ဧကဝိဟာရိတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၂၁-ပကိဏ္ဏကဝဂ်
၉-ဧကဝိဟာရိထေရဝတ္ထု
၃၀၅။ ဧကာသနံ ဧကသေယျံ၊ ဧကော စရမတန္ဒိတော။
ဧကော ဒမယမတ္တာနံ၊ ဝနန္တေ ရမိတော သိယာ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဣရိယာပုထ်လေးပါးလုံး၌ တပါးတည်းနေလေ့ရှိသော ဧကဝိဟာရိထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ဧကာသနံ၊ တယောက်တည်း နေသူကို။ ဧကသေယျံ၊ တယောက်တည်း အိပ်သောသူကို။ ဘဇေထ၊ ဆည်းကပ်ကြလော့။ အတန္ဒိတော၊ မပျင်းရိပဲ။ ဧကော၊ တယောက်တည်း။ စရံ စရန္တော၊ လှည့်လည်သွားလာလျက်။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယံ ဒမယန္တော၊ ဆုံးမလျက်။ ဧကော၊ တယောက်တည်း။ ဝနန္တေ၊ တော၌။ ရမိတော၊ မွေ့လျော်သည်။ သိယာ၊ ဖြစ်ရာ၏။
စကားပြေ
တယောက်တည်း နေလေ့ရှိသူကို ဆည်းကပ်ကြလော့။ မပျင်းရိပဲ တယောက်တည်း လှည့်လည်သွားလာလျက် မိမိကိုယ်ကို ဆုံးမပြီးလျှင် တယောက်တည်း တော၌ မွေ့လျော်ရမည်။
ဧကာသန မည်ပုံ— ရဟန်းတထောင်တို့၏ အလယ်၌ နေသော်လည်း မူလကမ္မဋ္ဌာန်းကို မစွန့်လွှတ်ပဲ ထိုမူလကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ နေခြင်းသည် ဧကာသန မည်၏။
ဧကသေယျ မည်ပုံ— ကြေးပြသာဒ်နှင့် တူသော ပြသာဒ်၌ ရဟန်းတထောင် အလယ်တွင် ဆန်းကြယ်စွာ ခင်းထားသော မြတ်သော အိပ်ရာ၌ အိပ်သော်လည်း သတိကို ဖြစ်စေ၍ မူလကမ္မဋ္ဌာန်းကို နှလုံးသွင်းကာ လျောင်းသော ရဟန်း၏ အိပ်ခြင်းသည် ဧကသေယျ မည်၏။
ပါဠိသဒ္ဒါခက်ဆစ်
ဧကာသနံ = ဧကော ဟုတွာ အာသနံ ဧကာသနံ။ ဧက + အာသန။
ဧကသေယျံ = ဧကော ဟုတွာ သေယျံ ဧကသေယျံ။ ဧက + သေယျ။
အတန္ဒိတော = တန္ဒိတ္ထာတိ တန္ဒိတော။ တန္ဒ် + တ။ န တန္ဒိတော အတန္ဒိတော။ န + တန္ဒိတ။
ဧကဝိဟာရိထေရဝတ္ထု ပြီး၏။
ပကိဏ္ဏကဝဂ် ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၂၁-ပကိဏ္ဏကဝဂ်
၉-ဧကဝိဟာရိတ္ထေရဝတ္ထုပါဠိဂါထာ
ဧကော ဒမယမတ္တာနံ, ဝနန္တေ ရမိတော သိယာ။
ဧကာသနံ၊ ကမ္မဋ္ဌာန်းရှုပြီး, တစ်ပါးတည်း၏ နေထိုင်ခြင်းသို့လည်းကောင်း။ ဧကသေယျံ၊ ကမ္မဋ္ဌာန်းရှုပြီး, တစ်ပါးတည်း၏ အိပ်ခြင်းသို့လည်းကောင်း။ (ဘဇေထကပ်ရောက်ရာ၏။) အတန္ဒိတော၊ ဆွမ်းခံဝတ်ဖြည့်, မပျင်းရိသည်။ (ဟုတွာ၊ ဖြစ်၍။) ဧကော၊ တစ်ပါးတည်းသာ။ စရံ (စရန္တော)၊ ကျင့်ကြံနေထိုင်လျက်။ ဧကော၊ တစ်ပါး တည်းသာ။ (ဟုတွာ၊ ၍။) အတ္တာနံ၊ မိမိကိုယ်ကို။ ဒမယံ (ဒမယန္တော)၊ ဆုံးမလျက်။ ဝနန္တေ၊ တော၌။၂ ရမိတော၊ မွေ့လျော်သူသည်။ သိယာ၊ ၏။ (ပါ-၃၀၅)
၂။ဝနန္တေ။ ။ အန္တသဒ္ဒါ ပဒပူရဏ(အနက်မဲ့)ယူလျှင် “ဝနမေဝ ဝနန္တံ(သာရတ္ထ၊၁၊၃၆၂၊ ဝိမတိ၊၁၊၇၂၊ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၆၉)”ဟု ပြု၊ အန္တသဒ္ဒါ သမီပအနက်, အဝသာနအနက်ယူ လျှင် “ဝနဿ+အန္တံ ဝနန္တံ-တော၏အနီး၊ ဝါ-တော၏အစွန်အဖျား)”ဟုပြု(သံ၊ဋီ၊၂၊၃၁၆၊ မဟာနိ၊ဋ္ဌ၊၃၉၄)၊ သုတ္တနိ၊ဋ္ဌ၊၂၁၃-၄၌ ရှေ့နည်းကို ဖွင့်၏။
ဧကဝိဟာရိတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။
ပကိဏ္ဏကဝဂ်ဂါထာနိဿယပြီးပြီ။