အဟိပေတဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၅-ဗာလဝဂ်။ ၁၂-အဟိပေတဝတ္ထု
၇၁။ န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။
ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါဝကော။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပုံသဏ္ဌာန်အားဖြင့် လူခေါင်းနှင့် တူ၍ မြွေကိုယ်ဖြစ်သော နှစ်ဆယ့်ငါးယူဇနာရှိသော မြွေပြိတ္တာကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
သဇ္ဇုခီရံ၊ ညှစ်ပြီးစနို့ရည်သည်။ (ပကတိံ၊ ပကတိသဘောကို။) န မုစ္စတိ ဣဝ၊ မစွန့်မပြောင်းလဲသကဲ့သို့။ ကတံ၊ ပြုသစ်စဖြစ်သော။ ပါပံ ကမ္မံ၊ မကောင်းမှုကံသည်။ န ဝိပစ္စတိ၊ အကျိုးမပေးသေး။ ဘသ္မစ္ဆန္နော၊ ပြာဖုံးနေသော။ ပါဝကော ဣဝ၊ မီးခဲကဲ့သို့။ ဗာလံ၊ လူမိုက်သို့။ ဍဟန္တံ-ဍဟန္တော၊ လောင်ကျွမ်းစေလျက်။ အနွေတိ၊ အစဉ်လိုက်၏။
စကားပြေ
ညှစ်ပြီးစဖြစ်သော နို့ရည်သည် ရက်တက်ချဉ်ရည် မထည့်ခင် ပကတိသဘောကို မပြောင်းလဲသကဲ့သို့လည်းကောင်း၊ ပြာဖုံးနေသော မီးခဲသည် မပူသကဲ့သို့လည်းကောင်း၊ ပြုသစ်စအကုသိုလ်သည် ပြုဆဲအချိန် အကျိုးမပေးသော်လည်း ကုသိုလ်ကြောင့် ဖြစ်သော ခန္ဓာ ပျောက်ပျက်ချိန်တွင် အပါယ်ငရဲတို့၌ ခံစားရ၏။
သဇ္ဇုခီရံ ဣဝ၊ နွားမနို့မှ လောလေးဆယ် ထွက်သော နို့ရည်ပူသည် ရက်တက်ရည် မရောခင် ပကတိသဘောကို မပြောင်းလဲသကဲ့သို့ မကောင်းမှုကို ပြုဆဲအချိန် မကောင်းကျိုးမပေးသေးပဲ ကုသိုလ်ကြောင့် ဖြစ်ပေါ်သော ခန္ဓာများ ပျက်စီးလျှင်ကား အပါယ်ဘုံတို့၌ ဆင်းရဲခံစားရ၏။
ဘသ္မစ္ဆန္နောဝ၊ ပြာဖြင့် ဖုံးထားသော မီးခဲသည် နင်းသော်လည်း မပူသေးပဲ ပြာကို ယပ်ဖြင့် ခပ်သောအခါ မီးခဲသည် အရေမှစ၍ ဦးခေါင်းတိုင်အောင် လောင်နိုင်သကဲ့သို့ မကောင်းမှုသည် လူမိုက်သို့ ဒုတိယဘဝ၊ တတိယဘဝတို့၌ ငရဲသို့ ရောက်စေပြီး ပူလောင်လျက် လိုက်သည်။
ကျီးပြိတ္တာ၊ သံဃာရည်မှန်းလာသော ဆွမ်းကို သုံးလုတ်မျှ လုစားခဲ့မှုကြောင့် ခန္ဓာကိုယ် အမြင့် ၂၅-ယူဇနာ ရှိပြီး ခေါင်းက ကိုးယူဇနာ၊ လျှာက ငါးယူဇနာ ရှိသော ကျီးပြိတ္တာဖြစ်ရသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၂၁)။
မြွေပြိတ္တာ၊ လယ်သမားတယောက်သည် ပစ္စေကဗုဒ္ဓါတပါး၏ ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် လူအများ ရိုက်သတ်၍ သေဆုံးပြီး အဝီစိငရဲရောက်ပြီးလျှင် ခန္ဓာကိုယ် ၂၅-ယူဇနာ ရှိသော မြွေပြိတ္တာဖြစ်ရသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၂၂)
အဟိပေတဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၅-ဗာလဝဂ်
၁၂-အဟိပေတဝတ္ထု အဋ္ဌကထာဂါထာ
ကာယော အစ္စုဂ္ဂတော တုယှံ, ပဉ္စဝီသတိယောဇနံ၊
ကိံ နု ကမ္မံ ကရိတွာန, ပတ္တောသိ ဒုက္ခမီဒိသံ။
တေ၊ သင်၏။ ဇိဝှါ၊ လျှာသည်။ ပဉ္စယောဇနိကာ၊ ၅ယူဇနာ ရှိ၏။ သီသံ၊ ဥုး ခေါင်းသည်။ နဝယောဇနံ၊ ၉ယူဇနာရှိ၏။ တုယှံ၊ သင်၏။ ကာယော၊ ကိုယ်သည်။ ပဉ္စဝီသတိယောဇနံ၊ ၂၅ယူဇနာ တိုင်တိုင်။ အစ္စုဂ္ဂတော၊ အလွန်မြင့်တက်နေ၏။ [အတိ+ဥစ္စံ+ဂတော အစ္စုဂ္ဂတော။ ဓမ္မယော-၄၆။] (တွံ၊ သည်။) ကိံ ကမ္မံ၊ အဘယ်မကောင်း မှုကို။ ကရိတွာန၊ ပြုခဲ့၍။ ဝါ၊ ပြုခဲ့ခြင်းကြောင့်။ ဤဒိသံ၊ ဤကဲ့သို့ ရှုအပ်သော။ ဒုက္ခံ၊ ဆင်းရဲသို့။ ပတ္တော၊ ရောက်ရသည်။ အသိ နု၊ ဖြစ်သနည်း? (ဋ္ဌ-၁၂၇)
သံဃဿ အာဘတံ ဘတ္တံ, အာဟာရေသိံ ယဒိစ္ဆကံ။
ဘန္တေ မောဂ္ဂလ္လာန၊ အရှင်ဘုရားမောဂ္ဂလ္လာန်! အဟံ၊ တပည့်တော်သည်။ ကဿပဿ၊ ကဿပမည်တော်မူသော။ မဟေသိနော၊ ဘုရားရှင်၏။ သံဃဿ၊ သံဃာဖို့။ ဝါ၊ သံဃာ၏ အတွက်။ အာဘတံ၊ ဆောင်ယူအပ်သော။ ဘတ္တံ၊ ဆွမ်းကို။ ယဒိစ္ဆကံ၊ အလိုဆန္ဒအားလျော်စွာ။ ဝါ၊ အလိုရှိသလောက်။ အာဟာရေသိံ၊ စားခဲ့မိပါပြီ။ [ဓမ္မယော-၄၆၌ “ကဿပဿ၊ သော။ မဟေသိနော၊ ၏။ (သာသနေ၊ ၌။) သံဃဿ၊ ကို။ (ဥဒ္ဒိဿ၊ ရည်မှန်း၍။) အာဘတံ၊ သော။ ဘတ္တံ၊ ကို။ ယဒိစ္ဆကံ၊ စွာ။ အာဟာရေသိံ”ဟု ထည့်ပါဌ်များ ထည့်ပေး၏။] (ဋ္ဌ-၁၂၈)
အာဟာရေသိံ ယဒိစ္ဆကံ။ ။ ဟရဓာတ်သည် ဘူဝါဒိသာ ရှိ၏၊ ထိုကြောင့် အာဟာရဟူသော နာမ်ပုဒ်နောင် ဓာတွတ္ထေ နာမသ္မိ(မောဂ်- ၅, ၁၂)သုတ်ဖြင့် ဣပစ္စည်းသက်၊ ဣကို ဧပြု(နီဘာ-၄, ၂၆၂)။ (တစ်နည်း) ဓာတုရူပေ နာမသ္မာ ဏယော စသုတ်၌ စသဒ္ဒါဖြင့် အာဟာရနောင် ဏေပစ္စည်းသက်။(ဝိဗော၊၂၂၃)၊ [ယဒိစ္ဆကံကို “ဣစ္ဆာယ+အနုရူပံ ယဒိစ္ဆကံ၊ (တစ်နည်း) ယာ ယာ+ဣစ္ဆာ ယဒိစ္ဆကံ-အကြင်အကြင်အလိုအတိုင်း၊ (ယ+ဣစ္ဆာ+က)”ဟုပြု၊]
အဟိပေတဝတ္ထုပါဠိဂါထာ
ဍဟန္တံ ဗာလမနွေတိ, ဘသ္မစ္ဆန္နောဝ ပါဝကော။
သဇ္ဇုခီရံ၊ ထိုခဏ၌ နွားနို့တို့မှ ထွက်လာသော နို့ရည်သည်။ ဝါ၊ ညှစ်ပြီးခါစဖြစ်သော နို့ရည်သည်။ န မုစ္စတိ ဣဝ၊ တစ်ခဏ ချင်း, မူရင်းအရသာ, စွန့်ကာပျက်ယွင်း, မလွတ်ကင်းသကဲ့သို့။ (ဧဝမေဝ၊ ဤအတူသာလျှင်။) ပါပံ၊ မကောင်းသော။ ကမ္မံ၊ ကံ သည်။ ဝါ၊ ကို။ ကတံ ဟိ၊ ပြုအပ်စဉ်သာ။ ဝါ၊ ပြုအပ်ဆဲခဏ၌သာ။ (ပြုပြုချင်းသာ)။ န (ဝိပစ္စတိ)၊ အကျိုးမပေး။ (ဝိပစ္စမာနံ၊ အကျိုးပေးလသော်။) ဗာလံ၊ လူမိုက်ကို။ ဍဟန္တံ၊ လောင်မြိုက်လျက်။ ဝါ၊ ပူလောင်စေလျက်။ အနွေတိ၊ အစဉ်လိုက်၏။ (ကိမိဝ၊ နည်း?) ဘသ္မစ္ဆန္နော၊ ပြာဖြင့် ဖုံးထားအပ်သော။ ပါဝကော၊ မီးသည်။ ဍဟန္တော၊ (နင်းသူကို) တငွေ့ငွေ့ လောင်မြိုက်လျက်။ ဝါ၊ ပူစေလျက်။ အနွေတိ ဣဝ၊ အစဉ်လိုက်သကဲ့သို့တည်း။ (ပါ-၇၁)
ကတံ။ ။ “ကရိယမာနမေဝ(ဓမ္မ၊ဋ္ဌ၊၁၊၃၂၃)၊ ကိရိယက္ခဏေယေဝ(နေတ္တိ၊ဋ္ဌ၊၂၅၀)”ဟူသော အဖွင့်အရ ကတံ၌ ပထမာဝိဘတ် သတ္တမီ(လက္ခဏ)အနက်, တပစ္စည်း ပစ္စုပ္ပန်ကာလ, “န ဟိ”၌ ဟိကို အဝ- ဓာရဏအနက်ဟု ယူ၍ ပေးခဲ့သည်။
နေတ္တိဝိ-၃၁၈။ ။ ထို၌ နိယမ, အနိယမ, အာဓာရ, ကံပုဒ်များထည့် ၍ “သဇ္ဇုခီရံ-သည်၊ (နိက္ခန္တက္ခဏေ-ထွက်ဆဲခဏ၌၊) န မုစ္စတိ ဣဝ-သို့၊ (ဧဝံ-တူ၊ ယေန ဗာလေန-အကြင်လူမိုက်သည်၊) ပါပံ-သော၊ (ယံ) ကမ္မံအကြင်ကံကို၊ ကတံ-အပ်ပြီ၊ (တဿ ဗာလဿ-ထိုလူမိုက်၏၊ တံ) ကမ္မံထိုမကောင်းမှုကံသည်၊ (ကရဏက္ခဏေ-ပြုဆဲခဏ၌၊) န ဟိ ဝိပစ္စတိ၊ (ဟိအနက်မဲ့)၊ ဘသ္မစ္ဆန္နော-သော၊ ပါဝကော-သည်၊ (အက္ကန္တံ-နင်းသော၊ ဇနံ-လူကို၊ဍဟတိ) ဣဝ-လောင်မြိုက်သကဲ့သို့၊ (ဧဝံ-တူ၊ ယေန ဗာလေနသည်၊ ပါပံ-သော၊ ယံ ကမ္မံ-ကို၊ ကတံ-ပြီ၊ တံ ကမ္မံ-သည်၊ တံ ဗာလံ-ထို လူမိုက်ကို၊) ဍဟန္တံ-ပူလောင်စေလျက်၊ အနွေတိ-၏”ဟု ပေးစေ၏။
ဍဟန္တံ။ ။ ဒဟ+အန္တ၊ “ဒဟဿ ဒဿ ဍော(မောဂ်-၅, ၁၂၆)” သုတ်ဖြင့် ဒကို ဍပြု၊ ဤအလို သုဒ္ဓကတ္တုရုပ်တည်း(ဋ္ဌပြု-၂၄၈)။ “ဍဟာပေန္တံ(နေတ္တိဝိ-၃၁၈)”ဟူသောအဖွင့်အလို ကာရိတ်ပစ္စည်းကျေသော ကာရိတ်ကတ္တုရုပ်တည်း၊ မကောင်းမှုသည် ပြုပြုချင်း အကျိုးမပေးသော် လည်း ကုသိုလ်ကံအကျိုးပေးခွင့်ကုန်လျှင် အကျိုးပေးပုံကို ပြလို၍ “ဍဟန္တံ” စသည်ကို မိန့်သည်။
အဟိပေတဝတ္ထုပါဠိဂါထာနိဿယပြီးပြီ။