သီဝလိတ္ထေရဝတ္ထု
၃၁။ အရှင်သီဝလိမထေရ်ဝတ္ထု
ယောမံအစရှိသော ဤတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ကုဏ္ဍကောလိယပြည်ကိုမှီ၍ ကုဏ္ဍဓာနမည်သော တော၌ နေတော်မူစဉ် အရှင်သီဝလိမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ရှင်သီဝလိမယ်တော် ဆင်းရဲရပုံ
တစ်ပါးသောအခါ သုပ္ပဝါသာ အမည်ရှိသော ကောလိယ မင်းသမီးသည် ခုနစ်နှစ်တို့ပတ်လုံး ကိုယ်ဝန်ကို ဆောင်ယူပြီးလျှင် ခုနစ်ရက်ပတ်လုံး ကိုယ်ဝန်ကြောင့်ဖြစ်သော တွေဝေခြင်းရှိသည်ဖြစ်၍ ဆင်းရဲလှကုန်သော ထက်မြက်ကုန်သော စပ်ခါးကြမ်းတမ်းလှကုန်သော ဝေဒနာတို့ဖြင့် တွေ့ကြုံအပ်သဖြင့် “အကြင်မြတ်စွာဘုရားသည် ဤသို့သဘောရှိသော ဤဆင်းရဲဒုက္ခကို ပယ်ခြင်းငှာ တရားကို ဟောတော်မူ၏။ ထိုမြတ်စွာဘုရားသည် အလုံးစုံသော တရားတို့ကို မဖောက်မပြန့် ကိုယ်တော်တိုင် သိတော်မူပေစွတကား၊ ထိုမြတ်စွာဘုရား၏ တပည့်သံဃာတော်အပေါင်းသည် ဤသို့သဘောရှိသော ဤဆင်းရဲဒုက္ခကို ပယ်ခြင်းငှာ ကျင့်ဆောင်တော်မူ၏။ ထိုတပည့်သား သံဃာတော်အပေါင်းသည် ကောင်းမြတ်သောအကျင့် ရှိတော်မူပေစွတကား။ အကြင်နိဗ္ဗာန်၌ တည်သည်ရှိသော် ဤသို့သဘောရှိသော ဆင်းရဲဒုက္ခအပေါင်းသည် မရှိ၊ ထိုနိဗ္ဗာန်သည် ချမ်းသာလေစွတကား၊” ဤသို့လျှင် ဤသုံးပါးသောအကြံတို့ဖြင့် ထိုဆင်းရဲဒုက္ခတို့ကို သည်းခံလျက် ခင်ပွန်းသည်ယောက်ျားကို မြတ်စွာဘုရား၏ အထံတော်သို့ စေလွှတ်သဖြင့် ထိုယောက်ျားသည် သုပ္ပဝါသာ မင်းသမီး၏စကားဖြင့် မြတ်စွာဘုရားအား ရှိခိုးခြင်းကို လျှောက်ထားအပ်သည်ရှိသော် “ကောလိယ မင်းသမီးဖြစ်သော သုပ္ပဝါသာသည် စင်စစ် ချမ်းသာခြင်းရှိသည် ဖြစ်စေသတည်း။ ချမ်းသာခြင်းရှိလျက် အနာရောဂါမရှိဘဲ အနာရောဂါကင်းသော သားကောင်းရတနာကို ဖွားမြင်စေသတည်း”ဟု မြတ်စွာဘုရား မိန့်တော်မူသော ခဏ၌သာလျှင် ချမ်းသာခြင်းရှိလျက် အနာရောဂါမရှိဘဲ အနာရောဂါကင်းသော သားကောင်းရတနာကို ဖွားမြင်ပြီးလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး ကြီးစွာသောအလှူကို ပေးလှူလေ၏။
ဖွားမြင်သောနေ့ အလုပ်လုပ်နိုင်သော သတို့သား
ထိုသုပ္ပဝါသာ မင်းသမီး၏ သားသည်လည်း ဖွားမြင်သောနေ့မှစ၍ ဓမကရိုဏ် ရေစစ်ကိုယူလျက် သံဃာတော်အလို့ငှာ ရေကိုစစ်လေ၏။ ထိုသတို့သားငယ်သည် နောက်အဖို့၌ လူ့ဘောင်မှထွက်၍ ရဟန်းပြုလတ်သည်ရှိသော် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- ကြည့်ရှုကြပါကုန်လော့၊ ဤသို့သဘောရှိသော အရဟတ္တဖိုလ်၏ အကြောင်းဥပနိဿယနှင့် ပြည့်စုံသော ရဟန်းသည် ဤမျှလောက်သော ကာလပတ်လုံး မယ်တော်၏ဝမ်းခေါင်း၌ ဆင်းရဲဒုက္ခကို ခံစားရဘိ၏။ တစ်ပါးသောသူတို့အားကား အဘယ်မှာလျှင် ဆိုဖွယ်ရာ အကြောင်းရှိတော့အံ့နည်း။ စင်စစ် များစွာသော ဆင်းရဲအပေါင်းကို ဤရဟန်းသည် ကူးမြောက်အပ်ပေပြီ”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ဟုတ်မှန်ပေ၏။ ငါဘုရား၏သားတော် သီဝလိသည် ဤမျှလောက်သော ဆင်းရဲဒုက္ခမှလွတ်၍ ယခုအခါ နိဗ္ဗာန်ကို မျက်မှောက်ပြု၍နေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
တိဏ္ဏော ပါရင်္ဂတော ဈာယီ၊ အနေဇော အကထံကထီ။
အနုပါဒါယ နိဗ္ဗုတော၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ ဣမံ၊ ဤသို့သဘောရှိသော။ ပလိပထံ၊ ရာဂတည်းဟူသော အနှောင့်အယှက်ကိုလည်းကောင်း။ ဒုဂ္ဂဉ္စ၊ ကိလေသာတည်းဟူသော ညွန်ပျောင်းကိုလည်းကောင်း။ သံသာရဉ္စ၊ သံသရာဝဋ်ဆင်းရဲကိုလည်းကောင်း။ မောဟဉ္စ၊ သစ္စာလေးပါး ထိုးထွင်း၍ မသိနိုင်သော မောဟကိုလည်းကောင်း။ အစ္စဂါ၊ လွန်မြောက်ပြီ။ တိဏ္ဏော၊ လေးပါးသောဩဃကို ကူးမြောက်ပြီးသည်ဖြစ်၍။ ပါရင်္ဂတော၊ နိဗ္ဗာန်ဟူသော ကမ်းတစ်ဖက်သို့ရောက်ပြီ။ ဈာယီ၊ နှစ်ပါးသောဈာန်ဖြင့် ရှုလေ့ရှိပြီ။ အနေဇော၊ တဏှာကင်းပြီ။ အကထံကထီ၊ သို့လောသို့လောဟု တွေးတောယုံမှားခြင်း မရှိပြီ။ အနုပါဒါယ၊ တဏှာဒိဋ္ဌိအားဖြင့် စွဲလမ်းခြင်းမရှိမူ၍။ နိဗ္ဗုတော၊ ကိလေသာငြိမ်းခြင်းဖြင့် ငြိမ်းအေးလေပြီ။ တံဘိက္ခုံ၊ ထိုရဟန်းကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုမှ အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။