အဂ္ဂိကဘာရဒွါဇဇာတ်
ဧကကနိပါတ်-ကုသနာဠှိဝဂ်
၉။ အဂ္ဂိကဘာရဒွါဇဇာတ်
ဤဝတ္ထုသည်လည်းအံ့ဘွယ်သရဲကို ဖြစ်စေသော အကြောင်းပင်တည်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နာယံ သိခါ ပုညဟေတု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဂ္ဂိကဘာရဒွါဇဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းကိုလျှင် အကြောင်း ပြု၍ ဟောတော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ကြွက်မင်းဖြစ်၍ တော၌ နေ၏။ ထိုအခါ တခုသားမြေခွေးသည် တောမီးလောင်သည်ရှိသော် ပြေးအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ တခုသောသစ်ပင်၌ ဦးခေါင်းကိုဆိုက်၍ နေ၏။ ထိုမြေခွေး၏ ကိုယ်အလုံး၌ အမွေးတို့ကို မီးလောင်ကုန်၏။ သစ်ပင်ကိုဆိုက်၍ တည်ရာဖြစ်သောထိပ်၌ ဦးစွန်းကဲ့သို့ အနည်းငယ်သော အမွှေးတို့သည် တည်ကုန်၏။ ထိုမြေခွေးသည် တနေ့သ၌ ရေအိုင်၌ရောက်စဉ် အရိပ်ကိုကြည့်သည်ရှိသော် ဦးစွန်းကိုမြင်၍ ယခုငါ့အား အသက်မွေးခြင်း၏အရင်းသည် ဖြစ်ပြီဟု တော၌ လှည့်လည်သည်ရှိသော် ထိုကြွက်အပေါင်းတို့ကိုမြင်၍ ဤကြွက်တို့ကို လှည့်စား၍စားအံ့ဟု အောက်၌ဆိုအပ်ပြီးသောနည်းဖြင့်သာလျှင် ကြွက်တို့၏အနီး၌ နေ၏။
ထိုအခါ မြေခွေးကို ဘုရားလောင်းသည် အစာရှာသွားသည်ရှိသော်မြင်၍ ဤမြေခွေးသည် သီလရှိသည် ဖြစ်လတ္တံ့ဟု အမှတ်ရှိသည်ဖြစ်၍ ချဉ်းကပ်၍ သင်သည် အဘယ်အမည်ရှိသနည်းဟု မေး၏။ ငါသည် အဂ္ဂိကဘာရဒွါဇ အမည်ရှိ ၏ဟု ဆို၏။ ထို့နောင်မှ အဘယ့်ကြောင့် ဤအရပ်သို့ လာသနည်းဟု မေး၏။ အချင်း သင်တို့ကို စောင့်ရှောက်အံ့သောငှါ လာ၏ဟု ဆို၏။ ငါတို့ကို အဘယ်သို့ပြု၍ စောင့်ရှောက်လတ္တံ့နည်းဟု ဆို၏။ ငါသည် အမြီးရေတွက်ခြင်းမည်သည်ကိုသိ၏။ သင်တို့သည် စောစောကလျှင်ထွက်၍ အစာရှာသွားသောကာလ၌ ဤမျှရှိကုန်၏ဟု ရေတွက်၍ တဖန် ပြန်သောကာလ၌လည်း ရေတွက်အံ့၊ ဤသို့ညနံနက် ရေတွက်လျှက် စောင့်ရှောက်အံ့ဟုဆို၏။ ဦးရီး ထိုသို့တပြီးကား စောင့်လော့ဟု ဆို၏။ ထိုမြေခွေးသည် ကောင်းပြီဟု ဝန်ခံ၍ ထွက်သော ကာလ၌ တကောင်နှစ်ကောင်သုံးကောင်အစရှိသည်ဖြင့် ရေတွက်၍ ပြန်လာသောကာလ၌လည်း ထို့အတူလျှင် ရေ တွက်၍ အလုံးစုံသောကြွက်တို့၏ နောက်ဖြစ်သော ကြွက်ကိုဖမ်း၍ စား၏။ ကြွင်းသောစကားသည် ရှေးဝတ္ထုနှင့်တူသလျှင်ကတည်း၊ ဤအဂ္ဂိကဘာရဒွါဇဇာတ်၌ကား ကြွက်မင်းသည် ပြန်၍ တည်လျက် အိုအဂ္ဂိကဘာရဒွါဇ ကောင်းသောအကျင့်ရှိသည်၏အဖြစ်အားဖြင့် သင်၏ထိပ်၌ ဤဦးစွန်းကို မထားအပ်၊ ဝမ်းဟူသော အကြောင်းကြောင့်ကား ထားအပ်၏ဟု ဆိုလို၍-
နာဂုဋ္ဌိဂဏနံ ယာတိ၊ အလံ တေ ဟောတု အဂ္ဂိက။
ဟူသော ဤဂါထာကို ဆို၏။
၁၂၉။ အဂ္ဂိက၊ အဂ္ဂိက။ ပုညဟေတု၊ ကောင်းမှုဟူသော အကြောင်းကြောင့်။ အယံ သိခါ၊ ဤဦးစွန်းကို။ န ဌပိတာ၊ မထားအပ်။ ဃာသဟေဟု၊ အစာဟူသောအကြောင်းကြောင့်။ အယံ သိခါ၊ ဤဦးစွန်းကို။ ဌပိတာ၊ ထားအပ်၏။ အယံ မူသိကဂဏာ၊ ဤကြွက်အပေါင်းသည်။ အဂူဠိဂဏနံ၊ အမြီးရေတွက်ခြင်းသို့။ န ယာတိ၊ မရောက်။ တေ၊ သင်အား။ ဧတ္တာဝတာ၊ ဤမျှဖြင့်သာ အလံ ဟောတု၊ တန်သည်ဖြစ်စေလော။
ကြွင်းသောစကားသည် ရှေးဝတ္ထုနှင့် တူသလျင်ကတည်း။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဤရဟန်းသည် ထိုအခါ မြေခွေး ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကြွက်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
အလိမ်အဝါ၊ ခဏသာ၊ ကြာလာဘေးဖြစ် ဇီဝိန်ပစ်
ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော အဂ္ဂိကဘာရဒွါဇဇာတ်သည် ပြီး၏။
*****