အရှင်ဥပါလိ မထေရ်အကြောင်း
(၃၅) အရှင်ဥပါလိမထေရ်အကြောင်း
(က) မထေရ်၏ ရှေးဆုတောင်း
ဤအရှင်ဥပါလိ မထေရ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော် အခါဝယ် ဟံသာဝတီပြည်၌ အမျိုးကောင်းသားဖြစ်၍ မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို ဝိနည်းဆောင်သော အရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်လတ်၍ အဓိကာရကောင်းမှု ကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူးဌာနန္တရကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။ မြတ်စွာဘုရားရှင်သည်လည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။
(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း
ထိုအမျိုးကောင်းသားသည် ထိုဘဝ၌ အသက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားလျက် ဤဘုရား သာသနာခေတ်ဝယ် ဆေတ္တာသည်အမျိုး၌ ဖြစ်၍ “ဥပါလိသူငယ်”ဟု အမည်တွင်လေသည်။ ထိုဥပါလိသူငယ်သည် အရွယ်သို့ ရောက်လတ်သော် ဘဒ္ဒိယ, အနုရုဒ္ဓါ, ကိမိလ, ဘဂု, အာနန္ဒ, ဒေဝဒတ္တ- တည်းဟူသော သာကီဝင်မင်းသား ခြောက်ဦးတို့ကို ဆံမုတ်ဆိတ်သုတ်သင် တန်းဆာဆင်ပေးရသူ ဖြစ်လျက် မြတ်စွာဘုရားရှင် အနုပီယမြို့အနီး အနုပီယ သရက်ဥယျာဉ်တော၌
၅၂၃
နေတော်မူစဉ် ရဟန်းပြုရန် တောထွက်လာကြသော ထိုမင်းသား ခြောက်ယောက်တို့နှင့် အတူတကွ ရဟန်းပြုလေသည်။ (ထိုသူတို့ ရဟန်းပြုကြပုံ အကြောင်းအရာ အကျယ်ကို အောက် မဟာဗုဒ္ဓဝင် တတိယတွဲ အခဏ်း ၁၉၊ စာမျက်နှာ ၁၄၅-မှ စ၍ ပြန်လည်ကြည့်ရှု သုံးသပ်ကုန်ရာ၏)။
ထိုအရှင်ဥပါလိသည် ရဟန်းဖြစ်ပြီးလတ်သော် မြတ်စွာဘုရားရှင် အထံတော်မှ တရားတော်ကို နာယူပြီးနောက် “မြတ်စွာဘုရား.. တပည့်တော်အား တောကျောင်းနေရန် ခွင့်ပြုတော်မူကြပါဘုရား”ဟု လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်က “ချစ်သား.. သင့်အဖို့ရာ တောကျောင်း၌နေလျှင် ဝိပဿနာဓုရ = ကမ္မဋ္ဌာန်းအလုပ် တခုသာလျှင် တိုးတက်နိုင်ချိမ့်မည်၊ ငါဘုရားတို့ အနီးထံပါး၌ သင်ချစ်သား နေလျှင်ကား ဝိပဿနာဓုရ = ကမ္မဌာန်းအလုပ်, ဂန္ထဓုရ = ပရိယတ္တိအလုပ် = နှစ်မျိုးစုံပင် ကုံလုံပြည့်ဝလိမ့်မည်”ဟု မိန့်တော်မူလတ်သော် အရှင်ဥပါလိသည် မြတ်စွာဘုရားရှင်၏ မိန့်ကြားချက်ကို နှစ်သက်အားရစွာ သဘောတူလက်ခံ၍ ဝိပဿနာအလုပ် အားထုတ်တော်မူလေလျှင် မကြာမြင့်မီပင် အရဟတ္တဖိုလ်ပေါက် ရောက်တော်မူလေ၏ = ရဟန္တာဖြစ်တော်မူလေ၏။ ထို့နောက် အရှင်ဥပါလိမထေရ်ကို မြတ်စွာဘုရားရှင်သည် ကိုယ်တော်တိုင်ပင် အလုံးစုံသော ဝိနည်းပိဋကကို ပို့ချ သင်ပြပေးတော်မူ၏။
(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း
အရှင်ဥပါလိ ရဟန္တာမထေရ်သည် ဝိနည်းပိဋကကို တတ်မြောက် ကျွမ်းကျင်တော်မူပြီးနောက် (၁) ဘာရုကစ္ဆကဝတ္ထု၊ (၂) အဇ္ဇုကဝတ္ထု၊ (၃) ကုမာရကဿပဝတ္ထု- တည်းဟူသော ဤသုံးဝတ္ထုတို့ကို သဗ္ဗညုတ ရွှေဉာဏ်တော်နှင့် နှိုင်းညှိလျက် မြတ်စွာဘုရားရှင် အလိုတော်ကျ ဖြေကြား ဆုံးဖြတ်တော်မူလေသည်။ (ထိုသုံးဝတ္ထုတို့တွင် (၃) ကုမာရကဿပဝတ္တုကို ဤမဟာဗုဒ္ဓဝင် ဆဋ္ဌမတွဲ ထေရာပဒါန ၂၈-အရှင်ကုမာရက မထေရ်အကြောင်း စာမျက်နှာ ၄၁၇-၄၁၈-တို့၌ ပြန်လည်
၅၂၄
ကြည့်ရှု သုံးသပ်ကုန်ရာ၏။) ကျန်သော နှစ်ဝတ္ထုတို့ကို အကျဉ်းအားဖြင့် ဖော်ပြပေအံ့-
ဘာရုကစ္ဆကဝတ္ထု
ဘာရုကစ္ဆကအရပ်သား ရဟန်းတပါးသည် အိပ်မက်၌ မယားဟောင်းကို မေထုန်ကျင့်ရသည်ဟု မြင်မက်သောကြောင့် “ငါသည် ရဟန်းမဟုတ်တော့ပြီ၊ လူထွက်တော့အံ့”ဟု မိမိနေရပ် ဘာရုကစ္ဆမြို့သို့ သွားလေသော် လမ်းခရီးအကြား၌ အရှင်ဥပါလိကို တွေ့မြင်ရ၍ အရှင်ဥပါလိအား ထိုအကြောင်းကို လျှောက်ထားလေ၏။ အရှင်ဥပါလိမထေရ်သည် “ငါ့ရှင်.. အိပ်မက်ဖြင့် အာပတ်မသင့်နိုင်”ဟု မိန့်တော်မူ၏။ (ဤဝတ္ထုကား ဝိနယ ပါရာဇိကပါဠိ မျက်နှာ ၄၉၊ ပိဋကတ်မြန်မာပြန် မျက်နှာ ၅၃-၌ လာ၏)။ ဘာရုကစ္ဆကအရပ်ကား သင်္ဘောဆိပ်အရပ် ဖြစ်သည်။
ဤ၌ အိပ်မက်မက်ခြင်းသည် အာပတ်သင့်ခြင်း၏ အရာမဟုတ်သောကြောင့် အရှင်ဥပါလိမထေရ်သည် ဤဝတ္ထုမျိုးကို ရှေးက မြတ်စွာဘုရား ဆုံးဖြတ်ပြီး မရှိငြားသော်လည်း ဤယခု ဘာရုကစ္ဆကရဟန်းဝတ္ထုကို နယဂ္ဂါဟ (=အိပ်မက်၌ သုက်လွတ်ခြင်းကြောင့် အာပတ်မသင့်မှုကို နည်းယူသော)အားဖြင့် “အာပတ်မသင့်”ဟု ရဲရဲတောက် ဆုံးဖြတ်တော်မူလေသည်။
မြတ်စွာဘုရားရှင်သည်လည်း ထိုအကြောင်းကို ကြားသိတော် မူ၍ “ရဟန်းတို့.. ဥပါလိသည် ကောင်းစွာ ဖြေကြားအပ်ပေ၏။ ခြေရာမထင်နိုင်သော ကောင်းကင်၌ ခြေရာကို ပြသကဲ့သို့ ဥပါလိရဟန်းသည် ဤပြဿနာကို ကောင်းစွာ ဖြေကြားအပ်ပေ၏”ဟု မိန့်တော်မူကာ သာဓုကောင်းကြီး ပေးတော်မူလေသည်။
အဇ္ဇုကဝတ္ထု
တရံရောအခါ ဝေသာလီပြည်၌ အရှင်အဇ္ဇုက၏ အလုပ်အကျွေး ဒါယကာမှာ သားနှင့် တူအားဖြင့် သူငယ်နှစ်ယောက် ရှိကြရာ
၅၂၅
ထိုဒါယကာသည် အရှင်အဇ္ဇုကကို “အရှင်ဘုရား.. ဤသူငယ် နှစ်ယောက်တို့တွင် သဒ္ဓါတရားရှိ၍ ရတနာသုံးပါးကို ကြည်ညိုသော သူငယ်အား ဤဥစ္စာစု၏ တည်နေရာကို ပြောကြားတော်မူပါ”ဟု လျှောက်ထား မှာကြားပြီး ထိုဒါယကာ ကွယ်လွန်ခဲ့လေသည်။
ထိုအခါ ထိုဒါယကာ၏ တူဖြစ်သော သူငယ်သည် သဒ္ဓါတရားရှိ၍ ရတနာသုံးပါးကို ကြည်ညိုသူ ဖြစ်ရကား အရှင်အဇ္ဇုကသည် ထိုဥစ္စာစု၏ တည်နေရာကို တူဖြစ်သူ သူငယ်အား ပြောကြားလေ၏။ ထိုသူငယ်သည် ထိုဥစ္စာစုဖြင့် ရောင်းဝယ်ဖောက်ကားမှုပြုကာ စီးပွါးဥစ္စာကိုလည်း တည်တံ့စေ၏၊ အလှူအတန်းကိုလည်း ပေးကမ်း၏။
ထိုအခါ ထိုဒါယကာ၏ သားဖြစ်သော သူငယ်သည် အရှင်အာနန္ဒာမထေရ်ကို “အရှင်အာနန္ဒာဘုရား.. (သားနှင့် တူတို့ ရှိကြရာဝယ်) အဘယ်သူသည် ဖခင်၏အမွေခံ ဖြစ်ပါသနည်း၊ သားသည်ပင် အမွေခံဖြစ်ပါသလော၊ သို့မဟုတ် တူသည်ပင် အမွေခံဖြစ်ပါသလာ”ဟု မေးလျှောက်လေ၏။ ထိုအခါ အရှင်အာနန္ဒာက “ဒါယကာ.. သားသည် ဖခင်၏ အမွေခံဖြစ်သည်”ဟု မိန့်တော်မူလေလျှင် ထိုသားဖြစ်သူ သူငယ်သည် “အရှင်ဘုရား.. အရှင်အဇ္ဇုကသည် တပည့်တော်တို့၏ ဥစ္စာနှစ်ကို တပည့်တော်တို့၏ ယောက်ဖ (=အဖေ့တူ)အား ညွှန်ကြားလေပြီ”ဟု လျှောက်ထားလေ၏။ ထိုအခါ အရှင်အာနန္ဒာသည် ထိုဝတ္ထု အကြောင်းအရာကို စေ့စုံစွာ လေ့လာမှု ပြုတော်မမူပဲ ရုတ်တရက်အားဖြင့် “ဒါယကာ.. ထိုသို့ဖြစ်လျှင် အရှင်အဇ္ဇုကသည် ရဟန်းမဟုတ်တော့ပြီ”ဟု မိန့်ကြားတော်မူလေ၏။
ထိုအခါ အရှင်အဇ္ဇုကသည် အရှင်အာနန္ဒာမထေရ်ကို “ငါ့ရှင်အာနန္ဒာ.. ငါ့အား အဆုံးအဖြတ်ကို ပေးပါလော့”ဟု ပြောဆိုလေ၏။ ထိုအချိန်၌ အရှင်ဥပါလိသည် အရှင်အဇ္ဇုက၏ဘက်သား ဖြစ်တော်မူ၏။ (ဤ၌ အရှင်ဥပါလိသည်
၅၂၆
အဂတိလိုက်သောအားဖြင့် အရှင်အဇ္ဇုက၏ဘက်သား ဖြစ်သည်မဟုတ်၊ စင်စစ်သော်ကား အာပတ်မသင့်ကြောင်း ကောင်းစွာသိသဖြင့် လဇ္ဇီပုဂ္ဂိုလ်ကို ချီးမြှောက်သောအားဖြင့်၎င်း, ဝိနည်းကို ချီးမြှောက်သော အားဖြင့်၎င်း အရှင်အဇ္ဇုက၏ဘက်သား ဖြစ်တော်မူသည်ဟု အထူးမှတ်အပ်၏။)
ထိုအခါ အရှင်ဥပါလိမထေရ်သည် အရှင်အာနန္ဒာမထေရ်ကို “ငါ့ရှင်အာနန္ဒာ.. ဥစ္စာရှင်က ‘ဤဥစ္စာစု၏ တည်ရာကို ဤမည်သောသူအား ပြောပါ’ဟု မှာထားသဖြင့် ထိုသူအား ပြောဆိုရာ ထိုပြောသော ရဟန်းသည် အဘယ်အပြစ် အာပတ်သင့်သနည်း”ဟု မေးတော်မူလေ၏။ အရှင်အာနန္ဒာမထေရ်သည် “အရှင်ဘုရား.. အဘယ်အာပတ်အပြစ်မှ မသင့်ပါ၊ အယုတ်သဖြင့် ဒုက္ကဋ်အာပတ်အပြစ်မျှပင် မသင့်ပါ”ဟု ပြန်ကြား ဖြေဆိုတော်မူလေ၏။ ထိုအခါ အရှင်ဥပါလိမထေရ်သည် အရှင်အာနန္ဒာမထေရ်ကို “ငါ့ရှင်အာနန္ဒာ.. ဤအရှင်အဇ္ဇုကသည် ‘ဤဥစ္စာအစု၏ တည်ရာကို ဤမည်သောသူအား ညွှန်ကြားတော်မူပါ’ဟု ဥစ္စာရှင်က မှာထားခဲ့သဖြင့် ထိုတူဖြစ်သူ သူငယ်အား ညွှန်ကြားလေသည်။ ငါ့ရှင်အာနန္ဒာ.. အရှင်အဇ္ဇုကအား အာပတ်မသင့် = အပြစ်မရှိ”ဟု ဖြေရှင်း မိန့်ဆိုတော်မူကာ ရဲရဲတောက် ဆုံးဖြတ်ချက် ချမှတ်တော်မူလေ၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို ကြားသိတော်မူ၍ “ချစ်သားတို့.. ဥပါလိရဟန်းသည် ကောင်းစွာ ဆုံးဖြတ် ဖြေကြားအပ်လေပြီ”ဟု မိန့်တော်မူကာ သာဓုကောင်းကြီး ပေးတော်မူလေ၏။ (ထိုမှတပါး ဤအရှင်ဥပါလိ၏ ထေရာပဒါန်မှာ အလွန် ကြည်ညိုဖွယ်ရာ ကောင်းလှစွာ၏။ ထိုဥပါလိထေရာပဒါန် ပါဠိ, အနက်ကို မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး၏ ဆိဒ္ဒပိဓာနနီကျမ်း၌ ကြည့်ရှုမှတ်ယူ ကြည်ညိုကုန်ရာ၏)။
ဤသို့လျှင် မြတ်စွာဘုရားသည် အဆုံးအဖြတ် တခုတခုလျှင် သာဓုကောင်းကြီး အသီးအသီး ပေးတော်မူ၍ ထိုဆုံးဖြတ်ချက် သုံးရပ်တို့ကို အဋ္ဌုပ္ပတ် ပြုတော်မူကာ နောက်တချိန်၌ အရိယာသံဃာတော်တို့ အလယ်တွင် အရှင်ဥပါလိမထေရ်ကို-
၅၂၇
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဝိနယဓရာနံ ယဒိဒံ ဥပါလိ = ရဟန်းတို့.. ဝိနည်းပိဋကတ်ကို ဆောင်ကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ဥပါလိရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-
ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ဝိနယဓရ = ဝိနည်းပိဋကတ်ကို ဆောင်သောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။
ဤကား အရှင်ဥပါလိမထေရ် အကြောင်းတည်း။
**********