မာတိကာသို့ ခုန်သွားရန်

သုခသာမဏေရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၀ - ဒဏ္ဍဝဂ်

၁၁ - သုခသာမဏေရဝတ္ထု

၁၄၅။ ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ၏တပည့် ခုနစ်နှစ်အရွယ်သာရှိသော ရှင်ပြုပြီး ရှစ်ရက်မြောက်နေ့၌ ရဟန္တာဖြစ်သော သုခသာမဏေကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

နေတ္တိကာ၊ မြောင်းတူး၍ ရေကိုယူဆောင်သူတို့သည်။ ဥဒကံ၊ ရေကို။ နယန္တိ၊ အလိုရှိရာသို့ ဆောင်ကုန်၏။ ဥသုကာရာ၊ လေးသမားတို့သည်။ တေဇနံ၊ မြားကို။ နမယန္တိ၊ ဖြောင့်ကုန်၏။ တစ္ဆကာ၊ လက်သမားတို့သည်။ ဒါရုံ၊ သစ်ကို။ နမယန္တိ၊ လိုရာရအောင်ရွှေကုန်၏။ သုဗ္ဗတာ၊ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယန္တိ၊ ယဉ်ကျေးအောင် ဆုံးမကုန်၏။

စကားပြေ

ရေရအောင် မြောင်းကိုပြုပြင်တူး၍ ဆောင်ကုန်၏။ မြားကောက်ကို လေးသမားတို့သည် ဖြောင့်အောင် ပြုပြင်ကုန်၏။ လက်သမားတို့သည် သစ်သားကို လိုရာရအောင် ပြုပြင်ကုန်၏။ ဤသို့ မြောင်း၊ မြား၊ သစ်သားတို့ကို အသီးသီး ပြုပြင်ကြသကဲ့သို့ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမပြုပြင်ကုန်၏။

သုဗ္ဗတာ— ဆိုဆုံးမရန်လွယ်ကူသူကို သုဗ္ဗတာခေါ်သည်။
ဒိဋ္ဌဓမ္မ
၁. အလှူခံပုဂ္ဂိုလ်သည် အနာဂါမ် ရဟန္တာဖြစ်ခြင်း (ဝတ္ထုသမ္ပဒါ)၊
၂. အလှူဝတ္ထုသည် တရားသဖြင့်ရရှိသော ပစ္စည်းဖြစ်ခြင်း (ပစ္စယသမ္ပဒါ)၊
၃. စေတနာသုံးတန် ထက်သန်စင်ကြယ်ခြင်း (စေတနာသမ္ပဒါ)၊
၄. အလှူခံပုဂ္ဂိုလ်သည် နိရောဓသမာပတ်မှ ထပြီးစ ဖြစ်ခြင်း (ဂုဏာတိရေကသမ္ပဒါ)။
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသောအလှူသည် ဒိဋ္ဌဓမ္မ ယခုပစ္စုပ္ပန်ဘဝ၌ပင် ချက်ချင်း အကျိုးပေးနိုင်သည်။

ပါဠိသဒ္ဒါခက်ဆစ်

သုဗ္ဗတာ— သုခေန ဝဒိတဗ္ဗာတိ သုဝဒါ။ သု + ဝဒ + ဏ။ (ဒွေ ဘော်ပြု ဗွပြု၊ ဒကို တပြု)
သုခသာမဏေရဝတ္ထု ပြီး၏။
ဒဏ္ဍဝဂ် ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၀-ဒဏ္ဍဝဂ်

၁၁-သုခသာမဏေရဝတ္ထုအဋ္ဌကထာဂါထာ

၃၁၀။ ဣစ္ဆိတံ ပတ္ထိတံ တုယှံ, သဗ္ဗမေဝ သမိဇ္ဈတု၊
သဗ္ဗေ ပူရေန္တု သင်္ကပ္ပာ, စန္ဒော ပန္နရသော ယထာ။

တုယှံ၊ သင်၏။ ဝါ၊ သည်။ ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော။ သဗ္ဗမေဝ၊ ကြွင်းမဲ့ဥဿုံ, အလုံးစုံသည်ပင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ ပန္နရသော၊ ၁၅-ရက်မြောက်နေ့၌ ထွက်ပေါ်လာသော။ စန္ဒော ယထာ၊ ရောင်ဝါတင့်ရွှန်း, လပြည့် ဝန်းကဲ့သို့။ သဗ္ဗေ၊ ကြွင်းမဲ့ဥဿုံ, အလုံးစုံကုန်သော။ သင်္ကပ္ပာ၊ စိတ်ဝယ်ကြံဆ, မှန်သမျှတို့သည်။ ပူရေန္တု၊ ပြည့်စုံပါစေကုန် သတည်း။ (ဋ္ဌ-၁၅၈)

၃၁၁။ ဣစ္ဆိတံ ပတ္ထိတံ တုယှံ, ခိပ္ပမေဝ သမိဇ္ဈတု၊
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ, မဏိ ဇောတိရသော ယထာ။

တုယှံ၊ ၏။ ပေ။ သမိဇ္ဈတု၊ သတည်း။ ဇောတိရသော၊ ဇောတိ ရသမည်သော။ [ဇောတိ+ရသော ယဿာတိ ဇောတိရသော၊ တောက်ပ သောအရောင်ရှိသော ပတ္တမြား။] မဏိ ယထာ၊ ပတ္တမြားကဲ့သို့။ သဗ္ဗေ၊ ကုန်သော။ သင်္ကပ္ပါ၊ တို့သည်။ ပူရေန္တု၊ သတည်း။ (ဋ္ဌ-၁၅၉)

သုခသာမဏေရဝတ္ထုပါဠိဂါထာ

၃၁၂။ ဥဒကံ ဟိ နယန္တိ နေတ္တိကာ, ဥသုကာရာ နမယန္တိ တေဇနံ၊
ဒါရုံ နမယန္တိ တစ္ဆကာ, အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

နေတ္တိကာ၊ ရေကိုဆောင်ငြား, လယ်သမားတို့သည်။ ဥဒကံ၊ ရေကို။ (ဣစ္ဆိတိစ္ဆိတဋ္ဌာနံ၊ အလိုရှိရာအလိုရှိရာအရပ်သို့။) နယန္တိဆောင်ကုန်၏။ ဥသုကာရာ၊ မြားကိုပြုလုပ်သူတို့သည်။ တေဇနံ၊ ကောက်သောမြားကို။ နမယန္တိ၊ ဖြောင့်အောင် ညွတ်စေကုန်၏။ (ဖြောင့်အောင် ပြုလုပ်ကုန်၏)။ တစ္ဆကာ၊ လက်သမားတို့သည်။ ဒါရုံ၊ သစ်သားကို။ နမယန္တိ၊ ဖြောင့်အောင် ကွေးအောင် ညွတ်စေ ကုန်၏။ (ဖြောင့်အောင် ကွေးအောင် ပြုလုပ်ကုန်၏)။ သုဗ္ဗတာ၊ ချမ်းသာလွယ်ကူသဖြင့် ပြောဆိုအပ်သူတို့သည်။ (ဆိုဆုံးမရ လွယ် ကူသူတို့သည်)။ ဝါ၊ ကောင်းသော သီလစသော အကျင့်ရှိသူတို့ သည်။ အတ္တာနံ၊ မိမိစိတ်ကို။ ဒမယန္တိ၊ (မဂ်ဖိုလ်၈ထွေ, ဖြစ်ပေါ် စေလျက်) ယဉ်ကျေးစေကုန်၏။ ဝါ၊ ဆုံးမကုန်၏။ (ပါ-၁၄၅)

သုဗ္ဗတာ။ ။ သုခေန+ဝဒိတဗ္ဗာတိ သုဗ္ဗတာ၊ [သု+ဝဒ+ခ၊ ဒကို တပြု၊- ဓမ္မ.ဋ္ဌ)၊ (တစ်နည်း) သုန္ဒရံ+ဝတံ ဧတေသန္တိ သုဗ္ဗတာ။ [သု+ဝတ၊- ထေရ၊ဋ္ဌ၊၁၊၉၀။]

သုခသာမဏေရဝတ္ထုဂါထာနိဿယပြီးပြီ။

ဒဏ္ဍဝဂ်ဂါထာနိဿယပြီးပြီ။