မာတိကာသို့ ခုန်သွားရန်

သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
4043ဓမ္မပဒဂါထာနိဿယ၄။ သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၄ - သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထု

၃၇။ ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမေဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည်သား ဖြစ်၍ သာသနာ့ဘောင်သို့ ဝင်ပြီး နှစ်ရက် သုံးရက် အကြာတွင် ရဟန္တာဖြစ်သော သံဃရက္ခိတထေရ်၏ တူ သံဃရက္ခိတရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ တူဖြစ်သော သံဃရက္ခိတရဟန်း သောတာပန်၌ တည်၍ အခြားပုဂ္ဂိုလ်များ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ဒူရမ္ဂမံ၊ ဝေးသော အာရုံသို့ လည်းသွားတတ်သော။ ဧကစရံ၊ တခု ဖြစ်ပြီးမှ တခု ဖြစ်တတ်သော။ အသရီရံ၊ ကိုယ်ကောင် အထည် မရှိသော။ ဂုဟာသယံ၊ နှလုံး (ဟဒယဝတ္ထု) ဟူသော လိုဏ်ကို မှီ၍ ဖြစ်သော။ စိတ္တံ၊ စိတ်ကို။ ယေ၊ အကြင် သူတို့သည်။ သံယမေဿန္တိ၊ စောင့်စည်းကုန်အံ့။ တေ၊ ထိုသူတို့သည်။ မာရဗန္ဓနာ၊ မာရ်၏ အနှောင်အဖွဲ့ ဟူသော တေဘူမက ဝဋ်ဆင်းရဲမှ။ မောက္ခန္တိ၊ လွတ်ကုန်လတ္တံ့။

စကားပြေ

အဝေး အာရုံသို့ သွားတတ်၍ ကိုယ်သဏ္ဌာန် မရှိပဲ တခု ဖြစ်ပြီးမှ တခု ဖြစ်လေ့ရှိသော စိတ်ကို စောင့်စည်းသော သူများသည် မာရ်မင်း၏ အနှောင်အဖွဲ့ ဖြစ်သော ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်သည်။

ဒူရင်္ဂမံ— စိတ်သည် အဝေးမှာ ရှိသော အာရုံသို့ ရောက်အောင် သွားနိုင်သောကြောင့် ဒူရင်္ဂမံ မည်၏။
ဧကစရံ— စိတ်သည် တခုသော ခဏ၌ ခုနစ်ခု ရှစ်ခု တပြိုင်နက် မဖြစ်၊ တခု တည်းသာ ဖြစ်၍ စိတ် တခု ချုပ်ပြီးမှ နောက်စိတ် တခု ဖြစ်ပေါ်လာသောကြောင့် ဧကစရ မည်၏။
အသရီရံ— စိတ်သည် ကိုယ် သဏ္ဌာန်လည်း မရှိ အဆင်းလည်း မရှိသောကြောင့် အသရီရ မည်၏။
ဂုဟာသယံ— ဟဒယဝတ္ထု၏ မှီရာ ဖြစ်သော မဟာဘုတ် လေးပါးသည် မုချအားဖြင့် ဂုဟာ မည်၏။
ယေ စိတ္တံ သံယမေဿန္တိ— မိန်းမ ယောက်ျား လူရှင် ရဟန်းတို့သည် သတိဖြင့် မဖြစ်ပေါ် သေးသော ကိလေသာကို ဖြစ်ခွင့် မပေးပဲ ဖြစ်ပြီး ကိလေသာတို့ကို ပယ်၍ စိတ်ကို စောင့်ထိန်းရမည်။
မာရဗန္ဓနာ— တေဘူမက ဝဋ်ဒုက္ခ ရ၏။

မှတ်သားဖွယ်— ဘုရားရှင်သည် သံဃရက္ခိတထေရ်၏ တူဖြစ်သူ သံဃရက္ခိတအား ငါဘုရား သာသနာမှာ ရဟန်းပြု ပါလျက် သောတာပန် သို့မဟုတ် သကဒါဂါမ် သို့မဟုတ် အနာဂါမ် သို့မဟုတ် ရဟန္တာ ဟု မပြောနိုင်သေးပဲ ဘာအတွက် လူထွက်ချင်ရသလဲ၊ စိတ် ဆိုသည်မှာ အဝေး အာရုံကို လည်း လက်ခံမှု သဘောရှိသည်။ ရာဂ စသည်မှ လွတ်မြောက်ရန်သာ ကြိုးစား ပါ ဟု အမိန့် ရှိသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၁၉၃။)

ပါဠိသဒ္ဒါခက်ဆစ်

ဒူရမ္ဂမံ = ဒူရံ အာရမ္မဏံ ဂစ္ဆတိ သမ္ပဋိစ္ဆတီတိ ဒူရမ္ဂမံ။ ဒူရ + ဂမု + အ။
ဧကစရံ = ဧကော ဟုတွာ စရံ ဧကစရံ။ ဧက + စရ ။
အသရီရံ = နတ္ထိ သရီရံ (သဏ္ဌာနံ) ယဿာတိ အသရီရံ။ န + သရီရ + ယ။
ဂုဟာသယံ = ဂုဟာယံ အာသယတီတိ ဂုဟာသယံ။ ဂုဟာ + အာ + သိ + ဏ။
မာရဗန္ဓနာ = မာရော ဟုတွာ ဗန္ဓနံ မာရဗန္ဓနံ။ မာရ + ဗန္ဓန ။

သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၃-စိတ္တဝဂ်

၄-သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထုဂါထာ

၁၃၁။ ဒူရင်္ဂမံ ဧကစရံ, အသရီရံ ဂုဟာသယံ၊
ယေ စိတ္တံ သံယမေဿန္တိ, မောက္ခန္တိ မာရဗန္ဓနာ။

ဒူရင်္ဂမံ၊ အဝေးအရပ်, မသွားတတ်လည်း, ဝေးရပ်အာရုံ, ယူနိုင်တုံသဖြင့်, ဒူရင်္ဂမ, အမည်ရထသော။ [ဓမ္မဋီအလို ဂမုဓာတ် ဗုဒ္ဓိအနက်ယူ၍ “ဒူရင်္ဂမံ၊ အဝေးအာရုံကို သိနိုင်သော”ဟု ပေး။] ဧကစရံတစ်စိတ်ချုပ်လစ်, တစ်စိတ်ဖြစ်၍, စင်စစ်ကွဲပြား, တစ်ပါးတည်း သာ လှည့်လည်တတ်ထသော။ အသရီရံ၊ ညိုရွှေဖြူနီ, ကိုယ်ထည် ပုံဟန်, သဏ္ဌာန်လည်းမရှိထသော။ ဂုဟာသယံ၊ ဟဒယဝတ္ထု, အမှီပြု၍, ၄ခုသောရုပ်, မဟာဘုတ်လိုဏ်ဂူ၌လည်း ကိန်းထ သော။ စိတ္တံ၊ ကို။ ယေ (ဇနာ)၊ သံသရာရေး, လာမည့်ဘေးကို, မြော်တွေးနိုင်စွမ်း, ရဟန်းလူရှင်, အကြင်ခပ်သိမ်းသူတို့သည်။ သံယမေဿန္တိ၊ မကောင်းမဖြစ်, အကောင်းဖြစ်အောင်, စင်စစ် ပုံသေ, စောင့်စည်း၍ နေကုန်လတ္တံ့။ တေ (ဇနာ)၊ စိတ်နေ မထောင့်, အမြဲဖြောင့်ဖို့, ကြောင့်ကြောင့်ကြကြ, ဗျာပါရဖြင့်, လုံ့လ ရှိသူ, ထိုရဟန်းရှင်လူတို့သည်။ မာရဗန္ဓနာ၊ တေဘူမက, ဝဋ်ဒုက္ခ ဟု, ကိလေသနှောင်, မာရ်မင်းထောင်မှ။ မောက္ခန္တိ၊ ဝမ်းမြောက် ရွှင်ပြ, လွတ်မြောက်ရကုန်လိမ့်သတည်း။ (ပါ-၃၇)

သံဃရက္ခိတဘာဂိနေယျတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။