မာတိကာသို့ ခုန်သွားရန်

ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၅-ဗာလဝဂ်။ ၁၀-ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု

၆၉။ မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းပြု၍ မကြာမီပင် ရဟန္တာမဖြစ်၍ မောင်နှမဝမ်းကွဲတော်သော နန္ဒလုလင်၏ မတရား ကျင့်ကြံခြင်းကို ခံရသော ဥပ္ပလဝဏ္ဏထေရီမကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ယာဝ၊ အကြင်မျှလောက်။ ပါပံ၊ မကောင်းမှုသည်။ န ပစ္စတိ၊ အကျိုးမပေးသေး။ တာဝ၊ ထိုမျှလောက်။ ဗာလော၊ မိုက်သောသူသည်။ ပါပံ၊ မကောင်းမှုကို။ မဓုဝါ၊ ပျားသကာကဲ့သို့။ မညတိ၊ မှတ်ထင်၏။ ယဒါ စ၊ အကြင်အခါ၌ကား။ ပါပံ၊ မကောင်းမှုသည်။ ပစ္စတိ၊ အကျိုးပေး၏။ အထ၊ ထိုအခါ၌။ ဗာလော၊ မိုက်သောသူသည်။ ဒုက္ခံ၊ ဆင်းရဲသို့။ နိဂစ္ဆတိ၊ ရောက်ရ၏။

စကားပြေ

မိုက်သောသူသည် မကောင်းမှုကို ပြုစဉ်သော်လည်းကောင်း၊ ပြုပြီး ယခုဘဝ၊ နောင်ဘဝတို့၌ မကောင်းမှု အကျိုးမပေးမီ သော်လည်းကောင်း၊ မိမိအမှုကို ပျားသကာကဲ့သို့ ထင်မှတ်သော်လည်း အကျိုးပေးချိန် ရောက်သောအခါ ဆင်းရဲဒုက္ခကို ခံစားရ၏။
မဓုဝါ၊ မကောင်းမှုကို ပြုစဉ်သော်လည်းကောင်း၊ အကျိုးမပေးမီ သော်လည်းကောင်း၊ မိမိပြုအပ်သော မကောင်းမှုကို အလိုရှိအပ်၊ နှစ်သက်အပ်၊ မြတ်နိုးအပ်သော ပျားသကာကဲ့သို့ ထင်မှတ်၏။
ဥပ္ပလဝဏ္ဏထေရီ၊ ပဒုမုတ္တရဘုရားရှင်၏ ခြေတော်ရင်း၌ ဆုတောင်းခဲ့၍ ကမ္ဘာတသိန်းတိုင်တိုင် ကောင်းမှုပြုကာ လူ့ပြည်၊ နတ်ပြည် ကျင်လည်လျက် ဤဂေါတမဘုရားရှင် လက်ထက် နတ်ပြည်မှ စုတေ၍ သာဝတ္ထိပြည် သဌေးမျိုး၌ ဖြစ်သည်။ ကြာညိုတိုက် အဆင်းရှိသဖြင့် ဥပ္ပလဝဏ္ဏာဟု အမည်ပေးသည်။ ဥပုသ်ကျောင်းဆောင်၌ ထွန်းထားသော ဆီမီးကို ကြည့်၍ တေဇောဓာတ် ကသိုဏ်းလျှင် အာရုံရှိသော ဈာန်ကို အခြေခံကာ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်သွားသည်။ တောက်နေသော ယင်းဘိက္ခုနီမကို ဖျက်ဆီးသော နန္ဒလုလင်သည် အဝီစိငရဲသို့ ရောက်သွားသည်။ ထိုအခါမှစ၍ ဘိက္ခုနီမများကို ရွာတွင်း၌သာ နေစေသည် (ဓမ္မ၊ဋ္ဌ၊၁၊၃၁၀-၃)။
ရဟန္တာပုဂ္ဂိုလ်၊ ကြာဖက်ပေါ်တွင် ရေမတင်သကဲ့သို့လည်းကောင်း၊ ပွတ်ဆောက်ဖျားပေါ်တွင် မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း၊ ရဟန္တာများ၏ စိတ်၌ ဝတ္ထုကာမ၊ ကိလေသာကာမ နှစ်မျိုးလုံး မတည်နိုင်။
မဓုဝါ မညတိ၌ ဝါ၊ ဥပမတ္ထ။ (ဓမ္မ၊ဋ္ဌ၊၁၊၃၁၂)။

ပါဠိသဒ္ဒါခက်ဆစ်

မဓု ဝါ မညတိ—၌ သည် ဥပမတ္ထ။
မဓု = မဓတိ ဥန္ဒတိ ဣတိ မဓု။ မဓ် + ဥ။ မညတိ = ဉာယတိ မဓုရန္တိ မဓု။ မန် + ဓု။

ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၅-ဗာလဝဂ်

၁၀-ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုပါဠိဂါထာ

၂၀၂။ မဓု ဝါ မညတိ ဗာလော, ယာဝ ပါပံ န ပစ္စတိ၊
ယဒါ စ ပစ္စတိ ပါပံ, ဗာလော ဒုက္ခံ နိဂစ္ဆတိ။

ယာဝ၊ အကြင်မျှလောက်ကာလပတ်လုံး။ ပါပံ၊ မကောင်း မှုသည်။ န ပစ္စတိ၊ အကျိုးမပေးလတ္တံ့။ ဝါ၊ အကျိုးမပေးသေး။ တာဝ၊ ထိုမျှလောက်ကာလပတ်လုံး။ ဗာလော၊ လူမိုက်သည်။ (ပါပံ၊ မကောင်းမှုကို။) မဓု ဝါ၊ ပျားရည်ကိုကဲ့သို့။ မညတိ၊ မှတ် ထင်၏။ ယဒါ စ၊ အကြင်အခါ၌ကား။ ပါပံ၊ သည်။ ပစ္စတိ၊ အကျိုး ပေး၏။ တဒါ၊ ထိုအခါ၌။ ဗာလော၊ သည်။ ဒုက္ခံ၊ ဆင်းရဲကို။ နိဂစ္ဆတိ၊ ရရှိလေ၏။ (ပါ-၆၉)

မဓု ဝါ။ ။ “မဓုံ ဝါ မညတီ ဗာလော, ယာဝ ပါပံ န ပစ္စတီတိအာဒီသု သဒိသေ(သီ၊ဋီ၊သစ်၊၁၊၂၂၀)”ဟူသော အဖွင့်အရ ဝါသဒ္ဒါ သဒိသ အနက်ကို ဟော၏၊ ထိုကြောင့် “မဓု ဝိယ”ဟု ဖွင့်သည်။

“မဓုံ ဝါ”ကောင်း။ ။ “ပါပံ”ဟူသော ဥပမေယျနှင့် ဝိဘတ်ချင်းတူပြီး ပါဠိသွား ထုံးစံကျသောကြောင့် “မဓုံ ဝါ”ဟု ရှိလျှင် ပိုကောင်းသည်၊ လက်ရှိ ပါဌ်အလိုမူ မဓုနောင် နိဂ္ဂဟိတ်အကျေကြံပါ၊ ဆရာတို့ကား “မဓုံ ဝါ”သာ ပါဌ်မှန်၊ “မဓု ဝါ, မဓူဝ”တို့ကား ပါဌ်ပျက်ဟု မိန့်တော်မူ၏(ရူဘာ- ၁, ၉၅)။ ဝါနရောကဲ့သို့ သမာသ်ပုဒ်, ဝါကို သဒိသအနက်ဟောယူကာ “မဓု ဣဝ မဓုဝါ”ဟု ပြု၍ အံဝိဘတ်အကျေကြံကြ၏၊ မကောင်းလှပါ။ [ဥပမာန, ဥပမေယျဟု, ပဒ၂ပါး, လိင်ဝုစ်ပြားလည်း, ဝိဘတ်ကားမူ, တူမြဲဟူ၏၊- ဘုရား-၇၄။]

ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုအဋ္ဌကထာဂါထာ

၂၀၃။ ဝါရိ ပေါက္ခရပတ္တေဝ, အာရဂ္ဂေရိဝ သာသပေါ၊
ယော န လိမ္ပတိ ကာမေသု, တမဟံ ဗြူမိ ဗြာဟ္မဏံ။

ပေါက္ခရပတ္တေ၊ ပဒုမ္မာကြာရွက်၌။ ဝါရိ၊ ရေပေါက်သည်။ န လိမ္ပတိ ဣဝ၊ မလိမ်းကျံ, မကပ်ငြိသကဲ့သို့လည်းကောင်း။ အာရဂ္ဂေ၊ အပ်ဖျား၌။ သာသပေါ၊ မုန်ညင်းစေ့သည်။ န လိမ္ပတိ ဣဝ၊ လည်းကောင်း။ (ဧဝမေဝ၊ သာလျှင်။) ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာမေသု၊ ဝတ္ထုကိလေသာ, ၂-ဖြာသောကာမတို့၌။ န လိမ္ပတိ၊ မလိမ်းကျံမကပ်ငြိ။ (တစ်နည်း) ကာမေသု၊ ဝတ္ထုအာရုံ, ကာမ ဂုဏ်တို့၌။ န လိမ္ပတိ၊ ကိလေသာကာမတို့ဖြင့် မလိမ်းကျံမကပ်ငြိ။ [ရှေ့ဓမ္မ၊ဋ္ဌ၊၂၊၄၁၀။ သာရတ္ထ၊၂၊၁၀၁။ နောက် ဝဇိရ၊၁၁၂။] အဟံ၊ ငါဘုရားသည်။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဝါ၊ မကောင်းမှုကို မျှောပြီးသူဟူ၍။ ဝဒါမိ၊ ဟောတော်မူ၏။ (ဋ္ဌ-၁၂၆) ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထုဂါထာနိဿယပြီးပြီ

ကာမေသု။ ။ ကာမီယတေတိ ကာမော၊ (ဝတ္ထုကာမ)၊ ကာမေတီတိ ကာမော၊ (ကိလေသကာမ)၊ ကာမော စ ကာမော စ ကာမာ။ မဟာ သိနိ-၁၁၇၌ ဝတ္ထုကာမကို “ကုစ္ဆိတေဟိ ဘုသော မာနေတဗ္ဗောတိ ကာမော၊ [ကု+အာ+မာန+ကွိ၊] ကုသလေ ဘုသော မာရေတီတိ ကာမော၊ [ကု+အာ+မရ+ကွိ၊] ဗာလေဟိ ဘုသော မာနေတဗ္ဗောပိ ပဏ္ဍိတေဟိ ဘုသော ကုစ္ဆိတဗ္ဗောတိ ကာမော၊ [ကု+အာ+မာန+ကွိ၊] ကုစ္ဆိတဗ္ဗောယေဝ အမော အမာနိတဗ္ဗောတိ ကာမော၊ [ကု+ န+မာန+ကွိ၊] ကံ သုခံ ဘုသော မာရေတီတိ ကာမော၊ [က+အာ+မရ+ ကွိ၊]”ဟု အလွန်ဆန်းကြယ်စွာ ကြံတော်မူသည်။