မာတိကာသို့ ခုန်သွားရန်

အပုတ္တကသေဋ္ဌိဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
4212ဓမ္မပဒဂါထာနိဿယ — ၁၁။ အပုတ္တကသေဋ္ဌိဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၄-တဏှာဝဂ်။ ၁၁-အပုတ္တကသေဋ္ဌိဝတ္ထု

၃၅၅။ ဟန္တိ ဘောဂါ ဒုမ္မေဓံ၊ နော စ ပါရဂဝေသိနော။
ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေဝ အတ္တနံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပစ္စည်းများစွာရှိသော်လည်း မစားရက် မဝတ်ရက်ပဲ သေသောအခါ ပစ္စည်းအားလုံး မင်းဘဏ္ဍာအဖြစ် အသိမ်းခံရသော သားသမီးမရှိသော သူဌေးကို အကြောင်းပြု၍ ဟောတော်မူသည်။

ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ဘောဂါ၊ စည်းစိမ်တို့သည်။ ဒုမ္မေဓံ၊ ပညာမဲ့သူကို။ ဟန္တိ၊ ဖျက်ဆီးကုန်၏။ ပါရဂဝေသိနော၊ နိဗ္ဗာန်တည်းဟူသော တဘက်ကမ်းကို ရှာမှီးသူတို့ကို။ ဘောဂါ၊ စည်းစိမ်တို့သည်။ နော ဟန္တိ၊ မဖျက်ဆီးကုန်။ ဒုမ္မေဓော၊ ပညာမဲ့သူသည်။ ဘောဂတဏှာယ၊ စည်းစိမ်ဥစ္စာ၌ တပ်မက်မောခြင်းဖြင့်။ အညေ၊ သူတပါးတို့ကို။ ဟန္တိ ဣဝ၊ ဖျက်ဆီးသကဲ့သို့။ အတ္တနံ-အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။ ဟန္တိ၊ ဖျက်ဆီး၏။

စကားပြေ

စည်းစိမ်တို့သည် ပညာမဲ့သူကို ဖျက်ဆီးနိုင်သော်လည်း နိဗ္ဗာန်ဟူသော ကမ်းတဘက်ကို ရှာမှီးသူတို့ကို မဖျက်ဆီးနိုင်။ ပညာမဲ့သောသူသည် စည်းစိမ်၌ တပ်မက်မောခြင်းဖြင့် သူတပါးတို့ကို ဖျက်ဆီးသကဲ့သို့ မိမိကိုယ်ကိုလည်း ဖျက်ဆီး၏။

နော စ ပါရဂဝေသိနော—၌ ပါရအရ နိဗ္ဗာန်ရ၏။
ပါရဂဝေသိနော = ပါရံ ဂဝေသတိ သီလေနာတိ ပါရဂဝေသီ။ ပါရ+ဂဝေသီ+ဏီ။

အပုတ္တကသေဋ္ဌိဝတ္ထုပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၄-တဏှာဝဂ်

၁၁-အပုတ္တကသေဋ္ဌိဝတ္ထုပါဠိဂါထာ

၆၃၁။ ဟနန္တိ ဘောဂါ ဒုမ္မေဓံ, နော စ ပါရဂဝေသိနော၊
ဘောဂတဏှာယ ဒုမ္မေဓော, ဟန္တိ အညေဝ အတ္တနံ။

ဘောဂါ၊ မရမနေ, အရဖွေ၍, ထွေထွေစုဆောင်း, ဥစ္စာအပေါင်းတို့သည်။ ဒုမ္မေဓံ၊ ကံကျိုးမမြင်, ဉာဏ်မယှဉ်သည့်, လူတွင်လူအ, လူ့ဗာလကို။ ဟနန္တိ၊ အပါယ် ဘေးမှ, ပြေးမရအောင်, ဖေးမမကူ, ကိုယ့်ရန်သူသို့, လစ်လျူရှုကာ, မငဲ့ညှာဘဲ, ဖွဲ့ကာ ရစ်မွှေ, သတ်ဖြတ်လေကုန်၏။ စ၊ ဆိုအပ်ခဲ့ဟန်, တမျိုးဖန်သည့်, ပြောင်းပြန်ဖြစ်ပုံ, စနစ်စုံကား။ ဘောဂါ၊ မရမနေ, အရဖွေ၍, ထွေထွေစုဆောင်း, ဥစ္စာအပေါင်းတို့သည်။ ပါရဂဝေသိနော၊ နိဗ္ဗာန်မြို့နန်း, ဟိုဘက်ကမ်းကို, မျှော်မှန်းခါခါ, ဖွေရှာကြတောင်း, သူတော်ကောင်းတို့ကို။ နော ဟနန္တိ၊ အပါယ်ဘေးမှ, ပြေးမရအောင်, ဖေးမမကူ, ကိုယ့် ရန်သူသို့, လစ်လျူရှုကာ, မငဲ့ညှာဘဲ, ဖွဲ့ကာရစ်မွှေ, မသတ်ဖြတ်နိုင်လေကုန်။ ဒုမ္မေဓော၊ ကံကျိုးမမြင်, ဉာဏ်မယှဉ်သည့်, လူတွင်လူအ, လူ့ဗာလသည်။ ဘောဂတဏှာယ၊ ရှာဖွေစုထား, ဥစ္စာများ၌, ဖြစ်ပွားပေါ်လာ, စွဲတွယ်တာသည့်, တဏှာလက်နက်, ဓား သန်လျက်ဖြင့်။ [ဘောဂေသု+ဥပ္ပန္နာ+တဏှာ ဘောဂတဏှာ။] အတ္တာနံ၊ ဘဝဖန်လာ, သံ သရာမှ, ခုခါထိပင်, ပြစ်မမြင်သည့်, အချစ်ခင်ဆုံးဆို, မိမိကိုယ်ကို။ အညေ ဣဝ၊ ကိုယ်မှတစ်ပါး, အမုန်းပွားသည့်, အခြားသောသူတို့ကိုကဲ့သို့။ ဟန္တိ (ဟနတိ)၊ ဉာဏ် မြင်ကင်းလျက်, မိုက်တွင်းနက်၍, ဆက်ဆက်သံသရာ, အရှည်ကြာအောင်, မှန်စွာ မသွေ, သတ်ဖြတ်လေတော့သတည်း။ [အကျဉ်းပေးလိုမူ “ဘောဂါ၊ သုံးဆောင်ဖွယ်ရာ, ပစ္စည်း ဥစ္စာတို့သည်။ ဒုမ္မေဓံ၊ ပညာမရှိသူကို။ ဟနန္တိ၊ သတ်ကုန်၏။ စ၊ ဗျတိရိက်ကား။ ပါရဂဝေသိနော၊ နိဗ္ဗာန်ကို ရှာမှီးသူတို့ကို။ နော ဟနန္တိ၊ မသတ်ကုန်။ ဒုမ္မေဓော၊ ပညာမရှိသူသည်။ ဘောဂတဏှာယ၊ ပစ္စည်းဥစ္စာတို့၌ ဖြစ်သောတဏှာဖြင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ [ဆန်းကြောင့် ရဿပြု၍ ဂါထာ၌ အတ္တနံ”ဟု ရှိ၏။] အညေ ဣဝ၊ အခြားသူတို့ကိုကဲ့သို့။ ဟန္တိ၊ သတ်၏”ဟု ပေး။] (ပါ-၃၅၅)

အပုတ္တကသေဋ္ဌိဝတ္ထဂါထာနိဿယပြီးပြီ။