ပဉ္စသတဝိပဿကဘိက္ခုဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၃-လောကဝဂ်။ ၃-ပဉ္စသတဝိပဿကဘိက္ခုဝတ္ထု
၁၇၀။ ယထာ ပုဗ္ဗုဠကံ ပဿေ၊ ယထာ ပဿေ မရီစိကံ။
ဧဝံ လောကံ အဝေက္ခံ၊ မစ္စုရာဇာ န ပဿတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရဟတ္တဖိုလ်ပေါက်တရားကို ထပ်မံတောင်းရန် ဘုရားရှင်ထံလာယဉ်း လမ်းခရီး၌ တံလှပ်ကိုမြင်သဖြင့် တံလှပ်ကို ကမ္မဋ္ဌာန်းစီးဖြန်းကာလာကြသော ရဟန်းငါးရာတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရဟန်းငါးရာ ရဟန္တာဖြစ်ကြသည်။
အနက်
ပုဗ္ဗုဠကံ၊ ရေမြှုပ်ကို။ ပဿေ ယထာ၊ ရှူမြင်သကဲ့သို့လည်းကောင်း။ မရီစိကံ၊ တံလှပ်ကို။ ပဿေ ယထာ၊ ရှူမြင်သကဲ့သို့လည်းကောင်း။ ဧဝံ၊ ဤအတူ။ လောကံ၊ ခန္ဓာငါးပါးတည်းဟူသော လောကကို။ အဝေက္ခံ၊ ကြည့်ရှုသူကို။ မစ္စုရာဇာ၊ သေမင်းသည်။ န ပဿတိ၊ မမြင်နိုင်။
စကားပြေ
ရေမြှုပ်နှင့်တံလှပ်ကို ကြည့်ရှု ဆင်ခြင်သကဲ့သို့ ခန္ဓာငါးပါးတည်းဟူသော လောကကို ကြည့်ရှုဆင်ခြင်သူကို သေမင်းမမြင်နိုင်။ ရေမြှုပ်နှင့်တံလှပ်သည် အဝေးကကြည့်လျှင် အထည်ဒြပ်အမျိုးမျိုးထင်ရသော်လည်း အနီးအနား ရောက်လျှင် ဘာမျှမရှိတော့သကဲ့သို့ ဤခန္ဓာကိုယ်လည်း ဖြစ်ပြီး ပျက်သွားသဖြင့် ဘာမျှ မရှိတော့သည့်အတွက် ရေမြှုပ် တံလှပ်နှင့်တူသည်။
ပါဠိသဒ္ဒါခက်ဆစ်
မရီစိကံ = မိယျန္တေ ခုဒ္ဒဇန္တဝေါ အနေနာတိ မရီစိ၊ မရ် + ဤစိ။ မရီစိဒိယ မရီစိ။
မစ္စုရာဇာ = မစ္စုဧဝ ရာဇာ မစ္စုရာဇာ။ မစ္စု + ရာဇာ။
ပဉ္စသတဝိပဿကဘိက္ခုဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၃-လောကဝဂ်
၃-ပဉ္စသတဝိပဿကဘိက္ခုဝတ္ထုပါဠိဂါထာ
ဧဝံ လောကံ အဝေက္ခန္တံ, မစ္စုရာဇာ န ပဿတိ။
ပုဗ္ဗုဠကံ၊ ရေပူဖောင်း (ရေပွက်) ကို။၁ ပဿေ ယထာ၊ ဖြစ်လျှင်ပျက်ပြီး,အချည်း နှီးအသွင်, ရှုမြင်သကဲ့သို့လည်းကောင်း။ မရီစိကံ၊ တံလျှပ်ကို။ ပဿေ ယထာ၊ ကောင်း။ ဧဝံ၊ တူ။ လောကံ၊ ခန္ဓာစသော လောကကို။ အဝေက္ခန္တံ၊ ဖြစ်လျှင်ပျက်ပြီး, အချည်းနှီး အသွင်, ရှုမြင်သူကို။ မစ္စုရာဇာ၊ သေမင်းသည်။ န ပဿတိ၊ မမြင်နိုင်။ (ပါ-၁၇၀)
၁။ ပုဗ္ဗုဠကံ။ ။ ထောမနိဓိ၌ ရေပွက်အနက်ဟော “ဗုဒ္ဗုဒ”ဟုရှိ၏၊ ဗုဒဓာတ်, နိသာမန (စုံစမ်းကြည့်ရှုနားထောင်ခြင်း)အနက်, ကပစ္စည်း၊ ဓာတ်အဆုံးသရချေ၊ ဗုဒ်ဗုဒ်ဟု ဒွေဘော်ပြု၊ (ဗုဒ်ဗုဒ်+က)၊ ကအနုဗန်ချေ၊ (ဗုဒ်ဗုဒ)၊ ဒ်ကို နောက်ဗုသို့ ကပ်၍ “ဗုဒ္ဗုဒ”ဟု ပြီးစေ၏၊ ပါဠိ၌ ဗုဒဓာတ်, အပစ္စည်း, ဗုဗုဟု ဒွေဘော်ပြု၊(ဗုဗုဒ)၊ နောက်ဗထက် ဗဒွေဘော်လာ, ဒကို ဠပြု, (ဗုဗ္ဗုဠ), ရှေ့ဗကို ပပြု, သွတ္ထ၌ ကပစ္စည်းသက်၍ ပုဗ္ဗုဠကဖြစ်သည်၊ “ဗောဓီယတေတိ(ကြည့် ရှုအပ်သောကြောင့်) ပုဗ္ဗုဠံ၊ ပုဗ္ဗုဠံယေဝ ပုဗ္ဗုဠကံ”ဟုပြု၊ ထောမ၌ ပုံလိင်ဟု ဆို၏၊ ပါဠိ၌ “ဥဒကဗု(ပု)ဗ္ဗုဠံ(အံ၊၂၊၅၀၂)”ဟု နပုံလိင်ဖြင့် ရှိ၏။ (သမ္မောဘာ၊၁၊၁၀၄၊ သပြေနိ၊၃၊၂၅၄ရှု)
ပဉ္စသတဝိပဿကဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။