မာတိကာသို့ ခုန်သွားရန်

သက္ကပဉှဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၂၄-တဏှာဝဂ်။ ၁၀-သက္ကပဉှဝတ္ထု

၃၅၄။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒါန ရသ ရတိတို့တွင် အဘယ်ကြောင့် တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အမြတ်ဆုံး ဖြစ်သနည်းဟူသော ပြဿနာကို နှစ်ပေါင်းများစွာကြာမြင့်အောင် နတ်အများ အဖြေရှာမတွေ့သောကြောင့် နတ်တို့၏အရှင် သိကြားမင်း၏ ပြဿနာအဖြစ်ဖြင့် သိကြားမင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့ တရားရကြသည်။

အနက်

သဗ္ဗဒါနံ၊ အလှူအားလုံးကို။ ဓမ္မဒါနံ၊ တရားအလှူသည်။ ဇိနာတိ၊ အောင်နိုင်၏။ သဗ္ဗရသံ၊ အရသာအားလုံးကို။ ဓမ္မရသော၊ တရားအရသာသည်။ ဇိနာတိ၊ အောင်နိုင်၏။ သဗ္ဗရတိံ၊ မွေ့လျော်ဖွယ်အားလုံးကို။ ဓမ္မရတိ၊ တရား၌ မွေ့လျော်ခြင်းသည်။ ဇိနာတိ၊ အောင်နိုင်၏။ သဗ္ဗဒုက္ခံ၊ အလုံးစုံသောဆင်းရဲကို။ တဏှက္ခယော၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည်။ ဇိနာတိ၊ အောင်နိုင်၏။

စကားပြေ

အလှူအားလုံးကို တရားအလှူသည် အရသာအားလုံးကို တရားအရသာသည် မွေ့လျော်ဖွယ်အားလုံးကို တရား၌မွေ့လျော်ခြင်းသည် အလုံးစုံဆင်းရဲကို တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အောင်နိုင်၏။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ

ဆွမ်းအလှူ ဆေးအလှူ ကျောင်းအလှူ သင်္ကန်းအလှူတို့သည် တရားကို နာရ၍သာ ပြုနိုင်ကုန်၏။ တရားမနာရလျှင် ဆွမ်းစသောအလှူတို့ကို မပြုနိုင်။ ထို့ကြောင့် အလုံးစုံသောအလှူတို့ထက် တရားအလှူသည်သာ အမြတ်ဆုံးဟု ဆိုရပါသည်။ (တနည်း) ဘုရား ပစ္စေကဗုဒ္ဓါတို့ကို ချန်ထား၍ တကမ္ဘာလုံး ရွာသော မိုးရေမိုးပေါက်တို့ကို ရေတွက်နိုင်စွမ်းရှိတော်မူသော ပညာနှင့်ပြည့်စုံသော အရှင်သာရိပုတ္တရာ စသည်တို့ပင် မိမိ၏သဘောတရားဖြင့် သောတာပတ္တိဖိုလ်ကို ရခြင်းငှာ မစွမ်းနိုင်ချေ။ အဿဇိထေရ်ဟောသော တရားကြောင့် သောတာပန်ဖြစ်၍ ဘုရားရှင်၏ တရားတော်ကြောင့် သာဝကပါရမီဉာဏ်တော်ကို မျက်မှောက်ပြုရပေသည်။ ထို့ကြောင့် ဓမ္မဒါနတရားအလှူသည်သာ အမြတ်ဆုံးဟု ဆိုရာ၏။

သဗ္ဗရသံ ဓမ္မရသော ဇိနာတိ

အလုံးစုံသော ဂန္ဓရသစသည်တို့သည် နတ်တို့၏ နတ်သုဒ္ဓါအရသာပင် ဖြစ်သော်လည်း သံသရာဝဋ်ဆင်းရဲ၌ ကျစေ၍ ဆင်းရဲဒုက္ခကို ခံစားစံစားရခြင်း၏ အကြောင်းဖြစ်၏။ ဗောဓိပက္ခိယ (၃၇)ပါးတည်းဟူသော တရားအရသာသည်လည်းကောင်း လောကုတ္တရာ (၉)ပါး တည်းဟူသော အရသာသည်လည်းကောင်း သံသရာဝဋ်ဆင်းရဲကိုကျော်လွန်၍ အရဟတ္တဖိုလ်သို့ ရောက်စေနိုင်သောကြောင့် အလုံးစုံသော အရသာတို့တွင် တရားအရသာသည် အမြတ်ဆုံးဖြစ်ပေသည်။

သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ

သားနှင့်မွေ့လျော်ခြင်း သမီးနှင့်မွေ့လျော်ခြင်း မိန်းမနှင့်မွေ့လျော်ခြင်း ယောက်ျားနှင့်မွေ့လျော်ခြင်း အက အဆို အတီးနှင့်ပျော်ခြင်း စသော အပျော်တို့သည် သံသရာဝဋ်ဆင်းရဲ၌ ကျစေနိုင်ပြီး ဆင်းရဲကိုခံစားရခြင်း၏ အကြောင်းဖြစ်ပေသည်။ တရားဟောပုဂ္ဂိုလ် တရားနာသောပုဂ္ဂိုလ် စာချသောပုဂ္ဂိုလ်တို့၏ အတွင်း၌ဖြစ်ပေါ်လာသော ပီတိအဟုန်သည် တက်ကြွခြင်း မျက်ရည်ယိုခြင်း ကြက်သီးမွေးညင်းထခြင်းတို့ကို ဖြစ်စေကာ သံသရာဝဋ်ဆင်းရဲ၏ အဆုံးကိုပြု၍ အရဟတ္တဖိုလ်သို့ ရောက်စေနိုင်သည်။ ထို့ကြောင့် တရားဖြင့် ပျော်မွေ့ခြင်းသည် အမြတ်ဆုံးဖြစ်လေသည်။

တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ—တဏှာကုန်သဖြင့် ဖြစ်ပေါ်လာသော အရဟတ္တဖိုလ်သည် အလုံးစုံသော ဝဋ်ဒုက္ခကို လွှမ်းမိုးနိုင်သောကြောင့် အမြတ်တရားတို့ထက် အမြတ်ဆုံးဟု ဆိုရပေသည်။

သက္ကပဉှဝတ္ထုပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၂၄-တဏှာဝဂ်

၁၀-သက္ကပဥှဝတ္ထုပါဠိဂါထာ

၆၃၀။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ, သဗ္ဗရသံ ဓမ္မရသော ဇိနာတိ၊
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ, တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

ဓမ္မဒါနံ၊ တရားသဘော, ဟောပြောခြင်းဟူ, တရားအလှူသည်။ သဗ္ဗဒါနံ၊ အလုံးစုံသော ပစ္စည်းဝတ္ထုအလှူကို။ ဇိနာတိ၊ အောင်နိုင်၏။ (သာလွန်၏)။ ဓမ္မရသော၊ ဗောဓိပက္ခိယ, ကိုးဝလောကုတ္တရာ, တရားအရသာသည်။ သဗ္ဗရသံ၊ လူ့ပြည်နတ်ဘုံ, လုံးစုံများစွာ, အရသာကို။ ဇိနာတိ၊ ၏။ ဓမ္မရတိ၊ ဟောပြောနာယူ, ပို့ချသူ၏, စိတ်မူ နှစ်ခြိုက်, တရား၌ ပျော်ခြင်းသည်။ သဗ္ဗရတိံ၊ သားသမီးဥစ္စာ, တူရိယာဖြင့်, ပျော်ကာ နေကုန်, အပျော်မျိုးစုံကို။ ဇိနာတိ၊ ၏။ တဏှက္ခယော၊ တဏှာ၏ကုန်ရာ အရဟတ္တ ဖိုလ်သည်။ သဗ္ဗဒုက္ခံ၊ အလုံးစုံသော ဝဋ်ဒုက္ခကို။ ဇိနာတိ၊ ၏။ (ပါ-၃၅၄)

၂။ဓမ္မဒါနံ။ ။ ဒါနအရ “စေတနာ, ဝိရတီ, လှူဖွယ်ဝတ္ထု”ဟု ၃မျိုး ယူနိုင်၏(အဘိ၊ဋ္ဌ၊၃၊၁၉၇)၊ စေတနာကိုရလျှင် “ဒေတိ ဒေယျဓမ္မံ(ကတ္တုသာဓ်), ဒေန္တိ ဝါ ဧတာယ ဒေယျဓမ္မန္တိ ဒါနံ(အဘိ၊ဋ္ဌ၊၃၊၁၉၇)၊ ဒီယတိ ဧတေနာတိ ဒါနံ(အံ၊ဋီ၊၂၊၅၈)၊ အဝသေသံ သတ္တနိကာယံ ဒယတိ ရက္ခတီတိ ဒါနံ(ဒီ၊ဋီ၊၁၊၃၃၄)၊ ဒုဂ္ဂတိတော ဒါယတိ ရက္ခတီတိ ဒါနံ၊ [ဒေ ပါလနေ+ယု၊- နီတိဓာတု-၈၃။]”ဟုပြု၊ ဝိရတီကိုရလျှင် “ဒုဿီလျစေတနံ ဒါတိ ခဏ္ဍေတိ လုနာတီတိ ဒါနံ”ဟုပြု၊ လှူဖွယ်ဝတ္ထုကိုရလျှင် “ဒိယျတီတိ ဒါနံ(အဘိ၊ဋ္ဌ၊၃၊၁၉၇၊ အံ၊ဋီ၊၂၊၅၈)”ဟုပြု။

သမာသ်တွဲပုံ။ ။ ဓမ္မဒါနံ၌ ဒါနအရကား လှူဖွယ်ဝတ္ထုနှင့် စေတနာကို ရ၏(အံ၊ဋ္ဌ၊၂၊၆၀၊ အံ၊ဋီ၊၂၊၅၈)၊ လှူဖွယ်ဝတ္ထုကိုယူလျှင် “ဓမ္မောယေဝ+ဒါနံ ဓမ္မဒါနံ”ဟု ပြု၍ စေတနာကို ယူလျှင် “ဓမ္မဿ+ဒါနံ ဓမ္မဒါနံ-နိဗ္ဗာန်ရောက်ကြောင်း အကျင့်တရားကို ပေးလှူကြောင်းစေတနာ” ဟုပြု၊ “ဒီယတေ ဒါနံ၊ ဓမ္မဿ+ဒါနံ ဓမ္မဒါနံ-တရားကို ပေးလှူခြင်း”ဟုလည်း အဖွင့်မှ တစ်မျိုးကြံ ကြ၏၊ သဗ္ဗဒါနံလည်း နည်းတူပင်။

၁။ဓမ္မရသော။ ။ ရသအတွက် သီးခြားမဖွင့်သော ဓမ္မ.ဋ္ဌအလို ဓမ္မနှင့် အရတူယူ၍ “ရသော ဝိယာတိ ရသော၊ ဓမ္မောယေဝ+ရသော ဓမ္မရသော”ဟုပြု၊ သံ၊ဋီ၊၁၊၁၂၀အလို “သဒ္ဓမ္မ- သန္နိဿယံ ပီတိပါမောဇ္ဇံ”ဟု ဖွင့်သဖြင့် “ဓမ္မသန္နိဿယော+ရသော ဓမ္မရသော-သူတော်ကောင်း တရားဟူသော မှီရာရှိသော ပီတိပါမောဇ္ဇအရသာ”ဟုပြု၊ သန္နိဿယအကျေကြံပါ။

အခြားနည်းများ။ ။ “ရူပရသာ(ဝိ၊၁၊၂၊ အံ၊၃၊၁၉)”ကဲ့သို့ “ရသီယတိ အဿာဒီယတီတိ ရသော၊ ဓမ္မဿ+ရသော ဓမ္မရသော(တရားတော်၏ အရသာဖြစ်သော ပီတိ)”ဟုပြု၊ ဝိသုဒ္ဓိဋီ၊၁၊၉၄အလို “ဓမ္မေန+ဥပသဥှိတော+ရသော ဓမ္မရသော(တရားနှင့် စပ်ယှဉ်သော ပီတိပါမောဇ္ဇ အရသာ)”ဟုပြု၊ ပဋိသံ၊ဋ္ဌ၊၂၊၁၈၃၊ ပဋိဂံ-၃၁၈အလို ရသသဒ္ဒါ သမ္ပတ္တိအနက်ယူ၍ “ရသတိ သမ္ပဇ္ဇတီတိ ရသော(မဏိ၊၂၊၅၄၀)၊ ဓမ္မဿ+ရသော ဓမ္မရသော(တရားတော်၏ ပြည့်စုံခြင်း)” ဟုလည်းကောင်း, “ဓမ္မဿ+ပဋိလာဘေန+ရသော ဓမ္မရသော-တရားတော်ကို ရခြင်းကြောင့် ပျော်ရွှင်မှုပီတိအရသာ(ပဋိလာဘကျေ)”ဟုလည်းကောင်း ကြံနိုင်သေး၏။

သက္ကပဉှဝတ္ထုဂါထာနိဿယပြီးပြီ။