အာနန္ဒသေဋ္ဌိဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၅-ဗာလဝဂ်။ ၃-အာနန္ဒသေဋ္ဌိဝတ္ထု
၆၂။ ပုတ္တာမတ္ထိ ဓနမ္မတ္ထိ၊ ဣတိ ဗာလော ဝိဟညတိ။
အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိပြည်သား အာနန္ဒသဌေးသည် ကုဋေ (၄၀) ကြွယ်ဝသော်လည်း မလှူမတန်းပဲ သေလွန်သောအခါ ဒွန်းစဏ္ဍားဘဝ၌ သားတော်ခဲ့ဖူးသော မူလသိရိသဌေး၏ အလုပ်သမားများ၏ အရိုက်အနှက် ခံရပြီးလျှင် အမှိုက်ပုံသို့ အပစ်ခံရခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရှစ်သောင်းလေးထောင်သော ပုဂ္ဂိုလ်တို့ တရားထူးရကြသည်။
အနက်
ဗာလော၊ လူမိုက်သည်။ မေ၊ ငါ့အား။ ပုတ္တာ၊ သားသမီးတို့သည်။ အတ္ထိ၊ ရှိကုန်၏။ မေ၊ ငါ့အား။ ဓနံ၊ ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့ (တဏှာယ၊ သားသမီး ပစ္စည်းဥစ္စာတို့ကို စွဲလမ်းမှု တဏှာဖြင့်)။ ဝိဟညတိ၊ ဆင်းရဲပင်ပန်းရ၏။ ဟိ၊ မှန်၏။ အတ္တာ၊ မိမိသည်လည်း။ အတ္တနော၊ မိမိ၏ ကိုးကွယ်ရာသည်။ နတ္ထိ၊ မရှိ။ ပုတ္တာ၊ သားသမီးတို့သည်။ ကုတော အတ္ထိ၊ အဘယ်မှာ ကိုးကွယ်ရာ ရှိအံ့နည်း။ ဓနံ၊ ပစ္စည်းဥစ္စာသည်။ ကုတော အတ္ထိ၊ အဘယ်မှာ ကိုးကွယ်ရာ ရှိအံ့နည်း။
စကားပြေ
လူမိုက်သည် မိမိအား သားသမီးနှင့် ပစ္စည်းဥစ္စာတို့ ရှိသည်ဟု စွဲလမ်းမှုဖြင့် ပင်ပန်းဆင်းရဲနေသော်လည်း မိမိသည်ပင် မိမိ၏ ကိုးကွယ်ရာ မရှိပဲ သားသမီး ဥစ္စာတို့ကား အဘယ်မှာ ကိုးကွယ်ရာ ရှိနိုင်မည်နည်း။ ကိုးကွယ်ရာ မရှိနိုင်သည်သာ တည်း။
ဝိဟညတိ၊ ငါ့သားသမီးတို့သည် ပျက်စီးပြီး၊ ပျက်စီးဆဲ၊ ပျက်စီးလတ္တံ့၊ ထိုအထူး ငါ့ပစ္စည်းဥစ္စာတို့သည် ပျက်စီးပြီး၊ ပျက်စီးဆဲ၊ ပျက်စီးလတ္တံ့ ဟု ခြောက်မျိုးသော အခြင်းအရာတို့ဖြင့် ပင်ပန်းဆင်းရဲ၏။ သားသမီးတို့အား ကျွေးမွေးရန် နေ့ညဉ့်ပါ အားစိုက်၍ ရှာဖွေရခြင်း၊ စီးပွားတိုးတက်အောင် ကြံစည်ဆောင်ရွက်ခြင်းကြောင့်လည်း ပင်ပန်းဆင်းရဲ၏။
အတ္တာ ဟိ အတ္တနော နတ္ထိ၊ သားသမီးတို့အတွက် စီးပွားရေး ပြေလည်အောင် ပြု၍ ပင်ပန်းနေသော မိမိကို ချမ်းသာမှု ရရန် မိမိမပြုနိုင်၊ သေခါနီးအခါ ပြင်းထန်သော ဝေဒနာများ နှိပ်စက်သဖြင့် အရိုးအပေါင်းနှင့် အရိုးအဆက်များ ပြတ်ကွဲမလောက် ခံစားရသော မိမိကို အသက်ထက်ဆုံး ပြုစုစောင့်ရှောက်သော်လည်း မိတ်ဆွေကောင်းအဖြစ်ဖြင့် ဆင်းရဲမှ လွန်မြောက်အောင် မိမိအား မစောင့်ရှောက်နိုင်။ ထို့ကြောင့် မိမိသည်ပင် မိမိ၏ ကိုးကွယ်ရာ မဖြစ်နိုင်ဟု ဆိုသည်။
ကုတော ပုတ္တာ ကုတော ဓနံ၊ တစုံတယောက်သော သူကိုမျှ တစုံတခု မပေးပဲ သားအတွက် ဥစ္စာစုဆောင်းပေးနေသော သေခါနီး အာနန္ဒသဌေး၏ ဆင်းရဲကို သားသမီးနှင့် ဥစ္စာတို့ မယူဆောင်နိုင်။ ချမ်းသာကိုလည်း မဖြစ်စေနိုင်။
မိဘမေတ္တာ၊ မိခင်သည် မိမိဝမ်းတွင်း၌ ကိန်းအောင်းလာသော သားသမီးများကို ရုပ်ဆင်းအင်္ဂါ ပျက်စီး ချို့ယွင်းနေသော်လည်း မစွန့်ပစ်နိုင် (ဓမ္မ၊ဋ္ဌ၊၁၊၂၉၇)။
အာနန္ဒသေဋ္ဌိဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၅-ဗာလဝဂ်
၃-အာနန္ဒသေဋ္ဌိဝတ္ထုအဋ္ဌကထာဂါထာ
မဓူနဉ္စ သမာဟာရံ, ပဏ္ဍိတော ဃရမာဝသေ။
အဉ္ဇနာနံ၊ မျက်စဉ်းတို့၏။ ခယံ၊ တရွေ့ရွေ့ကုန်သွားပုံကို။ ဒိသွာ၊ ကြည့်၍လည်းကောင်း။ ဥပစိကာနံ၊ ခြတို့၏။ အာစယံ၊ စုဆောင်းပုံကို။ (ဒိသွာ) စ၊ ကြည့်၍လည်းကောင်း။ မဓူနံ၊ ပျား ကောင်ကလေးတို့၏။ သမာဟာရံ၊ ပေါင်း၍ ဆောင်ပုံကို။ ဝါ၊ ပေါင်း၍ ဆောင်ထားအပ်သော ပျားအုံကို။ [အာဟရဏံ, အာဟရီယတေတိ ဝါ အာဟာရော၊ သမ္ပိဏ္ဍေတွာ+အာဟာရော သမာဟာရော။ သီဘာ-၄, ၂၃၈။] (ဒိသွာ) စ၊ လည်းကောင်း။ ပဏ္ဍိတော၊ ပညာရှိ သည်။ ဃရံ၊ အိမ်၌။ အာဝသေ၊ နေရာ၏။ (တစ်နည်း) ဃရံကို။ အာဝသေ၊ အပိုင်းအခြားအားဖြင့် နေရာ၏ (ဋ္ဌ-၁၂၂)
အာနန္ဒသေဋ္ဌိဝတ္ထုပါဠိဂါထာ
အတ္တာ ဟိ အတ္တနော နတ္ထိ, ကုတော ပုတ္တာ ကုတော ဓနံ။
မေ၊ ငါ၏။ ဝါ၊ မှာ။ ပုတ္တာ၊ သားသမီးတို့သည်။ အတ္ထိ၊ ရှိကုန် ၏။ မေ၊ ၏။ ဝါ၊ မှာ။ ဓနံ၊ ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့ တွယ်တာစွဲလန်းမှုတဏှာဖြင့်။ ဝါ၊ ကြောင့်။ ဗာလော၊ လူမိုက် သည်။ ဝိဟညတိ၊ ပင်ပန်းဆင်းရဲရ၏။ အတ္တာ ဟိ (အတ္တာ ဧဝ)၊ မိမိကိုယ်သည်ပင်။ အတ္တနော၊ ၏။ (သဟာယဘာဝေန၊ အဖော် ၏အဖြစ်ဖြင့်။ ဒုက္ခပရိတ္တာဏံ၊ ဒုက္ခမှ ကာကွယ်တားဆီးခြင်းကို။ ကာတုံ၊ ပြုခြင်းငှာ။ သမတ္ထတာ၊ စွမ်းနိုင်သည်၏အဖြစ်သည်။) နတ္ထိ၊ မရှိ။ ပုတ္တာ၊ သားသမီးတို့သည်။ ကုတော (အတ္ထိ)၊ အဘယ် မှာ ရှိကုန်အံ့နည်း။ ဓနံ၊ ဥစ္စာသည်။ ကုတော (အတ္ထိ)၊ အဘယ်မှာ ရှိအံ့နည်း။ (တစ်နည်း) ပုတ္တာ၊ တို့သည်။ ကုတော၊ အဘယ်ကို။ (ကရိဿန္တိ၊ ပြုနိုင်ကုန်အံ့နည်း။) ဓနံ၊ သည်။ ကုတော၊ ကို။ (ကရိဿတိ၊ ပြုနိုင်အံ့နည်း။) (ပါ-၆၂)
ဣတိ။ ။ “ပုတ္တတဏှာယ စေဝ ဓနတဏှာယ စ...ဣတိ ဆဟာကာရေဟိ”အဖွင့်ဖြင့် ဣတိသဒ္ဒါ “ဣတိ ပုရာဏဉ္စ ဝေဒနံ”၌ ဣတိကဲ့သို့ ပကာရအနက်ဟောကြောင်းကို ပြသည်ဟု ယူ၍ ပေးခဲ့သည်။ [ဣတီတိ ပကာရတ္ထေ နိပါတပဒံ၊ တေန ပဋိသေဝိယမာနဿ ပိဏ္ဍပါတဿ ပဋိသေဝနာကာရော ဂယှတီတိ အာဟ “ဧဝံ ဣမိနာ ပိဏ္ဍပါတပဋိသေဝနေနာ”တိ၊-ဝိသုဒ္ဓိ၊ဋီ၊၁၊၅၉။]
အတ္တာ ဟိ...ကုတော ဓနံ။ ။ ထည့်ပါဌ်များမထည့်ဘဲ အရှိ အတိုင်းပေးလျှင် အဓိပ္ပာယ်ပြည့်စုံစွာ မသိနိုင်ပါ၊ ထိုကြောင့် “သဟာယ- ဘာဝေန ဒုက္ခပရိတ္တာဏံ ကာတုံ အသမတ္ထတာယ”ကို နတ္ထိ၏ အဖွင့်ဟု ယူ၍ ပေးခဲ့သည်၊ “ကိမေဝ ကရိဿန္တိ”ဟူသော အဖွင့်ကို ကြည့်၍ ကုတော၌ တောပစ္စည်းကို ကံအနက်ယူကာ နောက်နည်းပေးသည်။
ဓမ္မ-ဋီ-၁၂၄။ ။ ဓမ္မဋီကား အတ္တနော၌ ဆဋ္ဌီဝိဘတ်ကို ကံအနက် ယူ၍ “အတ္တနော-မိမိကို၊ (သုခိတံ-ချမ်းသာခြင်းရှိသည်ကို၊ ဝါ-ချမ်းသာ အောင်၊ ကာတုံ-ငှာ၊ သမတ္ထော-စွမ်းနိုင်သော၊) အတ္တာ-ကိုယ်သည်၊ နတ္ထိ ဟိ (နတ္ထိ ဧဝ)-မရှိသည်သာ၊ (အတ္တနော-ကို၊ သုခိတံ ကာတုံ သမတ္ထာ ကုန်သော၊) ပုတ္တာ-တို့သည်၊ ကုတော-အဘယ်ကြောင့်၊ ဝါ-အဘယ်မှာ၊ (အတ္ထိ-ရှိကုန်အံ့နည်း၊ အတ္တနော-ကို၊ သုခိတံ ကာတုံ သမတ္ထံ-သော၊) ဓနံ-သည်၊ ကုတော (အတ္ထိ-နည်း၊)”ဟု ပေးစေ၏။
တစ်နည်း။ ။ သားသမီးဥစ္စာများ အမှန်တကယ်ရှိသည်ဟု ထင်ပြီး တွယ်တာစွဲလန်းနေကြသော်လည်း မိမိ၏ ကိုယ်သည်ပင် ပရမတ္ထအားဖြင့် မရှိ၊ သားသမီးဥစ္စာတို့သည် အဘယ်မှာရှိအံ့နည်း၊ အမှန်အားဖြင့် မိမိရော သားသမီးဥစ္စာများပါ ပရမတ္ထအားဖြင့် မရှိဟု အဓိပ္ပာယ်ယူ၍ ထည့် ပါဌ်များ မထည့်ဘဲ “အတ္တနော-၏၊ အတ္တာ-သည်၊ နတ္ထိ ဟိ (နတ္ထိ ဧဝ)- (ပရမတ္ထအားဖြင့်) မရှိသည်သာ၊ ပုတ္တာ-တို့သည်၊ ကုတော အတ္ထိ-နည်း” ဟုလည်း ပေးကြ၏၊ အဖွင့်အတိုင်း မကျပါသော်လည်း သူ့နည်းနှင့်သူ အဓိပ္ပာယ်ရ၏။
အာနန္ဒသေဋ္ဌိဝတ္ထုဂါထာနိဿယပြီးပြီ။