အညတရဗြာဟ္မဏဝတ္ထု
ပိယဝဂ်
၆။ မထင်ရှားသော ပုဏ္ဏားဝတ္ထု
တဏှာယ ဇာယတီအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
လယ်ထွန်ရာသို့ ဘုရားရှင် နေ့စဉ်ကြွခြင်း
ထိုပုဏ္ဏားသည် မိစ္ဆာအယူရှိသော သူတစ်ယောက်ဖြစ်၍ တစ်နေ့သ၌ မြစ်ကမ်းနားသို့သွား၍ လယ်ကို သုတ်သင်သတတ်၊ မြတ်စွာဘုရားသည် ထိုပုဏ္ဏား၏ အကြောင်းဥပနိဿယ၏ ပြည့်စုံခြင်းကို မြင်တော်မူ၍ ထိုပုဏ္ဏား၏ အထံသို့ ကြွသွားတော်မူလေ၏၊ ပုဏ္ဏားသည် ဘုရားရှင်ကို မြင်သော်လည်း အရိုအသေပြုအပ်သောအမှုကို မပြုမူ၍ ဆိတ်ဆိတ်နေလေ၏။ ထိုအခါ ပုဏ္ဏားကို ဘုရားရှင်သည် ရှေးဦးစွာ ခေါ်တော်မူလျက် “ပုဏ္ဏား- အဘယ်အမှုကို ပြုသနည်း”ဟု မိန့်မြွက်တော်မူလေ၏၊ “အို.. အရှင် ဂေါတမ- လယ်ကို သုတ်သင်၏”ဟု စကားတုံ့ပြန်သဖြင့် ဘုရားရှင်သည် ဤမျှလောက်သော စကားကိုသာ မိန့်တော်မူ၍ ကြွသွားတော်မူလေ၏။ တစ်ဖန် မိုးသောက်သော နေ့၌လည်း လယ်ထွန်ခြင်းငှာလာသော ပုဏ္ဏား၏အထံသို့ ကြွသွားတော်မူ၍ “ပုဏ္ဏား- အဘယ်အမှုကိုပြုသနည်း”ဟု မေးတော်မူသောကြောင့် “အို.. အရှင်ဂေါတမ- လယ်ကိုထွန်၏”ဟု စကားတုံ့ပြန်သည်ကို ကြားတော်မူရပြီးလျှင် ဖဲကြွတော်မူလေ၏၊ တစ်ဖန် မိုးသောက်သောနေ့၌လည်း ထို့အတူ မေးမြန်းတော်မူပြန်လေ၏၊ “အို.. အရှင်ဂေါတမ- လယ်ကိုစိုက်ပျိုး၏၊ ရေသွင်း၏၊ စောင့်၏၊” ဤသို့ အစရှိသည်ဖြင့် စကားတုံ့ပြန်သည်ကို ကြားတော်မူရပြီးလျှင် ဖဲကြွသွားတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားကို တစ်နေ့သ၌ ပုဏ္ဏားသည် “အို.. အရှင်ဂေါတမ- အသင်ကား အကျွန်ုပ်၏ လယ်ကို သုတ်သင်သောနေ့မှစ၍ လာခဲ့ပေ၏၊ အကျွန်ုပ်၏ ကောက်ပင်သည် အကယ်၍ ပြည့်စုံအောင်မြင်သည် ဖြစ်ငြားအံ့၊ အသင့်အတွက်လည်း ခွဲဝေခြင်းကို ပြုပေအံ့၊ အသင့်အား မပေးမူ၍ ကိုယ်တိုင်မစားသောက်ပါအံ့၊ ယခုအခါ ဤနေ့မှစ၍ အသင်သည် အကျွန်ုပ်၏ အဆွေခင်ပွန်းတည်း”ဟု ဆိုလေ၏။
စိတ်ဆင်းရဲသော ပုဏ္ဏားအား စောင်မတော်မူခြင်း
ထိုမှ နောက်ဖြစ်သော အခါတစ်ပါး၌ ပုဏ္ဏား၏ ကောက်ပင်သည် ပြည့်စုံအောင်မြင်လေ၏၊ ထိုပုဏ္ဏားကြီးသည် “ငါ၏ ပြည့်စုံအောင်မြင်သော ကောက်ပင်ကို ယခုအခါ နက်ဖြန်၌ ရိတ်ဖြတ်စေတော့အံ့”ဟု ကြံ၍ ရိတ်ဖြတ်ခြင်းအကျိုးငှာ ပြုအပ်သောကိစ္စကို ပြုပြီးသည်ရှိသော် ညဉ့်အခါ၌ မိုးကြီးရွာ၍ အလုံးစုံသော ကောက်ပင်ကို ဆောင်ယူကာ မျောစေသောကြောင့် လယ်သည် အချည်းနှီးပြု၍ ထားအပ်သည်နှင့်တူစွာ ဖြစ်ခဲ့လေ၏၊ မြတ်စွာဘုရားသည်ကား ရှေးဦးစွာသော နေ့၌ပင်လျှင် “ထိုကောက်ပင်သည် မပြည့်စုံလတ္တံ့”ဟု သိတော်မူ၏။ ပုဏ္ဏားသည် နံနက်စောစောကသာလျှင် “လယ်ကို ကြည့်ရှုဦးအံ့”ဟု သွားလတ်သည်ရှိသော် အချည်းနှီးသော လယ်မြေကို မြင်ရလျှင် အားကြီးစွာဖြစ်သော စိုးရိမ်ခြင်းရှိသဖြင့် “ရဟန်းဂေါတမသည် ငါ၏ လယ်ကို သုတ်သင်သောနေ့မှစ၍ လာခဲ့ပေ၏။ ငါသည်လည်း ထိုရဟန်းဂေါတမကို ဤကောက်ပင် ပြည့်စုံအောင်မြင်သည်ရှိသော် အသင့်အတွက်လည်း ခွဲဝေခြင်းကို ပြုပေအံ့၊ အသင့်အား မပေးမူ၍ ကိုယ်တိုင်မစားသောက်ပါအံ့၊ ယခုအခါ ဤနေ့မှစ၍ အသင်သည် အကျွန်ုပ်၏ အဆွေခင်ပွန်းတည်းဟု ဆိုဖူး၏။ ငါ၏ ထိုနှလုံးအလိုသည်လည်း အပြီးအဆုံးသို့မရောက်”ဟု ကြံစည်လေ၏။ ထိုပုဏ္ဏားကြီးသည် အစာအာဟာရဖြတ်ခြင်းကိုပြု၍ ညောင်စောင်း၌ အိပ်စက်လေ၏။ ထိုအခါ ဘုရားရှင်သည် အိမ်တံခါးသို့ ကြွရောက်တော်မူလေ၏။ ပုဏ္ဏားကြီးသည် ဘုရားရှင်ကြွလာခြင်းကို ကြားသိရလျှင် “ငါ၏ အဆွေခင်ပွန်းကို ဆောင်ယူခဲ့၍ ဤအရပ်၌ နေစေကြပါကုန်လော့”ဟု ဆိုလတ်သဖြင့် အခြံအရံ ပရိသတ်သည် ထိုပုဏ္ဏားဆိုတိုင်း ပြုလေ၏။
မြတ်စွာဘုရားသည် နေတော်မူပြီးလျှင် “ပုဏ္ဏားကြီးသည် အဘယ်မှာနည်း”ဟု မေးမြန်းတော်မူသောကြောင့် “တိုက်ခန်း၌ အိပ်နေပါသည်ဘုရား”ဟု လျှောက်ဆိုလတ်သည်ရှိသော် “ထိုပုဏ္ဏားကို ခေါ်ကြကုန်လော့”ဟု ခေါ်စေတော်မူပြန်သောကြောင့် ရောက်လာပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ နေသော ပုဏ္ဏားကို “ပုဏ္ဏားကြီး- အသို့ဖြစ်ဘိသနည်း”ဟု မိန့်တော်မူလေ၏။ “အို.. အရှင်ဂေါတမ- ရှင်တော်ဘုရားတို့သည် တပည့်တော်၏ လယ်ကို သုတ်သင်သောနေ့မှစ၍ ကြွလာတော်မူပေ၏။ တပည့်တော်လည်း ကောက်ပင်ပြည့်စုံအောင်မြင်သည်ရှိသော် ရှင်တော်ဘုရားတို့အတွက် ခွဲဝေခြင်းကို ပြုပါအံ့ဟု ဆိုဖူး၏။ တပည့်တော်၏ ထိုနှလုံးအလိုသည် မပြည့်မစုံဖြစ်ရပါသည်။ ထို့ကြောင့် တပည့်တော်အား စိုးရိမ်ခြင်းသည် ဖြစ်ရပါသည်။ ထမင်းသည်လည်း တပည့်တော်အား မနှစ်သက်စေပါဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ပုဏ္ဏားကြီးကို မြတ်စွာဘုရားသည် “ပုဏ္ဏားကြီး- အဘယ်ကိုမှီ၍ သင့်အား စိုးရိမ်ခြင်းဖြစ်ရဘိသနည်း။ သင်-သိ၏လော”ဟု မေးတော်မူလျှင် “အို.. အရှင်ဂေါတမ- တပည့်တော် မသိပါ။ ရှင်တော်ဘုရား သိပါသလောဘုရား”ဟု လျှောက်ဆိုသည်ရှိသော် “ပုဏ္ဏားကြီး- ငါကား သိသည်မှန်၏၊ စိုးရိမ်ခြင်းသည်လည်းကောင်း၊ ဘေးရန်သည်လည်းကောင်း ဖြစ်ပေါ်လတ်သည်ရှိသော် ခြောက်ဒွါရ၌ဖြစ်သော တဏှာကိုမှီ၍ ဖြစ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတောဘယံ။
တဏှာယ၊ ခြောက်ဒွါရ၌ဖြစ်သော တဏှာကြောင့်။ သောကော၊ စိုးရိမ်ခြင်းသည်။ ဇာယတိ၊ ဖြစ်၏။ တဏှာယ၊ ခြောက်ဒွါရ၌ဖြစ်သော တဏှာကြောင့်။ ဘယံ၊ ဘေးရန်သည်။ ဇာယတိ၊ ဖြစ်၏။ တဏှာယ၊ ခြောက်ဒွါရ၌ဖြစ်သော တဏှာမှ။ ဝိပ္ပမုတ္တဿ၊ လွတ်သောသူအား။ သောကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဘယံ၊ ဘေးရန်သည်။ ကုတော အတ္ထိ၊ အဘယ်မှာရှိအံ့နည်း။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ ပုဏ္ဏားကြီးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။