထာရက ဉတ္တိစတုတ္ထကမ္မဝါစာဖြင့်လည်းကောင်း ငြိမ်းစေ၏။
ယင်းသို့ တိဏဝတ္ထာရက ကံကိုပြုရာ၌ ရုန့်ရင်းသော ပါရာဇိကအာပတ်၊ သံဃာဒိသေသ်အာပတ်၊ လူတို့နှင့်စပ်၍ သင့်စကောင်းသော ခုံသန ဝမ္ဘန ဓမ္မိကပဋိဿဝ ဒုက္ကဋ်၊ ၎င်း (၃) မျိုးမှတပါး ဟတ္ထပါသ်သို့ကပ်သော ရဟန်းဟူသမျှတို့မှာ ငါသည် ဤကံကို မနှစ်သက်ဟု ဒိဋ္ဌာဝိကမ္မ အယူကိုထင်စွာ ပြုခြင်းကို မပြုပါမူ ယင်းသံဃာ အစည်းအဝေး၌ အိပ်ပျော်နေသော ရဟန်းပင် ဖြစ်စေကာမူ အာပတ်ဟူသမျှထသတည်း။ (ဤသို့ အာပတ္တာဓိကရုဏ်းသည် သမထ (၃) ပါးဖြင့် ငြိမ်းသတည်း။)