သိမ်မျိုးစုံမဟာဋီကာ/ဥဗ္ဗာဟိကကမ္မဝါစာဖြင့် ဝိနည်းဓိုရ်မြှောက်၍ ဆုံးဖြတ်စေပုံ
၄။ ယင်းသို့ သံဃာမငြိမ်းနိုင်ပြန်လျှင် ထိုရောက်ရာကျောင်း တိုက်၌ သံဃာမှ ထုတ်ယူခြင်း ဥဗ္ဗာဟိက ဉတ္တိကမ္မဝါစာဖြင့် ရောက်လာသော အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ သီလရှိခြင်း၊ ဥဘတောဝိဘင်းကိုဆောင်ခြင်း၊ အကြားအမြင်များခြင်း စသော စူဠဝါသမထက္ခန္ဓကလာ ဝိနည်းဓိုရ်အင်္ဂါ(၁၀)ပါးနှင့် ပြည့်စုံသော ရဟန်းများကို အပလောကနကံ ဉတ္တိဒုတိယကမ္မဝါစာတစ်ခုခုဖြင့် သမုတ်အပ်၏။ ထိုသံဃသမ္မုတိရ ရဟန်းဆုံးဖြတ်သောအားဖြင့် ငြိမ်းစေရာ၏။ ၎င်း သမုတ်ပုံ ဉတ္တိ ဒုတိယကမ္မဝါစာကား စူဠဝါသမထက္ခန္ဓက (၂၂၄-၅)၌။ ၎င်းဥဗ္ဗာဟိကဉတ္တိဒုတိယ ကမ္မဝါစာမှာ ဗဟုဝုစ်ကြိယာ ဖတ်နည်းလာ၏။ သမ္မုတိပေးရာ ရဟန်းအများပင် ဝိနည်းဓိုရ်သင့်၏။ စောဒက စုဒိတကလည်း ရဟန်းလေးပါး၊ လေးပါးထက် အလွန် ရကြောင်း ပဂ္ဂဟကံဖြစ်ကြောင်း၊ ဘေဒါနုဝတ္တကသိက္ခာပုဒ်ဖွင့် သာရတ္ထဒီပနီဋီကာ ဝိမတိဝိနောဒနီဋီကာတို့၌ဖွင့်၏။ ဝဇီရမဖွင့်။
ယင်း ဥဗ္ဗာဟိက ကမ္မဝါစာဖြင့် သမ္မုတိရသော ရဟန်းတို့ဆုံးဖြတ်၍ ယင်းအဓိကရုဏ်း ငြိမ်းစေရာ၏။ ယင်းသို့ ငြိမ်းစေရာ၌ ကာရက သံဃာ၏ မျက်မှောက်ဖြစ်ခြင်း သံဃသမ္မုခတာ၊ ဟုတ်မှန်သော ဝတ္ထု၏မျက်မှောက်ဖြစ်ခြင်း ဓမ္မသမ္မုမာ၊ စောဒနာသာရဏာ ဝိနည်း၏ မျက်မှောက်ဖြစ်ခြင်း ဝိနယသမ္မုခကာ။ ငြင်းခုံသော စောဒက စုဒိတက၏ မျက်မှောက်ဖြစ်ခြင်း ပုဂ္ဂလသမ္မုခတာ (၄)ပါးတို့တွင် ယင်းဥဗ္ဗာဟိက ကမ္မဝါစာဖြင့် သမုတ်အပ်ပြီး ဝိနယဓရတို့ ဆုံးဖြတ်ရာ ငြိမ်းခြင်း၌ သံဃသမ္မုခတာယုတ်လျော့သည်။ ဥဗ္ဗာဟိကာယ ဝူပသမနေ ပနေတ္ထ သံဃသမုခတာ ပရိဟာယတိ။ (ကင်္ခါအဋ္ဌကထာ၊ ၂၈၉။)