အညတရဗြာဟ္မဏဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၆-ပိယဝဂ်
၆-အညတရဗြဟ္မဏဝတ္ထု
၂၁၆။ တဏှာယ ဇာယတိ သောကော၊ တဏှာယ ဇာယတိ ဘယံ။
တဏှာယ ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စပါးခင်းကို မိုးဖျက်၍ စိုးရိမ်နေသော မိစ္ဆာဒိဋ္ဌိ ပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့နှင့် မိစ္ဆာဒိဋ္ဌိ ပုဏ္ဏား သောတာပန်စသည် ဖြစ်ကြသည်။
အနက်
တဏှာယ၊ တဏှာကြောင့်။ သောကော၊ စိုးရိမ်မှုသည်။ ဇာယတိ၊ ဖြစ်၏။ တဏှာယ၊ တဏှာကြောင့်။ ဘယံ၊ ကြောက်ရွံ့မှုသည်။ ဇာယတိ၊ ဖြစ်၏။ တဏှာယ၊ တဏှာမှ။ ဝိပ္ပမုတ္တဿ၊ ကင်းလွတ်သူအား။ သောကော၊ စိုးရိမ်မှုသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ်မှာ။ ဘယံ၊ ကြောက်ရွံ့မှုသည်။ အတ္ထိ၊ ရှိမည်နည်း။ နတ္ထိ၊ မရှိသည်သာတည်း။
စကားပြေ
တဏှာကြောင့် စိုးရိမ်မှု ကြောက်ရွံ့မှုသည် ဖြစ်၏။ တဏှာမှ ကင်းလွတ်သူအား စိုးရိမ်မှု ကြောက်ရွံ့မှုသည် မရှိတော့သည်သာတည်း။
တဏှာ— အရ၊ ခြောက်ဒွါရ၌ ဖြစ်သော တဏှာ ရ၏။
ပါဠိသဒ္ဒါခက်ဆစ်
တဏှာယ = တသန္တိ ယာယတိ တဏှာ။ တသ် + ဏှ + အာ။
အညတရဗြဟ္မဏဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၆-ပိယဝဂ်
၆-အညတရဗြာဟ္မဏဝတ္ထုပါဠိဂါထာ
တဏှာယ ဝိပ္ပမုတ္တဿ, နတ္ထိ သောကော ကုတော ဘယံ။
တဏှာယ၊ ဒွါရခြောက်ပါး၌ ဖြစ်သောတဏှာမှ၊ ပေ။ ကုတော။ (ပါ-၂၁၆)
အညတရဗြာဟ္မဏဝတ္ထုဂါထာနိဿယပြီးပြီ။