မာတိကာသို့ ခုန်သွားရန်

အရှင်နန္ဒက မထေရ်အကြောင်း

ဝီကီရင်းမြစ် မှ
4278မဟာဗုဒ္ဓဝင် — (၃၆) အရှင်နန္ဒက မထေရ်အကြောင်းမင်းကွန်းဆရာတော်

(၃၆) အရှင်နန္ဒကမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

     ဤအရှင်နန္ဒက မထေရ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသားဖြစ်၍ မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို ဘိက္ခုနောဝါဒ = ဘိက္ခုနီမတို့ကို ဆုံးမသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား ကြားတော်မူခဲ့လေသည်။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကို ပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စား၍ လာခဲ့ရာ ဤဘုရားမြတ်စွာ ပွင့်ထွန်းရာအခါခေတ်ဝယ် သာဝတ္ထိပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ အရွယ်သို့ ရောက်လတ်လျှင် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍ သဒ္ဓါတရား ဖြစ်ပွါးကာ သာသနာဝန်ထမ်း ရှင်ရဟန်းပြုပြီးလျှင်



၅၂၈

ဝိပဿနာတရား ပွါးများအားထုတ်သဖြင့် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏ = ရဟန္တာဖြစ်တော်မူလေ၏။ ထိုအရှင်နန္ဒက မထေရ်မြတ်သည် ပုဗ္ဗေနိဝါသ အဘိညာဏ်၌ လေ့လာ နိုင်နင်းတော်မူလေ၏။ ထိုအရှင်နန္ဒက ရဟန္တာမထေရ်မြတ်သည် ကိုယ်တော်ထံမှောက်သို့ ပရိသတ်လေးပါးတို့ ရောက်ဆိုက် လာကြသည်ရှိသော် “ခပ်သိမ်းသောသူတို့၏စိတ်ကို ဆွဲယူကာ တရားဟောစွမ်းတော်မူနိုင်သောကြောင့်” “ဓမ္မကထိက အရှင်နန္ဒကမထေရ်”ဟု အမည်ထင်ရှားတော်မူလေသည်။

     မြတ်စွာဘုရားရှင်သည် ရောဟိဏီမြစ်ရေကို အကြောင်းပြု၍ ကောလိယသာကီဝင်, ကပိလဝတ်သာကီဝင်တို့ ခိုက်ရန်ဖြစ်ပွါးသောအခါ တရားရေအေး တိုက်ကျွေး၍ ရန်စစ်ငြိမ်းစေတော်မူသည်တွင် နှစ်ဖက်သော သာကီဝင်တို့မှ သာကီဝင်မင်းသား ၂၅၀-စီ အိမ်ရာတည်ထောင် လူ့ဘောင်မှထွက်၍ ရဟန်းပြုကြရာ ထိုသာကီဝင်မင်းသား ရဟန်းငါးရာတို့ သာသနာတော်၌ မမွေ့လျော် မပျော်ပိုက်ကြသဖြင့် ထိုရဟန်းတို့ကို ခေါ်ဆောင်ကာ ကုဏာလအိုင်သို့ ကြွရောက်၍ ထိုအိုင်၌ ကုဏာလဇာတ်ကို ဟောတော်မူခြင်းဖြင့် ထိုရဟန်းတို့စိတ် ထိတ်လန့်သံဝေဂ ဖြစ်ပွါးသည်ကို သိတော်မူပြီးလျှင် သစ္စာလေးပါးတရား ဟောတော်မူ၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူလေသည်။ ထို့နောက် မဟာဝုန်တောဝယ် မဟာသမယသုတ္တန်ကို ဟော၍ ထိုရဟန်းငါးရာတို့ကို အရဟတ္တဖိုလ်၌ တည်စေတော်မူ၏။ (ထိုအကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း ၂၂၊ စာမျက်နှာ ၃၈၈-မှစ၍ ပြန်လည်ကြည့်ရှု သုံးသပ်ကုန်ရာ၏)။

     ထိုသာကီဝင်မင်းသား မဟာသမယ ရဟန္တာငါးရာတို့၏ ဇနီးဟောင်းများသည် “ငါတို့သည် ယခုအခါ ဤနန်းတော်၌ အဘယ်အမှု ပြုကုန်အံ့နည်း”ဟု ပြောဆိုကြ၍ အားလုံးတို့သည်ပင် စိတ်သဘောတူကြလျက် မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီထံသို့ သွားရောက်ကြ၍ မိထွေးတော်ကြီး မဟာပဇာပတိ ဂေါတမီကို ရှေ့ဆောင်ရှေ့ရွက် ပြုလုပ်ကြကာ



၅၂၉

ဝေသာလီပြည် မဟာဝုန်တော မြတ်စွာဘုရား ထံတော်မှောက်သို့ သွားရောက်ကြ၍ ဤဘုရား သာသနာဝယ် အမျိုးသမီးများ ဘိက္ခုနီမ ပြုလုပ်နိုင်ရန် မြတ်စွာဘုရားရှင်ကို မိထွေးတော်ကြီး တောင်းပန်၍ ဘိက္ခုနီသာသနာကို ခွင့်ပြုတော်မူလေရာ မိထွေးတော်ကြီး မဟာပဇာပတိဂေါတမီသည် ဂရုဓမ္မပဋိဂ္ဂဟဏဥပသမ္ပဒါဖြင့် ဘိက္ခုနီမ ဖြစ်ခဲ့လေသည်။ ထိုသာကီဝင်မင်းသမီး ငါးရာတို့သည် မဟာပဇာပတိဂေါတမီ ထေရီမကြီးအထံ၌ ဧကတောဥပသမ္ပန္န = (ထိုအချိန်၌ ဘိက္ခုနီသံဃာ မရှိသေးသဖြင့်) ဘိက္ခုသံဃာ တဖက်ဖြင့် ရဟန်းမ-အဖြစ်သို့ ရောက်ရှိကြလေသည်။ အထူးအားဖြင့် ထိုသာကီဝင်မင်းသမီး ရဟန်းမ ငါးရာတို့သည် လွန်ခဲ့သော အခြားမဲ့ဘဝတုန်းက ငါးရာလုံးပင် အရှင်နန္ဒကမထေရ် မင်းဖြစ်စဉ်ဘဝ၌ မိဖုရားငါးရာတို့ ဖြစ်ခဲ့ကြလေသည်။

     ထိုအချိန်၌ မြတ်စွာဘုရားရှင်သည် “ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့ကို ဆုံးမကြရမည်”ဟု အမိန့်အာဏာ မှတ်တော်မူလေသည်။ အရှင်နန္ဒကမထေရ်သည် မိမိ အလှည့်အကြိမ်သို့ ရောက်လတ်သောအခါ ထိုဘိက္ခုနီမငါးရာတို့ လွန်ခဲ့သည့်ဘဝတုန်းက မိမိ၏ အလုပ်အကျွေး မိဖုရား မောင်းမများ ဖြစ်ခဲ့ကြသည်ကို သိမြင်တော်မူ၍ “ငါ့ကို ဤဘိက္ခုနီမ ငါးရာတို့အလယ်၌ ထိုင်နေကာ ဥပမာအမျိုးမျိုး အကြောင်း အမျိုးမျိုးတို့ကို ထုတ်ဆောင်ဖော်ပြ၍ တရားဟောနေသည်ကို အခြား ပုဗ္ဗေနိဝါသအဘိညာဏ်ကို ရရှိသည့် ရဟန်းတော်တပါး မြင်သွားခဲ့လျှင် ဤအတိတ်ဖြစ်ရပ်ကို ကြည့်ရှုတော်မူကာ ‘အရှင်နန္ဒကသည် ယနေ့တိုင်ပင် မောင်းမမိဿံတို့ကို မစွန့်သေးဘိတကား၊ ဤအရှင်နန္ဒကသည် မောင်းမအပေါင်း ခြံရံအပ်လျက် တင့်တယ်ဘိတကား’ဟု ရှုတ်ချကဲ့ရဲ့စကား မိန့်ကြားလေရာ၏”ဟူ၍ ကြံစည်ဆင်ခြင်တော်မူသောကြောင့် ကိုယ်တိုင် မသွားရောက်ပဲ အခြားရဟန်းတပါးကို မိမိကိုယ်စား ဘိက္ခုနီမတို့ကို ဆုံးမရန် လွှတ်ခဲ့လေသည်။

     အထူးအားဖြင့် ထိုဘိက္ခုနီမ ငါးရာတို့သည် အရှင်နန္ဒကမထေရ်၏ ဩဝါဒကိုသာလျှင် လွန်စွာတောင့်တ အလိုရှိကြကုန်၏။



၅၃၀

ဤအကြောင်းကြောင့် မြတ်စွာဘုရားသည် အရှင်နန္ဒကမထေရ်ကို “မိမိအလှည့်အကြိမ်သို့ ရောက်လျှင် အခြားရဟန်းကို မစေလွှတ်ပဲ ကိုယ်တိုင်သွားရောက်၍ ဘိက္ခုနီသံဃာကို ဆုံးမလော့”ဟု မိန့်တော်မူလေ၏။ အရှင်နန္ဒကမထေရ်သည် ဘုရားရှင်၏စကားကို မပယ်ရှားနိုင်ရကား မိမိအလှည့် ရောက်လတ်၍ စာတုဒ္ဒသီ = တဆယ့်လေးရက် ဥပုသ်နေ့၌ ဘိက္ခုနီသံဃာအား ဩဝါဒ ပေးတော်မူလတ်သည်ရှိသော် ထိုသာကီဝင်မင်းသမီး ရဟန်းမ ငါးရာလုံးတို့ကို အာယတနခြောက်ပါး တရားဒေသနာဖြင့် သောတာပတ္တိဖိုလ်၌ တည်စေတော်မူ၏။ သောတာပန် အရိယာအဖြစ်သို့ ရောက်စေတော်မူလေ၏။

     ထိုဘိက္ခုနီမ ငါးရာတို့သည် အရှင်နန္ဒကမထေရ်၏ တရားဒေသနာဖြင့် နှစ်လိုအားရ စိတ်တိုင်းကျ ဖြစ်ရှိကြကာ မြတ်စွာဘုရားရှင် အထံတော်သို့ သွားရောက်ကြ၍ မိမိတို့ရအပ်သည့် သောတာပတ္တိမဂ်ဖိုလ် တည်းဟူသော လောကုတ္တရာ ဂုဏ်ကျေးဇူးကို လျှောက်ထားကြလေသည်။ မြတ်စွာဘုရားရှင်သည် “အဘယ်သူက တရားဟောလျှင် ဤဘိက္ခုနီမများသည် အထက်မဂ်ဖိုလ်တို့သို့ ရောက်ကြမည်နည်း”ဟု ဆက်၍ ဆင်ခြင်တော်မူလေလျှင် တဖန် “အရှင်နန္ဒကမထေရ်၏ ထိုပဌမနေ့ ဟောကြားအပ်သည့် တရားဒေသနာတော်ကိုပင် ကြားနာကြရလျှင် ထိုဘိက္ခုနီမ ငါးရာလုံးပင် အရဟတ္တဖိုလ်သို့ ရောက်ကြလိမ့်မည်”ဟု သိမြင်တော်မူ၍ နောက်တနေ့၌လည်း အရှင်နန္ဒကမထေရ်၏ အထံသို့ပင် တရားနာကြရန် လွှတ်တော်မူလေ၏။ ထိုဘိက္ခုနီမ ငါးရာတို့သည် နောက်တနေ့၌ အရှင်နန္ဒကမထေရ် ပဌမနေ့ ဟောကြားအပ်သည့် တရားဒေသနာကိုပင် ကြားနာကြရ၍ ငါးရာလုံးပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေ၏။

     ထိုနေ့၌ မြတ်စွာဘုရားရှင်သည် ထိုဘိက္ခုနီမငါးရာတို့ ကိုယ်တော်မြတ်အထံသို့ လာရောက် ဆည်းကပ်ကြသောအခါ အရှင်နန္ဒက ဟောကြားအပ်သည့် တရားဒေသနာ၏ အကျိုးရှိသည်၏အဖြစ်ကို သိတော်မူ၍ “ယမန်နေ့က နန္ဒကရဟန်း၏



၅၃၁

တရားဒေသနာသည် တဆယ့်လေးရက်နေ့၌ ပေါ်ထွန်းသော လပြည့် ဝန်းနှင့်တူ၏၊ ဤယခုနေ့ နန္ဒကရဟန်း၏ တရားဒေသနာသည် လပြည့်နေ့၌ ပေါ်ထွန်းသော လပြည့်ဝန်းနှင့်တူ၏”ဟု မိန့်တော်မူ၍ အရှင်နန္ဒကမထေရ်အား သာဓုကောင်းကြီး ပေးတော်မူလေ၏။ (ဤအကြောင်းအရာတို့ကို ဥပရိပဏ္ဏာသ ပိဋကတ်မြန်မာပြန် နန္ဒကောဝါဒသုတ္တန်၌ အကျယ်ကြည့်ရှု မှတ်ယူကုန်ရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     ထိုအကြောင်းကိုပင် အဋ္ဌုပ္ပတ္တိ ပြုတော်မူကာ မြတ်စွာဘုရားသည် နောက်တချိန်ဝယ် အရိယာသံဃာတို့ အလယ်၌ အရှင်နန္ဒကမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဘိက္ခုနောဝါဒကာနံ ယဒိဒံ နန္ဒကော = ရဟန်းတို့.. ဘိက္ခုနီမတို့ကို ဆုံးမကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် နန္ဒကရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဘိက္ခုနောဝါဒက = ရဟန်းမိန်းမတို့ကို ဆုံးမသော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူ၏။

ဤကား အရှင်နန္ဒကမထေရ် အကြောင်းတည်း။

**********