သုဒ္ဓေါဒနဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၃-လောကဝဂ်။ ၂-သုဒ္ဓေါဒနဝတ္ထု
၁၆၈။ ဥတ္တိဋ္ဌေ နပ္ပမဇ္ဇေယျ၊ ဓမ္မံ သုစရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမ္ပိ စ။
၁၆၉။ ဓမ္မံ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ကပိလဝတ္ထုပြည် နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားတော်ဘုရား အိမ်စဉ်အတိုင်း ဆွမ်းခံကြွသည်ကို မကျေနပ်သဖြင့် ခမည်းတော်ကို အရှက်ခွဲသည်ဟုလျှောက်ထားသော သုဒ္ဓေါဒနမင်းကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ သုဒ္ဓေါဒနမင်းကြီး သောတာပန်ဖြစ်သည်။
အနက်
ဥတ္တိဋ္ဌေ၊ ဆွမ်းခံဝတ်၌။ နပ္ပမဇ္ဇေယျ၊ မမေ့မလျော့ရာ။ သုစရိတံ၊ ကောင်းစွာကျင့်အပ်သော။ ဓမ္မံ၊ အကျင့်တရားကို။ စရေ၊ ကျင့်ရာ၏။ ဓမ္မစာရီ၊ တရားကိုကျင့်သောသူသည်။ အသ္မိံ လောကေ စ၊ ဤပစ္စုပ္ပန်လောက၌လည်းကောင်း။ ပရမှိ စ၊ တမလွန်ဘဝ၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။
သုစရိတံ ဓမ္မံ၊ ကောင်းစွာကျင့်အပ်သော ဆွမ်းခံအကျင့်ကို။ စရေ၊ ကျင့်ရာ၏။ ဒုစ္စရိတံ၊ မကောင်းသဖြင့် ကျင့်အပ်သော။ နံ၊ ထိုဝေသိယာဂေါစရစသည်တို့၌ ဆွမ်းခံအကျင့်ကို။ န စရေ၊ မကျင့်ရာ။ ဓမ္မစာရီ၊ တရားကိုကျင့်သောသူသည်။ အသ္မိံ လောကေ စ၊ ဤပစ္စုပ္ပန်လောက၌လည်းကောင်း။ ပရမှိ စ၊ တမလွန်ဘဝ၌လည်းကောင်း။ သုခံ၊ ချမ်းသာစွာ။ သေတိ၊ နေရ၏။
စကားပြေ
ဆွမ်းခံဝတ်အကျင့်ကို မမေ့မလျော့ ပြုရာ၏။ တရားသောနည်းဖြင့် ဆွမ်းခံအကျင့်ကိုကျင့်ရမည်။ မတရားသောနည်းဖြင့် ဆွမ်းခံအကျင့်ကို မကျင့်ရာ။ တရားသောနည်းဖြင့် ဆွမ်းခံသောသူသည် ဤပစ္စုပ္ပန်လောက တမလွန်လောကတို့၌ ချမ်းသာစွာနေရ၏။
ဥတ္တိဋ္ဌေ— သူတပါးတို့၏ အိမ်တံခါးတို့၌ ရပ်၍ ရှယူအပ်သော ဆွမ်းရ၏။
နပ္ပမဇ္ဇေယျ— ပိဏ္ဍစာရိကဝတ်ကို (ဝါ) ဆွမ်းခံဝတ်ကိုဖျက်၍ မြတ်သော ဘောဇဉ်ကို ရှာသောသူသည် မေ့လျော့သည်မည်၏။ အိမ်စဉ်အတိုင်း ဆွမ်းကို ရှာသောသူသည် မမေ့မလျော့သည်မည်၏။
သုစရိတဓမ္မ— အနေသနကိုပယ်၍ အိမ်စဉ်အတိုင်း ဆွမ်းခံသောပုဂ္ဂိုလ်၏ ဆွမ်းခံသောအကျင့်ရ၏။
ဒုစ္စရိတံ— ပြည့်တန်ဆာမ အစရှိသော မသွားလာအပ်သော ပုဂ္ဂိုလ်တို့ထံ၌ ဆွမ်းခံသောပုဂ္ဂိုလ်၏ ဆွမ်းခံသောအကျင့်ရ၏။
သေတိ— ဣရိယာပထ် လေးပါးလုံးကိုရ၏။
ဘုရားရှင်တို့အလေ့
ဘုရားရှင်တို့သည် ခမည်းတော်၏ မြို့သို့ရောက်လျှင် အမျိုးအိမ်သို့ ဝင်ရောက်ခြင်းကိုမပြုပဲ အိမ်စဉ်အတိုင်း ဆွမ်းခံကြွခြင်းသည် ရှေးဘုရားရှင်တို့၏ အလေ့အကျင့်ဖြစ်သည်။
ဘုရားရှင်သည် ရှေးဦးစွာ ကပိလဝတ္ထုပြည်သို့ကြွ၍ ကောင်းကင်တွင် ရတနာစက်၌ စင်္ကြံကြွလျက် တရားဟောကာ ဆွေတော် မျိုးတော်တို့၏မာနကို နှိမ်ချိုးဖျက်ဆီးရသည်။ ခမည်းတော်ကြီးသည် တန်ခိုးတော်တို့ကိုမြင်ပြီး ရှိခိုးကန်တော့သော်လည်း မပင့်ဖိတ်ပဲ သံဃာတော် နှစ်သောင်း အတွက် ယာဂုစသည်ကို စီစဉ်သည်။ မပင့်ဖိတ်သောကြောင့် လည်းကောင်း၊ ရှေးဘုရားရှင်များ၏ အစဉ်အလာကြောင့် လည်းကောင်း နန်းတော်သို့ တိုက်ရိုက်မကြွပဲ ဆွမ်းခံကြွတော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၆။)
သုဒ္ဓေါဒနဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၃-လောကဝဂ်
၂-သုဒ္ဓေါဓနဝတ္ထုပါဠိဂါထာ
ဓမ္မစာရီ သုခံ သေတိ, အသ္မိံ လောကေ ပရမှိ စ။
ဥတ္တိဋ္ဌေ၊ ဆွမ်းကိုရည်မှတ်, မတ်မတ်ရပ်၍, ကျင့်အပ်မှန်မှန်, ဆွမ်းခံခြင်း၌။ [ပိဏ္ဍာယ ဥဒ္ဒိဿ, ဥဋ္ဌဟိတွာ ဝါ တိဋ္ဌနံ ဥတ္တိဋ္ဌံ။ ပါစိယော၂၁၇။] န ပမဇ္ဇေယျ၊ ကောင်းသည့် ဘောဇန်, စားသောက်ရန်ဖြင့်, ဆွမ်းခံဖျက်၍, မမေ့လျော့ရာ။ ဓမ္မံ၊ ကောင်းဆိုးနှစ်တန်, ရရာခံ၍, ခြိုးခြံစားလင့်, တရားအကျင့်ကို။ သုစရိတံ၊ မိစ္ဆာဇီဝ, အနေသနတို့, စစလွတ် ကင်း, သန့်ရှင်းစွာ ကျင့်အပ်သည်မည်လောက်အောင်။ စရေ၊ ရောဂါဘေးဒဏ်, မရှိမှန် လျှင်, ကျင့်ကြံကြိုးကုတ်, အားထုတ်သင့်လှပေ၏။ ဓမ္မစာရီ၊ ဆွမ်းခံအကျင့်, မှန်မလင့် အောင်, အသင့်ကြိုးကုတ်, အားထုတ်လေ့ရှိသော ပုဂ္ဂိုလ်သည်။ အသ္မိံ လောကေ၊ လက်ရှိမှန်စွာ, ကိုယ်ခန္ဓာ၏, ရရာကာလ, ဤလောက၌လည်းကောင်း။ ပရမှိ စ၊ အနာဂတ်ရောက်, နောက်နောက်ခန္ဓာ, ရရာကာလ, နောက်လောက၌လည်းကောင်း။ သုခံ သေတိ၊ သွားရပ်ထိုင်လျောင်း, လိုရာပြောင်း၍, အကြောင်းအားလျော်စွာ, ချမ်း သာလေတော့သတည်း။ (ပါ-၁၆၈)
၁။ ဟီနံ။ ။ ဟေသိ ဟီနတ္တံ အဂမီတိ ဟီနော၊ [ဟိ+န၊ ဟိ၌ဒီဃပြု၊-မောဂ်-၇၊၁၀၇၊] ဟီယိတ္ထာတိ ဟီနော၊[ဟာ စာဂေ+တ၊ တကို နပြု, ဤလာ၊-နိဒီ-၅၀၀။ (တစ်နည်း) တကို ဤဏ ပြု, ကွစိ ဓာတုဖြင့် ဏကို န-ပြု၊-ရူ-၃၈၅။] ဟီနအရ ယုတ်ညံ့သူ, ယုတ်ညံ့သောဌာနကို မုချ အားဖြင့် ယူ၊ ဌာနဖြစ်သော ပုဂ္ဂိုလ်၏ ဟီနအမည်ကို ဌာနီဖြစ်သော ကာမဂုဏ်ငါးပါး၌ တင်စား သော ဌာနူပစာရအားဖြင့်လည်းကောင်း အကျိုးဟီနဂတိ၏ ဟီနအမည်ကို အကြောင်းကာမဂုဏ် ငါးပါး၌ တင်စားသော ဖလူပစာရအားဖြင့်လည်းကောင်း ကာမဂုဏ်ငါးပါးကို ဟီနဟု ဆိုရသည်၊ (တစ်နည်း)“ဟီနေဟိ+ပဋိသေဝိတဗ္ဗော ဟီနော၊ ဟီနေသု+ဌိတော ဟီနော၊ ဟီနေသု ဌာနေသု+ နိဗ္ဗတ္တာပေတီတိ ဟီနော”ဟု ပြု။ (ဓမ္မ-ဋီ-၁၈၅)
ဓမ္မစာရီ သုခံ သေတိ, အသ္မိံ လောကေ ပရမှိ စ။
ဓမ္မံ၊ ဆွမ်းခံအကျင့်ကို။ သုစရိတံ၊ အနေသန, စသည်လွတ်ကင်း၍, သန့်ရှင်း စွာ ကျင့်အပ်သည်မည်လောက်အောင်။ စရေ၊ ကျင့်ရာ၏။ နံ၊ ထိုဆွမ်းခံအကျင့်ကို။ ဒုစ္စရိတံ၊ ဝေသိယာဂေါစရ, စသည်စုပေါင်း, မကောင်းသဖြင့် ကျင့်အပ်သည်မည် လောက်အောင်။ န စရေ၊ မကျင့်ရာ။ ဓမ္မစာရီ၊ ဆွမ်းခံအကျင့်ကို ကျင့်လေ့ရှိသော ပုဂ္ဂိုလ်သည်။ အသ္မိံ လောကေ၊ ဤလောက၌လည်းကောင်း။ ပရမှိ စ၊ နောက်လောက ၌လည်းကောင်း။ သုခံ၊ ချမ်းချမ်းသာသာ။ သေတိ၊ အိပ်ရနေရ၏။ (ပါ-၁၆၉)
သုဒ္ဓေါဓနဝတ္ထုဂါထာနိဿယပြီးပြီ။