မာတိကာသို့ ခုန်သွားရန်

သုဒ္ဓေါဒနဝတ္ထု

ဝီကီရင်းမြစ် မှ

လောကဝဂ်

၂။ သုဒ္ဓေါဒနမင်းကြီးဝတ္ထု

ဥတ္တိဋ္ဌေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် နိဂြောဓာရုံကျောင်းတော်၌ နေတော်မူစဉ် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကပိလဝတ်ပြည်၌ ဦးစွာ ဆွမ်းခံကြွခြင်း

တစ်ပါးသောအခါ မြတ်စွာဘုရားသည် ရှေးဦးစွာသော ကြွသွားတော်မူခြင်းဖြင့် ကပိလဝတ်ပြည်သို့ ကြွသွားတော်မူသဖြင့် ဆွေတော်မျိုးတော်တို့သည် ပြုအပ်သော ခရီးဦးကြိုဆိုခြင်း ရှိတော်မူလျက် နိဂြောဓာရုံ ကျောင်းတော်သို့ ရောက်တော်မူပြီးလျှင် ဆွေတော်မျိုးတော်တို့၏ မာန်မာနကို ချိုးဖျက်အံ့သောငှာ ကောင်းကင်၌ ရတနာစင်္ကြံကို ဖန်ဆင်းတော်မူ၍ ထိုစင်္ကြံ၌ စင်္ကြံကြွတော်မူလျက် တရားဟောတော်မူလေ၏။ ဆွေတော်မျိုးတော်တို့သည် ကြည်ညိုသောစိတ် ရှိကုန်သည်ဖြစ်၍ သုဒ္ဓေါဒနမင်းကြီးကို အစပြု၍ ရှိခိုးကြလေကုန်၏။ ထိုဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌ ကြာတော၌ရွာသော မိုးနှင့်တူသော ပေါက္ခရဝဿမည်သော မိုးကိုရွာစေတော်မူလေ၏။ ထိုမိုးရွာခြင်းကို အကြောင်းပြု၍ လူများအပေါင်းသည် စကားကို ဖြစ်စေအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ငါသည် ဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌ ပေါက္ခရဝဿမည်သော မိုးကို ရွာစေဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဝေဿန္တရာဇာတ်ကို ဟောကြားတော်မူလေ၏။ တရားဒေသနာကို ကြားနာရပြီးလျှင် ဆွေတော်မျိုးတော်တို့သည် ဖဲသွားကြကုန်သည်ရှိသော် တစ်ယောက်သောသူမျှလည်း မြတ်စွာဘုရားကို မပင့်ဖိတ်လေ၊ မင်းကြီးသည်လည်း “ငါ့သားသည် ငါ၏နန်းတော်သို့ မလာမူ၍ အဘယ်အရပ်သို့ သွားလတ္တံ့နည်း”ဟု နှလုံးပြု၍ မပင့်ဖိတ်ဘဲသာ သွားလေ၏။ သွားပြီး၍သော်ကား အိမ်၌ နှစ်သောင်းသောရဟန်းတို့အလို့ငှာ ယာဂုစသည်တို့ကို စီရင်စေ၍ နေရာတို့ကို ခင်းစေလေ၏။

တစ်ဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရားသည်လည်း ဆွမ်းအလို့ငှာ ဝင်တော်မူလျက် “အသို့နည်း၊ ရှေးလွန်လေပြီးသော ဘုရားရှင်တို့သည် ခမည်းတော်၏မြို့သို့ရောက်လျှင် ဖြောင့်ဖြောင့်တန်းတန်း ဆွေတော်မျိုးတော်တို့၏အိမ်သို့ ဝင်ကြကုန်သလော၊ သို့တည်းမဟုတ် အစဉ်သဖြင့် ဆွမ်းအလို့ငှာ ကြွချီလှည့်လည်ကြကုန်သလော”ဟု ဆင်ခြင်တော်မူလတ်သည်ရှိသော် “အစဉ်သဖြင့် ကြွချီ လှည့်လည်တော်မူကြလေကုန်၏”ဟု မြင်တော်မူ၍ ရှေးဦးစွာသောအိမ်မှစ၍ ဆွမ်းအလို့ငှာ ကြွချီ၍ဝင်တော်မူလေ၏။ ရာဟုလာ၏မယ်တော် ယသော်ဓရာ မိဖုရားသည် ပြာသာဒ်အပြင်၌ နေလျက်သာလျှင် မြင်ရသဖြင့် ထိုအကြောင်းကို မင်းကြီးအား ပြောကြားသံတော်ဦးတင်လေ၏။ သုဒ္ဓေါဒနမင်းကြီးသည် ဝတ်လဲတော်ပုဆိုးကို ကောင်းစွာ မဝတ်ဆင်နိုင်မူ၍ လျင်မြန်စွာ ထွက်လာခဲ့၍ မြတ်စွာဘုရားကိုရှိခိုးလျက် “သားတော်ဘုရား- အဘယ့်ကြောင့် ဒါယကာကြီးကို ဖျက်ဆီး နှိပ်စက်ဘိသနည်း။ ဆွမ်းအလို့ငှာ လှည့်လည်ခြင်းဖြင့် အလွန်လျှင် ရှက်ဖွယ်ကို ဖြစ်စေအပ်၏။ ရှင်တော်ဘုရားတို့သည် ရွှေထမ်းစင် စသည်တို့ဖြင့် ဤပြည်တွင်း၌သာလျှင် လှည့်လည်သွားလာပြီးလျက် ဆွမ်းအလို့ငှာ သွားခြင်းငှာ သင့်သည်မဟုတ်လော။ အဘယ့်ကြောင့် ဒါယကာကြီးကို ရှက်စေဘိသနည်း”ဟု လျှောက်ဆိုလေ၏။ “မြတ်သော ခမည်းတော်မင်းကြီး- ငါဘုရားသည် ဒါယကာကြီးကို ရှက်စေသည်မဟုတ်၊ မိမိ၏အမျိုးအနွယ်သို့သာ အစဉ်လိုက်၍ ကျင့်ရပေ၏”ဟု မိန့်တော်မူလတ်သော် “သားတော်ဘုရား- ဆွမ်းအလို့ငှာ လှည့်လည်သွားလာ၍ အသက်မွေးသော အနွယ်ဟူသည် အသို့ဖြစ်နိုင်ပါအံ့နည်း”ဟု လျှောက်ဆိုလေ၏။ “မြတ်သောမင်းကြီး- ဤဆွမ်းခံ၍ အသက်မွေးသော အနွယ်သည် သင်ဒါယကာကြီး၏ အနွယ်မဟုတ်၊ ဤအနွယ်သည် ငါဘုရား၏အနွယ်ဖြစ်၏။ ထောင်ပေါင်းများစွာကုန်သော ဘုရားရှင်တို့သည် ဆွမ်းအလို့ငှာ လှည့်လည်၍သာလျှင် အသက်မွေးတော်မူကြကုန်၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၆၈] ဥတ္တိ‌ဋ္ဌေ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။

[၁၆၉] ဓမ္မဉ္စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။

ဥတ္တိဋ္ဌေ၊ သူ့အိမ်တံခါး ရပ်နားကြည်ဖြူ ခံယူအပ်သောဆွမ်း၌။ နပ္ပမဇ္ဇေယျ၊ မမေ့မလျော့ရာ။ သုစရိတံ၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မံ၊ ဆွမ်းခံခြင်းဟူသော အကျင့်ကို။ စရေ၊ ကျင့်ရာ၏။ ဓမ္မစာရီ၊ ဆွမ်းခံသဖြင့် ဝတ်အကျင့်ကို ဖြည့်ကျင့်လေ့ရှိသော ပုဂ္ဂိုလ်သည်။ အသ္မိံ လောကေ စ၊ ဤလောက၌လည်းကောင်း။ ပရမှိ စ၊ တမလွန် လောက၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

သုစရိတံ၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မံ၊ ဆွမ်းခံသွားခြင်းဟူသော အကျင့်ကို။ စရေ၊ ကျင့်ရာ၏။ ဒုစ္စရိတံ၊ မကောင်းသဖြင့် ကျင့်အပ်သား။ နံ၊ ထိုဆွမ်းခံအကျင့်ကို။ န စရေ၊ မကျင့်ရာ။ ဓမ္မစာရီ၊ တရားသဖြင့် ဆွမ်းခံအကျင့်ကို ကျင့်လေ့ရှိသောပုဂ္ဂိုလ်သည်။ အသ္မိံ လောကေ စ၊ ဤလောက၌လည်းကောင်း။ ပရမှိ စ၊ တမလွန်လောက၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။

(သေတင်းကုပ်, ပဏ္ဍုက်အိမ်, ဘိက္ခုနီမကျောင်း, အပျိုကြီးအိမ်, မုဆိုးမအိမ်, ပြည့်တန်ဆာမအိမ်, ဤခြောက်အိမ်၌ အကျွမ်းဝင်လျက် ဆွမ်းခံသွားခြင်းသည် ဒုစ္စရိတမည်၏။)

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သုဒ္ဓေါဒနမင်းကြီးဝတ္ထုပြီး၏။