မာတိကာသို့ ခုန်သွားရန်

ဇမ္ဗုကတ္ထေရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၅-ဗာလဝဂ်။ ၁၁-ဇမ္ဗုကတ္ထေရဝတ္ထု

၇၀။ မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခါတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ငယ်စဉ်ကပင် အဝတ်မဝတ်ပဲ ကျင်ကြီးကိုသာ စား၍ ၅၅-နှစ်ပတ်လုံး တက္ကတွန်းဘဝသို့ ရောက်ပြီးလျှင် ဘုရားရှင် တရားဟောသဖြင့် ရဟန္တာဖြစ်သော ဇမ္ဗုကထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော ပုဂ္ဂိုလ်တို့ တရားထူးရကြသည်။

အနက်

ယော ဗာလော၊ အကြင်မိုက်သောသူသည်။ မာသေ မာသေ၊ လတိုင်း လတိုင်း။ ကုသဂ္ဂေန၊ သမန်းမြက်ဖျားဖြင့်။ ဝဿတံ၊ အနှစ်တရာပတ်လုံး။ ဘောဇနံ၊ ဘောဇဉ်ကို။ ဘုဉ္ဇေယျ၊ စားရာ၏။ သော ဗာလော၊ ထိုလူမိုက်မျိုးသည်။ သင်္ခါတဓမ္မာနံ၊ သိအပ် နှိုင်းယှဉ်အပ်သော တရားရှိသော အရိယာပုဂ္ဂိုလ်တို့ကို။ သောဠသိံ ကလံ၊ တဆယ့်ခြောက်စိတ် စိတ်၍ တစိတ်မှ။ န အဂ္ဃတိ၊ အဖိုးမထိုက်။

စကားပြေ

ဘောဇဉ်ကို အနှစ်တရာပတ်လုံး သမန်းမြက်ဖျားဖြင့်သာ လတိုင်းလတိုင်း စားသောသူမိုက်သည် အရိယာပုဂ္ဂိုလ်တို့ကို တဆယ့်ခြောက်စိတ် စိတ်၍ တစိတ်မျှ အဖိုးမထိုက်။
အရိယာပုဂ္ဂိုလ်တို့၏ သံသယဖြစ်စရာရှိသော ဆွမ်းတထပ်စာ မစားပဲနေသော ကုသိုလ်စေတနာကို တဆယ့်ခြောက်စိတ် စိတ်၍ တစိတ်မျှကို နှစ်ပေါင်းတရာ သမန်းမြက်ဖျားဖြင့် စားသော ခြိုးခြံသော အကျင့်ရှိသော ဇမ္ဗုက၏ စေတနာသည် မမီနိုင် အဖိုးမတန်။
ဗာလော၊ ပိုင်းခြားအပ်သော တရားမရှိသူ၊ သီလစသည်တို့မှ ယုတ်လျော့သူ၊ တက္ကတွန်းကျောင်း၌ ခြိုးခြံသော အကျင့်ရှိသူ။
သင်္ခါတဓမ္မာနံ၊ သိအပ် နှိုင်းယှဉ်အပ်သော တရားရှိသော အရိယာပုဂ္ဂိုလ် (၃) ယောက်။

ကြောက်စရာ

အာဂန္တုရဟန်းအား မိမိဒကာက ပြုစုနေသည်ကို မနာလိုသဖြင့်-
၁။ သဌေးဆွမ်း စားရသည်ထက် ကျင်ကြီးစားရသည်က မြတ်သေးသည်။
၂။ သဌေးလှူတ်လိုက်သော ဆတ္တာသည်ကို ခေါင်းရိတ်ခံရသည်ထက် ထန်းစေ့ဖြင့် ဆံပင်ကို ညှပ်ပြီး နုတ်ရသည်က မြတ်သေးသည်။
၃။ သဌေးလှူသော သင်္ကန်းကို ဝတ်ရသည်ထက် မဝတ်မဝတ်ပဲ နေရသည်က မြတ်သေးသည်။
၄။ သဌေးယူလာသော ညောင်စောင်းပေါ် အိပ်ရသည်ထက် မြေပေါ် အိပ်ရသည်က မြတ်သေးသည်—
ဟု ဆဲရေးသည့်အပြင် ဆွမ်းခံခေါင်းလောင်းကို လက်သဲဖြင့် ထိုးခြင်း၊ ရဟန္တာဖို့ ဒကာက ထည့်လှူလိုက်သော ဆွမ်းကို လမ်းမှာ မြေမြှုပ်ပစ်ခဲ့ခြင်းကြောင့် အာဝါသိကရဟန်းဖြစ်သူသည် အနှစ်နှစ်သိန်းတိုင်တိုင် ရဟန်းတရား အားထုတ်ခဲ့သော်လည်း ဘုရားနှစ်ဆူကြား အဝီစိလားပြီး ဂေါတမဘုရားရှင် လက်ထက် ရာဇဂြိုဟ်ပြည် အစားအသောက် ပေါများသော သဌေးမျိုး၌ ဖြစ်ရသော်လည်း မွှေးလာသည်မှ ကြီးသည့်အထိ (၅၅) နှစ်ပတ်လုံး အဝတ်မဝတ်ပဲ ကျင်ကြီးစားပြီး ဆံပင်ကို ထန်းစေ့ဖြင့် နုတ်ကာ မြေပေါ်၌ပင် အိပ်နေရသည်။
အနှစ်နှစ်သိန်းတိုင်တိုင် ရဟန်းတရား အားထုတ်မှုကြောင့် ဧဟိဘိက္ခုရဟန်း ဖြစ်ရသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၁၃-၈)။
လူ၏သဘော၊ လူတို့သည် ပြောသောစကားမျှဖြင့်ပင် ခပ်များများ ယုံကြည်ကြသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၃၁၆။)

ပါဠိသဒ္ဒါခက်ဆစ်

ကုသဂ္ဂေန = ကုသာနံ အဂ္ဂော ကုသဂ္ဂော။ ကုသ + အဂ္ဂ။
သင်္ခါတဓမ္မာနံ = သင်္ခါတော ဓမ္မော သင်္ခါတဓမ္မော။ သင်္ခါတ + ဓမ္မ။

ဇမ္ဗုကတ္ထေရဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၅-ဗာလဝဂ်

၁၁-ဇမ္ဗုကတ္ထေရဝတ္ထုပါဠိဂါထာ

၂၀၄။မာသေ မာသေ ကုသဂ္ဂေန, ဗာလော ဘုဉ္ဇေယျ ဘောဇနံ၊
န သော သင်္ခါတဓမ္မာနံ, ကလံ အဂ္ဃတိ သောဠသိံ။

ဗာလော၊ သာသနာပ လူဗာလသည်။ မာသေ မာသေ၊ လတိုင်း လတိုင်း၌။ (တစ်နည်း) မာသေ မာသေ၊ တစ်လတစ်လ သည်။ (ပတ္တေ၊ ရောက်လသော်။) ကုသဂ္ဂေန၊ သမန်းမြက်ဖျားဖြင့်။ ဘောဇနံ၊ စားဖွယ်ကို။ ဘုဉ္ဇေယျ၊ စားရာ၏။ သော၊ ထိုသာသနာ ပ, လူဗာလသည်။ သင်္ခါတဓမ္မာနံ၊ သိအပ်ပြီးသော သစ္စာ၄-ပါး တရားရှိသော အရိယာပုဂ္ဂိုလ်တို့၏။ [သင်္ခါတာ ပရိညာတာ+ဓမ္မာ ယေသန္တိ သင်္ခါတဓမ္မာ။ သံ၊ဋီ၊၂၊၇၂။] သောဠသိံ၊ ၁၆စိတ်မြောက်ဖြစ် သော။ ဝါ၊ ၁၆စိတ် ၁၆ပြန်စိတ်၍ တစ်စိတ်ဖြစ်သော။ ကလံ၊ အစိတ်ကို။ န အဂ္ဃတိ၊ မထိုက်တန်။ ဝါ၊ မမှီ။ (ပါ-၇၀)

ဇမ္ဗုကတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။