သိဟ်ရာသီ ဝါခေါင်လဘွဲ့ လူးတား
သုံးသိန်းစက်နေ[၁]၊ ရွှေသိဟ်ရာသီ၊
ခါမှီဆန်းစ ခန်းဝလေ။ ။
တေဇောတခါ၊ လှည့်ပြန်လာသော်၊
လမှာဝါခေါင်၊ မိုးမှောင်လျှပ်စို့၊
သက်တန်ညို့သား[၂]၊ မို့မို့မှိုင်းမှိုင်း၊
ပင်တိုင်းယိမ်းနွဲ့၊ တောင်လေသွဲ့၍၊
ရွာတဲ့မလို၊ ငွေသဲပျိုက၊
ရေညိုနဒီ[၃]၊ လှိုင်းလုံးချီ၍၊
ရာသီထိန၊ သည်မာသတွင်၊
ဇယတြိ၊ နေ့ရှိနာရီ၊
မမှီညဉ့်ရောက်၊ နှစ်ဆယ့်ခြောက်တည့်၊
လျှံတောက်ရောင်ဝင်း၊ အတွင်းပတ္တမြား၊
အပကားငွေ၊ မြုတေပြောင်ပြောင်[၄]၊
သုံးဆောင်ရထား[၅]၊ လှည့်သွားမိုးစွန်၊
သရဝဏ်လည်း၊ မြားဟန်ဖြောင့်စွာ၊
ဗျိုင်းတာရာနှင့်၊ ယှဉ်လာထွန်းပ၊
ပြည့်ကြအညီ၊ သည်ရာသီတွင်၊
ရိုးနီခတ္တာ၊ ပဒေသာသို့၊
စကြာမကုံ[၆]၊ လှည့်ခဲ့တုံသော်၊
ဝန်းရုံတူကွ၊ ကြယ်မာဃနှင့်၊
ကျွန်းမြလယ်ချာ၊ ရောက်သောခါမူ၊
ဘဝါးတခု၊ ရတုဝါခေါင်၊
တိမ်တောင်ပတ်ယှက်၊ သည်ရက်အခါ၊
မြတ်စွာထွတ်ထား၊ ရွှေစကားတွင်၊
ပွဲများငြိမ့်ခံ၊ စာရေးတံဟု၊
စီမံခင်းကျင်း၊ မင်းသားတသီး၊
မင်းသ္မီးနှင့်၊ မှူးကြီးမတ်ရာ၊
မြတ်သင်္ဃာတို့၊ ရတနာထွေပြား၊
အပါးပါးနှင့်၊ သကြားကြံချို၊
ဆိမ့်ယိုအုံးသီး၊ ပျောသီးရွှေရောင်၊
မြဒေါင်းပေါင်တွင်၊ အသာတင်၍၊
သဘင်ခံပွဲ၊ ညံမစဲသား၊
ပုလဲရွှေမြင်၊ ငါးအင်ကလျာ၊
မိုးသူဇာသို့၊ ဖလ်ပြာတကောင်း၊
ရှိစုံပေါင်း၍၊ ဝပ်ညောင်းပန်ကြား၊
လျှောက်ဆိုထားသည်။ ။
ရွှေသား ဝင်းနုနယ်ညိုလေ၊
ကြည်ဘွယ်တည့်နတ်လား ယိုးမမှား။ ။
သနားငယ်မူရာ။ ။
ကေသာမှာလျော့လျည်း ပန်းရည်စည်း[၇]။ ။
အူသည်းပြတ်မလို။ ။
သံချိုတည့်မိန့်မှန်း အကုန်ဆန်း။
မှတ်ချက်
[ပြင်ဆင်ရန်]- ↑ မရမ်းချိတ်ရောင်၊ ခိုးမှောင်ဝေလျှံ၊ မိုးသံခြိမ့်ခြိမ့်၊ သုံးသိန်းစက်နေ၊ ရွှေသိဟ်ရာသီ၊ ခါမှီဆန်းစ လွမ်းလှလေ ဟူ၍ချီသည်။ (မ) (ဟ)
- ↑ ခိုးမှောင်လျှပ်ဆို့၊ သက်တန်သို့သာ (မ) (ဟ)
- ↑ ရွာတဲ့မလို၊ (ငွေသဲပျိုက၊) ရေညိုနဒီ (မ) (ဟ) တွင် ကွင်းပိုဒ်စကားများမပါ။
- ↑ မြူတေလွင်ပြောင် (ဘ)။ မြူတေအရောင် (မ) (ဟ)။
- ↑ ဘုံဆောင်ရထား (မ) (ဟ)
- ↑ စကြာတန့်ခုန် (ဘ)
- ↑ ကေသာတည့်လျော့ရည်း ပန်းချိပ်စည်း (မ) (ဟ)
- မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
- [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
- [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
- [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |