မာတိကာသို့ ခုန်သွားရန်

သိရိမာဝတ္ထု

ဝီကီရင်းမြစ် မှ

ဇရာဝဂ်

၂။ သီရိမာဝတ္ထု

ပဿ စိတ္တကတံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် သီရိမာကို အကြောင်းပြု၍ ဟောတော် မူလေ၏။

သီရိမာဟူသည်

ထိုသီရိမာသည် ရာဇဂြိုဟ်ပြည်၌ အလွန်အဆင်းလှသော ပြည့်တန်ဆာမ ဖြစ်သတတ်။ ထိုသီရိမာသည် တစ်ခုသော ဝါတွင်းကာလ၌ သုမနသူဌေးကြီး၏ သား၏ မယားဖြစ်သော ပုဏ္ဏကသူဌေး၏ သမီးဖြစ်သော ဥတ္တရာအမည်ရှိသော ဒါယိကာမအား ပြစ်မှားမိသဖြင့် ထိုဒါယိကာမကို ကြည်လင် နှစ်သက်စေလိုသောကြောင့် ထိုဥတ္တရာ အမည်ရှိသော ဒါယိကာမအိမ်၌ ရဟန်းသံဃာအပေါင်းနှင့်တကွ ပြုအပ်ပြီးသော ဆွမ်းဘုဉ်းပေးခြင်းကိစ္စရှိသော ဘုရားရှင်ကို တောင်းပန်ကန်တော့ပြီးလျှင် ထိုနေ့၌ မြတ်စွာဘုရား၏ ဆွမ်းအနုမောဒနာ တရားဒေသနာတော်ကို ကြားနာရ၍-

အောင်ကြောင်း လက်နက်

အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိကဝါဒိနံ။

အက္ကောဓေန၊ အမျက်မထွက်သည်ဖြစ်၍။ ကောဓံ၊ အမျက်ထွက်သောသူကို။ ဇိနေ-ဇိနာတိ၊ အောင်မြင်၏။ အသာဓုံ၊ မကောင်းသောသူကို။ သာဓုနာ၊ ကောင်းသော သဘောရှိသည်ဖြစ်၍။ ဇိနေ၊ အောင်မြင်၏။ ကဒရိယံ၊ ဝန်တိုသောသူကို။ ဒါနေန၊ မိမိဥစ္စာ ပေးကမ်းခြင်းဖြင့်။ ဇိနေ၊ အောင်မြင်၏။ အလိကဝါဒိနံ၊ မမှန်ချွတ်ယွင်း ပြောဆိုခြင်းရှိသောသူကို။ သစ္စေန၊ မှန်သောစကား ပြောကြားခြင်းဖြင့်။ ဇိနေ၊ အောင်မြင်၏။

ဟူသော ဂါထာ၏အဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။

(ဤဆိုအပ်ခဲ့ပြီးသည်ကား ဤဝတ္ထု၌ အကျဉ်းတည်း။ အကျယ်စကားသည်ကား ကောဓဝဂ်၌ အနုမောဒနာဂါထာ အဖွင့်၌သာလျှင် ထင်စွာဖြစ်လတ္တံ့။)

ဤသို့လျှင် သီရိမာသည် သောတာပတ္တိဖိုလ်သို့ ရောက်ပြီးသည်ရှိသော် ရဟန်းသံဃာအပေါင်းကို ပင့်ဖိတ်၍ တစ်ဖန် မိုးသောက်သောနေ့၌ ကြီးစွာသော အလှူကြီးကို ပေးလှူပြီးလျှင် သံဃာအား အဋ္ဌကဘတ်(ရဟန်းရှစ်ပါး အပေါင်းအား + လှူသောဆွမ်း။)ကို မပြတ် ပေးလှူစေလေ၏။ အစမှစ၍ မပြတ် ရှစ်ပါးသော ရဟန်းတို့သည် အိမ်သို့ ကြွသွားကြကုန်၏။ “ထောပတ်ကို ခံယူတော်မူကြပါဘုရား၊ နို့ရည်ကို ခံယူတော်မူကြပါဘုရား၊” ဤသို့ အစရှိသော စကားတို့ကိုဆို၍ ထိုရဟန်းတို့၏ သပိတ်တို့ကို ပြည့်စေကြကုန်၏။ ရဟန်းတစ်ပါးရသော ဆွမ်းသည်ပင် သုံးပါးလေးပါးသော ရဟန်းတို့အား လောက်၏။ နေ့တိုင်း နေ့တိုင်း တစ်ဆယ့်ခြောက်သပြာ ကုန်စေသဖြင့် ဆွမ်းကိုလှူဒါန်းအပ်၏။ ထိုအခါ တစ်နေ့သ၌ ရဟန်းတစ်ပါးသည် သီရိမာ၏အိမ်၌ ရှစ်ပါးသော ရဟန်းတို့ကိုရည်၍ လှူအပ်သော အဋ္ဌကဘတ်ဆွမ်းကို ဘုဉ်းပေးသုံးဆောင်ပြီးလျှင် သုံးယူဇနာအထက်၌ တစ်ခုသောကျောင်းသို့ ရောက်သွားလေ၏။ ထို့နောက် ထိုရဟန်းကို ညနေချမ်းအခါ ဤသို့သဘောရှိသောအရပ်၌ နေစဉ် “ငါ့ရှင်- အဘယ်အရပ်၌ ဆွမ်းကို သုံးဆောင်၍ လာခဲ့သနည်း”ဟု မေးကြလေကုန်၏။ “သီရိမာ၏ အဋ္ဌကဘတ်ကို တပည့်တော် သုံးဆောင်ခဲ့ပါသည်ဘုရား”ဟု ဆိုလတ်သော် “ငါ့ရှင်- နှစ်လိုဖွယ်ကိုပြု၍ လှူဒါန်းပါသလော”ဟု မေးကြပြန်ကုန်၏။ “ထိုသီရိမာ၏ ဆွမ်းကို ချီးမွမ်းခြင်းငှာ မတတ်နိုင်၊ အလွန်လျှင် မွန်မွန်မြတ်မြတ်ပြု၍ လှူဒါန်းပါသည်။ ရဟန်းတစ်ပါးရသော ဆွမ်းသည် သုံးပါးတို့အားလည်းကောင်း၊ လေးပါးတို့အားလည်းကောင်း လောက်၏၊ ထိုသီရိမာ၏ လှူဖွယ်ဝတ္ထုပစ္စည်းထက်လည်း အမြင်ရုပ်ပုံ အဆင်းသည်သာလျှင် သာ၍ လွန်ကဲပေ၏၊ ထိုမိန်းမသည် ဤသို့ ဤသို့ သဘောရှိ၏”ဟု ဆိုလျက် သီရိမာ၏ ဂုဏ်ကျေးဇူးတို့ကို ချီးမွမ်းပြောဆိုလေ၏။

သီရိမာကို စွဲလမ်းနေသော ရဟန်း

ထိုအခါ ရဟန်းတစ်ပါးသည် သီရိမာ၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ကြားတဲ့၍ မမြင်ရသေးဘဲသာလျှင် ချစ်ခြင်းကို ဖြစ်စေသဖြင့် “ငါသည် သွား၍ ထိုသီရိမာကို ရှုမြင်ခြင်းငှာ သင့်၏”ဟု မိမိသိက္ခာဝါ အရေအတွက်ကို ပြောပြ၍ ထိုရဟန်းကို အစဉ်ကိုမေးမြန်းလျှင် “ငါ့ရှင်- နက်ဖြန် ထိုသီရိမာအိမ်၌ သင်သည် သံဃာ့ထေရ်ဖြစ်၍ အဋ္ဌကဘတ်ကို ရနိုင်ပေလတ္တံ့”ဟု ဆိုလတ်သည်ရှိသော် ထိုစကားကို ကြားရလျှင် ထိုခဏချက်ချင်းပင် သပိတ်သင်္ကန်းကိုယူ၍ ဖဲသွားလေရာ နံနက်စောစော အရုဏ်တက်လတ်သည်ရှိသော် စာရေးတံပေးရာအရပ်သို့ ဝင်သဖြင့် ရပ်လေရကား သံဃာထေရ်ဖြစ်၍ ထိုသီရိမာ၏အိမ်၌ အဋ္ဌကဘတ်ကို ရလေ၏။ အကြင်ရဟန်းသည် ယမန်နေ့၌ ဆွမ်းဘုဉ်းပေးပြီး၍ ဖဲသွားလေ၏။ ထိုရဟန်း၏ ဖဲသွားသောအခါ၌ပင်လျှင် သီရိမာ၏ ကိုယ်၌လည်း အနာရောဂါ ဖြစ်ပေါ်လေ၏။ ထို့ကြောင့် ဆင်ယင်သော တန်ဆာတို့ကိုချွတ်၍ အိပ်လေ၏။ ထိုအခါ သီရိမာ၏ကျွန်မတို့သည် အဋ္ဌကဘတ်ကိုရ၍ ကြွလာကြကုန်သော ရဟန်းတို့ကိုမြင်လျှင် ပြောကြားကြလေကုန်၏။ ထိုသီရိမာသည် မိမိလက်ဖြင့် သပိတ်တို့ကို လှမ်းယူ၍ ထိုင်နေစေခြင်းငှာလည်းကောင်း၊ လုပ်ကျွေးခြင်းငှာလည်းကောင်း မတတ်နိုင်ရကား ကျွန်မတို့ကို “အမိတို့- သပိတ်တို့ကို လှမ်းယူ၍ အရှင်ကောင်းတို့ကို ထိုင်နေစေလျက် ယာဂုသောက်စေပြီးမှ ခဲဖွယ်ကိုလှူ၍ ဆွမ်းစားချိန်တန်သောအခါ သပိတ်တို့ကို ပြည့်စေလျက် လှူကြပါကုန်လော့”ဟု စေခိုင်းလေ၏။ ကျွန်မတို့သည်လည်း “ကောင်းပါပြီ အရှင်မ”ဟု ရဟန်းတို့ကို ကြွဝင်စေပြီးလျှင် ယာဂုကို သောက်စေပြီးမှ ခဲဖွယ်ကိုလှူ၍ ဆွမ်းစားချိန်တန်သောအခါ ဆွမ်းဖြင့် သပိတ်တို့ကို ပြည့်စေပြီးလျှင် ထိုသီရိမာအား ပြောကြားကြကုန်၏။ သီရိမာသည် “ငါ့ကို ချီပွေ့၍ ဆောင်ကြပါကုန်ဦးလော့ဟု အရှင်ကောင်းတို့ကို ရှိခိုးပါဦးအံ့”ဟု ဆိုသဖြင့် ထိုကျွန်မတို့ ချီပွေ့လျက် ရဟန်းတို့၏အထံတော်သို့ ဆောင်အပ်သည်ရှိသော် တုန်တုန်လှုပ်လှုပ်ဖြစ်သောကိုယ်ဖြင့် ရဟန်းတို့ကို ရှိခိုးရှာလေ၏။ ထိုရဟန်းသည် သီရိမာကို ကြည့်ရှုလျက် “မကျန်းမမာဖြစ်နေသော်လည်း ဤမိန်းမ၏ အဆင်းတင့်တယ်ခြင်းသည် ဤသို့ သဘောရှိဘိသေး၏။ ကျန်းမာသောအခါ အလုံးစုံသော တန်ဆာဖြင့် တန်ဆာဆင်အပ်သည်ရှိသော် ဤသီရိမာ၏ အဆင်းပြည့်စုံခြင်းကား အဘယ်မှာ ဆိုဖွယ်ရာရှိအံ့နည်း”ဟု ကြံစည်စိတ်ကူးမိလေ၏။ ထိုအခါ ထိုရဟန်းအား များစွာသော နှစ်ကုဋေပတ်လုံး ကိုယ်တွင်း၌ ကိန်းအောင်းစုဝေးတည်နေသော ကိလေသာသည် လှုပ်ရှား ဖြစ်ပေါ်လာလေ၏။ ထိုရဟန်းသည် ပညာအဆင်ခြင် ကင်းသည်ဖြစ်၍ ဆွမ်းကိုစားခြင်းငှာ မတတ်နိုင်ခြင်းကြောင့် သပိတ်ကိုယူကာ ကျောင်းသို့သွားပြီးလျှင် သပိတ်ကိုပိတ်လျက် တစ်ခုသောအရပ်၌ထား၍ သင်္ကန်းထောင့်စွန်းကို ဖြန့်ခင်းကာ အိပ်ရှာလေ၏။ ထိုအခါ ထိုရဟန်းကို အဆွေခင်ပွန်းဖြစ်သော ရဟန်းတစ်ပါးသည် တောင်းပန်သော်လည်း ဆွမ်းဘုဉ်းပေးခြင်းငှာ မတတ်နိုင်။ ထိုရဟန်းသည် ပြတ်ကင်းသော ဆွမ်းအာဟာရရှိသည် ဖြစ်ရှာလေ၏။

သီရိမာ ကွယ်လွန်ခြင်း

ထိုနေ့၌သာလျှင် ညချမ်းအခါ သီရိမာသည် စုတေ သေရှာလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဇီဝက၏ နှမငယ်ဖြစ်သော သီရိမာသည် စုတေ သေလွန်ရှာပါပြီဘုရား”ဟု သတင်းစကား စေလွှတ်လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည်လည်း ထိုစကားကို ကြားတော်မူရလျှင် မင်းကြီး၏အထံသို့ “သီရိမာအလောင်းကို သင်္ဂြိုဟ်ဖွယ် ကိစ္စမရှိ၊ လူသေပစ်စွန့်ရာ သုသာန်တစပြင်၌ သီရိမာအလောင်းကို ကျီးတို့သည် မစားနိုင်သော အခြင်းအရာဖြင့် တုံးလုံးအိပ်ထားစေ၍ စောင့်ရှောက်စေကြကုန်ဦးလော့”ဟု သတင်းစကား ပြန်ကြားစေလွှတ်လိုက်လေ၏။ မင်းကြီးသည်လည်း ဘုရားမိန့်တော်မူတိုင်း ပြုလေ၏။ အစဉ်အတိုင်း သုံးရက်တို့သည် လွန်ကုန်သည်ဖြစ်၍ လေးရက်မြောက်သောနေ့၌ ကိုယ်သည် ဖူးဖူးရောင်လေ၏။ ကိုးပေါက်သော ဒွါရအမာဝတို့မှ ပိုးလောက်တို့သည် ယိုထွက်လေကုန်၏။ ကိုယ်အလုံးသည် ကွဲပျက်သဖြင့် သလေးထမင်းချက်အိုး ဆူဝေခြင်းကဲ့သို့ ဖြစ်လေ၏။

ရဟန်းရှင်လူပရိသတ်တို့ သီရိမာအလောင်းကို ကြည့်ရှု

ဗိမ္ဗိသာရမင်းကြီးသည်လည်း ရာဇဂြိုဟ်မြို့ကြီး၌ “အိမ်စောင့်သူငယ်တို့ကိုချန်ထား၍ သီရိမာကို ကြည့်ရှုခြင်းငှာ မလာကုန်သောသူတို့အား ရှစ်သပြာ မင်းဒဏ်သင့်စေရမည်”ဟု စည်လည်စေလေ၏။ ဘုရားရှင်၏ အထံတော်သို့လည်း “မြတ်စွာဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းသည် သီရိမာကို ကြည့်ရှုခြင်းငှာ ကြွလာတော်မူစေချင်ပါသည်ဘုရား” ဟူ၍လည်း စေလွှတ်လိုက်လေ၏။ မြတ်စွာဘုရားသည် ရဟန်းတို့အား “သီရိမာကို ကြည့်ရှုခြင်းငှာ သွားကြကုန်စို့အံ့”ဟု မိန့်ကြားတော်မူလေ၏။ ထိုပဉ္စင်းငယ်သည်လည်း လေးရက်တို့ပတ်လုံး တစ်စုံတစ်ယောက်သောသူ၏ စကားကို မနာယူမူ၍ ဆွမ်းအာဟာရဖြတ်လျက်သာ အိပ်စက်ကာ နေရှာလေ၏။ သပိတ်၌ ဆွမ်းသည် ပုပ်သိုးသည်ဖြစ်၍ သပိတ်၌ အညစ်အကြေး တက်လေ၏။ ထိုအခါ ထိုပဉ္စင်းငယ်ကို ထိုအဆွေခင်ပွန်း ရဟန်းသည် ချဉ်းကပ်၍ “ငါ့ရှင်- မြတ်စွာဘုရားသည် သီရိမာကို ကြည့်ရှုခြင်းငှာ ကြွတော်မူ၏”ဟု ပြောဆိုလေ၏။ ထိုရဟန်းငယ်သည် ထိုသို့သော အခြင်းအရာဖြင့် မွတ်သိပ်ဆာလောင်ခြင်း သဘောရှိသော်လည်း “သီရိမာ”ဟု ဆိုအပ်သော စကားအပိုဒ်၌သာလျှင် အဆောတလျင်ထတဲ့၍ “အဘယ်စကားကို ဆိုလေဘိသနည်း”ဟု မေးလေ၏။ “မြတ်စွာဘုရားသည် သီရိမာကို ကြည့်ရှုခြင်းငှာ ကြွသွားတော်မူ၏။ သင်သည်လည်း လိုက်ပါသွားအံ့လော”ဟု မေးသည်ရှိသော် “လိုက်ပါဦးမည်”ဟု ဆို၍ ဆွမ်းကိုစွန့်သဖြင့် သပိတ်ကိုဆေးပြီးလျှင် သပိတ်အိတ်၌ ထည့်သွင်းပြီးမှ ရဟန်းသံဃာတော်အပေါင်းနှင့် အတူတကွ လိုက်လာလေ၏။ မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် နံပါးတစ်ဖက်၌ ရပ်တော်မူ၏။ ရဟန်းသံဃာ အပေါင်းသည်လည်းကောင်း၊ မင်းပရိသတ်သည်လည်းကောင်း၊ ဒါယကာ ပရိသတ်သည်လည်းကောင်း နံပါးတစ်ဖက် တစ်ဖက်၌ ရပ်တည်ကြလေကုန်၏။

သီရိမာကို ယူလိုသူ မရှိတော့

မြတ်စွာဘုရားသည် မင်းကြီးကို “မြတ်သောမင်းကြီး- ဤမိန်းမကား အဘယ်သူနည်း”ဟု မေးမြန်းတော်မူလေ၏။ “မြတ်စွာဘုရား- ဇီဝက၏နှမ သီရိမာအမည်ရှိသော မိန်းမပါဘုရား”ဟု လျှောက်ကြားလေသော် “ဤမိန်းမကား သီရိမာလော”ဟု မေးတော်မူပြန်၏။ “မြတ်စွာဘုရား- သီရိမာဟုတ်မှန်ပါသည်ဘုရား”ဟု လျှောက်ဆိုပြန်လေသော် “ထိုသို့ဖြစ်မူ တစ်ထောင်သော ဥစ္စာကိုပေး၍ သီရိမာကို ယူကြကုန်လော့ဟု မြို့တော်၌ စည်လည်စေလော့”ဟု မိန့်တော်မူလေ၏။ မင်းကြီးသည် ထိုဘုရားရှင် မိန့်တော်မူတိုင်း ပြုလုပ်လေ၏။ တစ်စုံတစ်ယောက်သောသူမျှလည်း ငါယူမည် ဟူ၍လည်းကောင်း၊ ငါတို့သာဖြစ်ပါစေဟူ၍လည်းကောင်း နှစ်သက်စွာ ပြောဆိုသောသူမည်သည် မရှိလေပြီ။ မင်းကြီးသည် မြတ်စွာဘုရားအား “မြတ်စွာဘုရား- မယူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ “ထိုသို့ဖြစ်မူ မြတ်သောမင်းကြီး- အဖိုးကို လျှော့ချဦးလော့”ဟု မိန့်တော်မူပြန်လေ၏။ မင်းကြီးသည် “အသပြာငါးရာပေး၍ ယူကြကုန်လော့”ဟု စည်လည်စေပြန်သော်လည်း ယူလိုသောသူ တစ်စုံတစ်ယောက်ကိုမျှ မမြင်ရသဖြင့် နှစ်ရာ့ငါးဆယ်၊ နှစ်ရာ၊ တစ်ရာ၊ ငါးဆယ်၊ နှစ်ဆယ့်ငါးသပြာ၊ ဆယ်သပြာ၊ ငါးသပြာ၊ တစ်သပြာ၊ ငါးမူး၊ တစ်မတ်၊ တစ်ပဲ၊ တစ်ချင်ရွေးပေး၍ သီရိမာကို ယူကြစေကုန်သတည်းဟု စည်လည်စေပြန်သော်လည်း တစ်စုံတစ်ယောက်သောသူမျှ ထိုသီရိမာကို အလိုမရှိ။ “အဖိုးအခမရှိ၊ အချည်းနှီး ယူကြစေကုန်သတည်း”ဟု စည်လည်စေပြန်လေ၏။ ငါယူပါမည် ဟူ၍လည်းကောင်း၊ ငါတို့သာ ဖြစ်ပါစေဟူ၍လည်းကောင်း နှစ်သက်စွာ ပြောဆိုသောသူမည်သည် မရှိလေပြီ။ မင်းကြီးသည် “မြတ်စွာဘုရား- အချည်းနှီး အလကားဖြင့်သော်လည်း ယူလိုသူမရှိပါဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ကြည့်ရှုကြစမ်းလော့၊ များစွာသော လူအပေါင်းသည် ချစ်ခင်စုံမက်အပ်သော မာတုဂါမကို ဤရာဇဂြိုဟ်မြို့၌သာလျှင် တစ်ထောင်ပေးမှ ရှေးအခါ၌ တစ်နေ့သာ ရကြလေကုန်၏။ ယခုအခါ အချည်းနှီး အဖိုးအခ မရှိခြင်းအားဖြင့် ယူလိုသောသူမျှလည်း မရှိ၊ ချစ်သားရဟန်းတို့- ဤသို့သဘောရှိသည်မည်သော ရုပ်အဆင်းသည် ကုန်ခြင်း,ပျက်ခြင်းသို့ ရောက်ဘိသေး၏။ အခါခပ်သိမ်း နာကျင်လျက်ရှိသော အတ္တဘောကို ကြည့်ရှုကြကုန်လော့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၄၇] ပဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။

စိတ္တကတံ၊ အဝတ်တန်ဆာ ပန်းနံ့သာ စသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုအပ်သော။ ဗိမ္ဗံ၊ ရှည်သင့် တိုသင့်သော အင်္ဂါကြီးငယ်တို့ဖြင့် တင့်တယ်လှပသော အရုပ်နှင့်တူသော။ သမုဿိတံ၊ သုံးရာသော အရိုးတို့ဖြင့် စိုက်ဆောက်အပ်ထသော။ အာတုရံ၊ အမြဲနာကျင်လျက်ရှိသော။ ဗဟုသင်္ကပ္ပံ၊ များစွာသော လူအပေါင်းသည် များစွာသောအကြောင်းဖြင့် ကြံစည်စိတ်ကူးအပ်သော။ အရုကာယံ၊ အနာမာဝ ကိုးပေါက်တို့ဖြင့် အနာအတိဖြစ်သော ကိုယ်ကောင်ကို။ ပဿ၊ ကြည့်ရှုလေလော့။ ယဿ၊ ယင်းကိုယ်ကောင်အား။ ဓုဝံ၊ မြဲခြင်းသည်လည်းကောင်း။ ဌိတိ၊ တည်တံ့ခြင်းသည်လည်းကောင်း။ နတ္ထိ၊ မရှိလေစွတကား။

အရိုးသုံးရာဟူသည် သွား ၃၂-ချောင်းကို ဖယ်ထား၍ လက်ရိုး-၆၄။ ခြေ-၆၄။ အသားမှီသော အရိုးနု-၆၄။ ဖနောင့်ရိုး-၂။ ဖမျက်ရိုး-၄။ မြင်းခေါင်းရိုး-၄။ ဒူးရိုး-၂။ ပေါင်ရိုး-၂။ ခါးရိုး-၂။ ကျောက်ဆူးရိုး-၁၈။ နံရိုး-၂၄။ ရင်ရိုး-၁၄။ နှလုံးရိုး-၁။ ညှပ်ရိုး-၂။ လက်ပြင်ရိုး-၂။ လက်မောင်းရိုး-၂။ လက်မောင်းဖျားရိုး-၄။ လည်ပင်းရိုး-၇။ မေးရိုး-၂။ နှာခေါင်းရိုး-၁။ မျက်ကွင်းရိုး-၂။ နားရိုး-၂။ နဖူးရိုး-၁။ ဦးထိပ်ရိုး-၁။ ဦးခေါင်းခွံရိုး-၉။ ပေါင်း-အရိုးသုံးရာ ဖြစ်၏။

သီရိမာကို စွဲလမ်းသူရဟန်း သောတာပန်ဖြစ်

ဒေသနာတော်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ ထိုရဟန်းသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

သီရိမာဝတ္ထု ပြီး၏။