အနိတ္ထိဂန္ဓကုမာရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၆-ပိယဝဂ်
၅-အနိတ္ထိဂန္ဓကုမာရဝတ္ထု
၂၁၅။ ကာမတော ဇာယတိ သောကော၊ ကာမတော ဇာယတိ ဘယံ။
ကာမတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မဒ္ဒတိုင်း သာဂလမြို့သူ၏ ချောမောလှပပုံကို ကြားခြင်းဖြင့် ချစ်ခင်နှစ်သက်ပြီး ကွယ်လွန်ကြောင်း တဖန်ကြားသောအခါ စိုးရိမ်သောကရောက်နေသော သာဝတ္ထိပြည်သား သဌေးသား အနိတ္ထိဂန္ဓသတို့သားကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့နှင့် ဗြဟ္မာ့ဘုံမှ လာသော အနိတ္ထိဂန္ဓသတို့သား သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ကာမတော၊ ဝတ္ထုကာမ ကိလေသာကာမကြောင့်။ သောကော၊ စိုးရိမ်မှုသည်။ ဇာယတိ၊ ဖြစ်၏။ ကာမတော၊ ဝတ္ထုကာမ ကိလေသာကာမကြောင့်။ ဘယံ၊ ကြောက်ရွံ့မှုသည်။ ဇာယတိ၊ ဖြစ်၏။ ကာမတော၊ ဝတ္ထုကာမ ကိလေသာကာမမှ။ ဝိပ္ပမုတ္တဿ၊ ကင်းလွတ်သောသူအား။ သောကော၊ စိုးရိမ်မှုသည်။ နတ္ထိ၊ မရှိ။ ကုတော၊ အဘယ်မှာ။ ဘယံ၊ ကြောက်ရွံ့မှုသည်။ အတ္ထိ၊ ရှိမည်နည်း။ နတ္ထိ၊ မရှိသည်သာတည်း။
စကားပြေ
ဝတ္ထုကာမ ကိလေသာကာမကြောင့် စိုးရိမ်မှု ကြောက်ရွံ့မှုသည် ဖြစ်၏။ ထိုကာမမှ ကင်းလွတ်သူအား စိုးရိမ်မှု ကြောက်ရွံ့မှုသည် မရှိတော့သည်သာတည်း။
ကာမ— အရ၊ ဝတ္ထုကာမ ကိလေသာကာမ ရ၏။
အနိတ္ထိဂန္ဓအမျိုးသား
အနိတ္ထိဂန္ဓအမျိုးသားသည် ဗြဟ္မာ့ပြည်မှ လာသည်။ သာဝတ္ထိပြည်တွင် စည်းစိမ်ဥစ္စာကြွယ်ဝသော အမျိုး၌ ဖြစ်သည်။ မိန်းမအနီးသို့ မသွားလို။ မိန်းမများ ချီလျှင် ငိုတတ်သည်။ ခေါင်းခုဖြင့် အနိတ္ထိဂန္ဓသူငယ်ကို ယူပြီး နို့ချိုတိုက်ကျွေးရသည်။ အရွယ်ရောက်လာသော အနိတ္ထိဂန္ဓအမျိုးသားကို မိဘများက အိမ်ထောင်ချပေးမည်ဟု ကြိမ်ဖန်များစွာ ပြောဆိုသောအခါ ရွှေစင်ရုပ်ကို မိမိသဘောကျ ရွှေပန်းထိမ်တို့ကို ထုစေသည်။ ယင်းရွှေစင်ရုပ်နှင့် တူသော အမျိုးသမီးကို ရလျှင် အိမ်ထောင်ပြုမည်ဟု မိဘများထံ ဝန်ခံလိုက်သည်။
လိမ္မာပါးနပ်သော ပုဏ္ဏားတို့သည် မဒ္ဒတိုင်း သာဂလမြို့သူကို ခန်းဝင်ပစ္စည်းအဖြစ်ဖြင့် ရွှေစင်ရုပ်ပေးခဲ့ကြသည်။ အနိတ္ထိဂန္ဓအမျိုးသားနှင့် မိဘများ အလွန်သဘောကျကာ အမျိုးသမီးကို သာဝတ္ထိပြည်သို့ ခေါ်ဆောင်လာရာ အလွန်နူးညံ့သိမ်မွေ့သော အမျိုးသမီးသည် လေနာရောဂါဖြင့် လမ်းတွင် သေဆုံးသည်။ ယင်းအမျိုးသမီးသေဆုံးကြောင်း ကြားရသောအခါ ရှေးဦးအစ မိန်းမမယူလိုဟု ငြင်းပယ်သော်လည်း အနိတ္ထိဂန္ဓအမျိုးသားမှာ သောကမီးတောက်လောင်သည်။ သို့သော် ဘုရားရှင်တည်းဟူသော မိတ်ဆွေကောင်း၏ တရားတော်ကြောင့် သောတာပန်ဖြစ်သည်။ (ဓမ္မ၊ဋ္ဌ၊၂၊၁၈၄။)
ပါဠိသဒ္ဒါခက်ဆစ်
ကာမတော = ကာမီယတေ ကာမော။ ကမု + ဏ။
အနိတ္ထိဂန္ဓကုမာရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၆-ပိယဝဂ်
၅-အနိတ္ထိဂန္ဓကုမာရဝတ္ထုပါဠိဂါထာ
ကာမတော ဝိပ္ပမုတ္တဿ, နတ္ထိ သောကော ကုတော ဘယံ။
ကာမတော၊ ဝတ္ထုကိလေသာ, နှစ်ဖြာသောကာမမှ။၁၊ ပေ။ ကုတော။ (ပါ-၂၁၅)
၁။ ကာမတော ဇာယတီ သောကော။ ။ ဘိန္နသတ္တိသမဝေတနည်းအရ ကာမတောကို “ကာ+အတော၊ ကာမ+အတော၊ ကာမတော”ဟုလည်းကောင်း, သောကောကို “သော+ကော၊ သောကော၊ သော သောကော”ဟုလည်းကောင်း ခွဲ၍ “ကာမတော-ကြောင့်၊ သောကော-သောက ဟု ဆိုအပ်သော၊ ကော (ကုစ္ဆိတော)-လွန်စွာ စက်ဆုတ်ဖွယ်ရှိသော၊ ကော ဝိယ (အဂ္ဂိ ဝိယ)-မီး သဖွယ် လောင်တတ်သော၊ ကော ဝိယ (ဝါယု ဝိယ)-လေမုန်တိုင်းကြီးသဖွယ် သတ္တဝါကို တကယ် တိုက်ချိုးဖျက်ဆီးတတ်သော၊ သော (သမ္မောသော)-မိမိမှီရာ, သတ္တဝါတို့ကို မိန်းမောတွေဝေစေ တတ်သော၊ [သမ္မောသကို သပြု၊] သော သောကော-ထိုသောကသည်၊ ဇာယတိ-၏၊ ကာမတောကာမဂုဏ်ကြောင့်၊ ယော ကာမ (ယော ကာမော)-အကြင်ကာမဂုဏ်ကို၊ ကာ-စက်ဆုတ်ဖွယ်ဟူ၍၊ မတော-သိသင့်သိထိုက်၏၊ အတော ကာမတော-ထိုစက်ဆုတ်စရာ, ယုတ်ညံ့စွာသော ကာမဂုဏ် ကို အလိုရှိမှားခြင်းကြောင့်၊ ဘယံ-ကြောက်ဖွယ်သော၊ ဘယံ-ဘေးသည်၊ (တဿ စ-ထိုသူအား လည်းကောင်း၊ အညေသဉ္စ-သူတစ်ပါးတို့အားလည်းကောင်း၊) ဇာယတိ-၏”ဟု မဟာသိသျ-၁၁၄၌ ပေးတော်၏။
အနိတ္ထိဂန္ဓကုမာရဝတ္ထုဂါထာနိဿယပြီးပြီ။