အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၃ - အညတရဥက္ကစ္ဆိတဘိက္ခုဝတ္ထု
၃၆။ သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် သဒ္ဓါတရားဖြင့် ရဟန်းဘောင်သို့ ဝင်သော်လည်း ရဟန်းအဖြစ်၌ ဝန်လေးသည်ဟု ထင်၍ ပျင်းရှိနေသော ရာဇဂြိုဟ် သူဌေးသား ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ ပျင်းရှိသော ရဟန်းသည် သောတာပန် တည်၍ အခြားသော ပုဂ္ဂိုလ်များလည်း သောတာပန် စသည့် ဖြစ်ကြသည်။
အနက်
သုဒုဒ္ဒသံ၊ အလွန် မြင်နိုင်ခဲသော။ သုနိပုဏံ၊ အလွန် သိမ်မွေ့သော။ ယတ္ထကာမနိပါတိနံ၊ အလိုရှိရာ အာရုံ၌ ကျရောက်လေ့ရှိသော။ စိတ္တံ၊ စိတ်ကို။ မေဓာဝီ၊ ပညာရှိသည်။ ရက္ခေထ၊ စောင့်ရှောက်ရာ၏။ ဂုတ္တံ၊ စောင့်ရှောက်ထားသော။ စိတ္တံ၊ စိတ်သည်။ သုခါဝဟံ၊ ချမ်းသာကို ဆောင်ပေးတတ်၏။
စကားပြေ
အလွန် သိမ်မွေ့၍ မြင်နိုင်ခဲသော အလိုရှိရာ အာရုံ၌ ကျရောက်လေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ စောင့်ရှောက်ထားသော စိတ်သည် ချမ်းသာကို ဆောင်ပေးတတ်၏။
ယတ္ထကာမနိပါတိနံ— မိမိ၏ အမျိုးအနွယ် ဂုဏ် သိက္ခာ အရွယ် စသည်တို့ကို မကြည့်ပဲ ရထိုက် မရထိုက် သင့် မသင့်သော နေရာတို့၌ ကျရောက်လေ့ရှိသော စိတ်ရ၏။
ဆရာများ သားသေ
သာဝတ္ထိပြည်၌ သူဌေးသား တစ်ယောက်သည် ရဟန်းပြုပြီး ဆရာများထံ ချဉ်းကပ်၍ ဒုက္ခမှ လွတ်မြောက်ကြောင်းများကို မေးလျှောက်သောအခါ နိဿယည်း ဆရာက အဘိဓမ္မာဆောင် ဥပဇ္ဈာယ်ဆရာက ဝိနည်းဓိုရ်ဆရာ ဖြစ်သဖြင့် ဆရာနှစ်ပါးသည် မိမိထံ ရောက်လာသော တပည့်လေးကို မိမိ ထက်သန်ရာကိုသာ ပြောဟောကြသဖြင့် တပည့် နားယောင်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်သည်။ လူထွက်ပြီး နေရန် စိတ်ကူးနေခိုက် ဘုရားရှင်က စိတ်တစ်ခုကိုသာ ထိန်းဖို့ အမိန့်ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၈၉-၁၉၀။)
ပါဠိသဒ္ဒါခက်ဆစ်
သုဒုဒ္ဒသံ = သုဋ္ဌု ဒုဒ္ဒသံ သုဒုဒ္ဒသံ။ သု + ဒုဒ္ဒသ။
ဒုဒ္ဒသံ = ဒုဋ္ဌု ဒဿနံ ဒုဒ္ဒသံ။ ဒု + ဒိသ်။
သုနိပုဏံ = သုဋ္ဌု နိပုဏံ သုနိပုဏံ။ သု + နိပုဏ။
နိပုဏံ = နိဿသတော ပုနန္တိ သေခဓေန္တိ ယေနာတိ နိပုဏံ။ နိ + ပု + ယု။
အညတရဥက္ကစ္ဆိတဘိက္ခုဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၃-စိတ္တဝဂ်
၃-အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထုပါဠိဂါထာ
စိတ္တံ ရက္ခေထ မေဓာဝီ, စိတ္တံ ဂုတ္တံ သုခါဝဟံ။
သုဒုဒ္ဒသံ၊ ဉာဏ်စက္ခုဖြင့်, ကြည့်ရှုသောခါ, လွန်စွာမြင်နိုင် ခဲထသော။ သုနိပုဏံ၊ လူသူသာမန်, မမြင်တန်အောင်, အလွန် သိမ်မွေ့ထသော။ ယတ္တကာမနိပါတိနံ၊ အနွယ်မျိုးဇာတ်, မကြည့် တတ်ဘဲ, လိုအပ်ဘိတုံ, အာရုံဟူသမျှ၌ ကျရောက်လေ့ရှိထသော။ စိတ္တံ၊ ကို။ မေဓာဝီ၊ သည်။ ရက္ခေထ၊ သတိတရား, အမြဲထားလျက်, ကြိုးစားပုံသေ, စောင့်ရှောက်၍ နေရာ၏။ ဂုတ္တံ၊ အမြဲမပြတ်, စောင့်ရှောက်အပ်သော။ စိတ္တံ၊ သည်။ သုခါဝဟံ၊ သတည်း။ (ပါ-၃၆)
အညတရဥက္ကဏ္ဌိတဘိက္ခုဝတ္ထုဂါထာနိဿယပြီးပြီ။