ကာလတ္ထေရဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၁၂-အတ္တဝဂ်။ ၈-ကာလတ္ထေရဝတ္ထု
၁၆၄။ ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။
ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိ နိဿာယ ပါပိကံ။
ဖလာနိ ကဋ္ဌကဿေဝ၊ အတ္တဃာတာယ ဖလ္လတိ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိကိုပြုစုသော ဒါယိကာမကြီးကို ခန္ဓာနှင့်စပ်သော သိမ်မွေ့သောတရားကို မဟောရန်လျှောက်သော ကာလထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ ကာလထေရ်၏ ဒါယိကာမကြီးသည် သောတာပန်ဖြစ်သည်။
အနက်
ဒုမ္မေဓော၊ ပညာမဲ့သော။ ယော၊ အကြင်သူသည်။ ပါပိကံ၊ ယုတ်မာသော။ ဒိဋ္ဌိ၊ မိစ္ဆာအယူကို။ နိဿာယ၊ အမှီပြု၍။ အရဟတံ၊ ပူဇော်အထူးကိုခံထိုက်သော။ ဓမ္မဇီဝိနံ၊ တရားသဖြင့် အသက်မွေးကုန်သော။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့၏။ သာသနံ၊ အဆုံးအမကို။ ပဋိက္ကောသတိ၊ တားမြစ်၏။ ကဋ္ဌကဿ၊ ဝါးပင်ကို။ ဖလာနိ၊ ဝါးသီးတို့သည်။ သာတတ္ထမေဝ၊ သတ်ရန်သာလျှင်။ ဖလန္တိဣဝ၊ သီးကုန်သကဲ့သို့။ သော၊ ထိုမိစ္ဆာအယူရှိသော ပညာမဲ့သည်။ အတ္တဃာတာယ၊ မိမိကိုယ်ကိုသတ်ရန်။ ဖလ္လတိ၊ ဖြစ်၏။
စကားပြေ
ပညာမဲ့သူသည် ယုတ်မာသောအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်၍ တရားသဖြင့် အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့၏ အဆုံးအမ တရားကို တားမြစ်၏။ ဝါးသီးသည် ဝါးပင်ကိုသတ်ရန် သီးသကဲ့သို့ ပညာမဲ့ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုသတ်ရန် ဖြစ်လာ၏။
ဒုမ္မေဓ— အရမိမိအား ပူဇော်သက္ကာရ ဆုတ်ယုတ်မည်ကို ကြောက်သဖြင့် တရားမနာရန် အလှူမပေးရန် တားမြစ်သောပုဂ္ဂိုလ်ရ၏။
ကာလထေရ်
ကာလထေရ်ကို သာဝတ္ထိမြို့သူ အမျိုးသမီးကြီးသည် သားအရာ၌ထား၍ ပြုစုကျွေးမွေး လှူဒါန်းသည်။ အိမ်နီးချင်းတို့သည် ဘုရားရှင်၏ တရားတော်ကို နာရ၍ ဘုရားရှင်အား ချီးမွမ်းသံကို ကြားရသောအခါ ကာလထေရ်အား ဘုရားရှင်၏ တရား နာလိုကြောင်း သုံးကြိမ်တိုင်တိုင် လျှောက်ထားသည်။ ကာလထေရ်က ဘုရားရှင်၏ တရားတော်ကို ကြားနာရလျှင် မိမိအား ကြည်ညိုမှု ပေါ့မည်စိုး၍ ဘုရားရှင်ထံ တရားမနာဖို့ တားမြစ်သည်။ တနေ့သောအခါ အမျိုးသမီးကြီးသည် သားရဟန်း တားမြစ်သော်လည်း စောစောထ၍ ဥပုသ်ဆောက်တည်ပြီးလျှင် ကာလထေရ်အား ကောင်းစွာ ကျွေးမွေးဆက်ကပ်ရန် သမီးအား မှာကြားကာ ဘုရားကျောင်းတော်သို့ သွားသည်။ ကာလထေရ် ကြွလာသောအခါ မိခင်ကြီး တရားနာရန် ဘုရားရှင်ကျောင်း သွားကြောင်း ပြောသဖြင့် ကျောင်းသို့ မထေရ်လိုက်သွားသည်။ ဘုရားရှင် တရားဟောသဖြင့် တရားနာနေသော ဒါယိကာမကြီးကို မြင်လိုက်သောအခါ ဘုရားရှင်အား ဒါနကထာ, သီလကထာသာ ဟောပါဘုရား။ ခန္ဓာစသည်နှင့် စပ်သောသိမ်မွေ့သောတရားကို မဟောပါနှင့်။ ဒါယိကာမကြီးသည် ဉာဏ်ထိုင်းပါသည်ဘုရား- ဟု လျှောက်သည်။ ဘုရားရှင်က ရဟန်းသင်သာ ဉာဏ်ပညာနည်းသူ ဖြစ်သည် စသည် မိန့်တော်မူကာ တရားကို ဆက်ဟောတော်မူသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၉၉။)
ပါဠိသဒ္ဒါခက်ဆစ်
ဓမ္မဇီဝိနံ = ဓမ္မေန ဇီဝတိ သီလေနာတိ ဓမ္မဇီဝီ၊ ဓမ္မ + ဇီဝ + ဏီ။
ကာလတ္ထေရဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၁၂-အတ္တဝဂ်
၈-ကာလတ္ထေရဝတ္ထုပါဠိဂါထာ
ပဋိက္ကောသတိ ဒုမ္မေဓော, ဒိဋ္ဌိံ နိဿာယ ပါပိကံ၊
ဖလာနိ ကဋ္ဌကဿေဝ, အတ္တဃာတာယ ဖလ္လတိ။
ဒုမ္မေဓော၊ ပညာမရှိသော။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပါပိကံ၊ ယုတ်ညံ့သော။ ဒိဋ္ဌိံ၊ အယူကို။ နိဿာယ၊ မှီ၍။ အရဟတံ၊ ပူဇော်အထူးကို ခံတော်မူထိုက်ကုန်သော။ ဓမ္မဇီဝီနံ၊ တရားသဖြင့် အသက်မွေးလေ့ရှိတော်မူကုန်သော။ [ဆန်းကြောင့် ဝီ၌ ရဿပြု သည်။] အရိယာနံ၊ မြင်မြတ်ဖြူစင်, ဘုရားရှင်တို့၏။ သာသနံ၊ ဆုံးမကြောင်း ဆုံးမရာ, သုံးဖြာသော သာသနာတော်ကို။ [သာသနန္တိ ပရိယတ္တိပဋိပတ္တိပဋိဝေဓသင်္ခါတံ တိဗ္ဗိဓံ သာသနံ။ ဓမ္မ-ဋီ-၁၈၅။] ပဋိက္ကောသတိ၊ တားမြစ်၏။ ကဋ္ဌကဿ၊ ဝါးပင်သည်။၁ ဖလာနိ၊ အသီးတို့ကို။ (ဂဏှန္တော၊ ယူလသော်။) အတ္တဃာတာယ၊ မိမိကို သတ်ခြင်းငှာ။ ဖလတိ ဣဝ၊ ဖြစ်သကဲ့သို့။ (ဧဝံ၊ တူ။ သော၊ ထိုပညာမရှိသော ပုဂ္ဂိုလ်သည်။) အတ္တဃာတာယ၊ ငှာ။ ဖလတိ၊ ဖြစ်၏။၁ [ဆန်းကြောင့် ဒွေဘော်လာ၍ “ဖလ္လတိ”ဟု ဖြစ်သည်။] (ပါ-၁၆၄)
၁။ ကဋ္ဌကဿ။ ။ “ကဋ္ဌကော”ဟူသော အဖွင့်ကို ကြည့်၍ ကဋ္ဌကဿဝယ် နိဒ္ဓါရဏေ စ၌ စသဒ္ဒါဖြင့် ကတ္တား(ပထမာ)အနက်၌ ဆဋ္ဌီဟု ကြံ၊ သာမီအနက်ယူ၍ “(တဿ-ထိုပညာမရှိ သော ပုဂ္ဂိုလ်၏၊ တံ ပဋိက္ကောသနံ စ-ထိုတားမြစ်ခြင်းသည်လည်းကောင်း၊ ပါပိကာ-သော၊ သာ စ ဒိဋ္ဌိ-ထိုအယူသည်လည်းကောင်း၊) ကဋ္ဌကဿ-ဝါးပင်၏၊ ဖလာနိ ဣဝ-အသီးတို့ကဲ့သို့၊ အတ္တ- ဃာတာယ-ငှာ၊ ဖလတိ-၏”ဟုလည်း ပေးနိုင်သည်။ [ကဋိတဗ္ဗံ မဒ္ဒိတဗ္ဗန္တိ ကဋ္ဌံ (ကစ္စည်း-၆၇၂)၊ ကဋတိ မဒ္ဒတီတိ ကဋ္ဌံ(ကဋ+ဌ၊-ရူ-၄၂၀)၊ ကသတိ ယာတိ ဝိနာသန္တိ ကဋ္ဌံ၊ (ကသ+ဌ၊-မောဂ်- ၇, ၅၅)၊ ကာသတေ အဂ္ဂိနာ ဒိဗ္ဗတေတိ ကဋ္ဌံ၊ (ကာသ+တ၊ တကို ဋ္ဌပြု, ကာ၌ ရဿပြု၊-ဓာန် ၊ဋီ၊၅၄၈)၊ ကဋ္ဌံ ဣဝ ကဋ္ဌကော၊(ရူ-၂၃၈ စသည်ရှု)။]
၁။ အဿတရိံ။ ။ အထက်၌ သာရတ္ထ၊၃၊၄၁၄အတိုင်း ပေးသည်၊ အဿတိုရ်မြင်းမ တို့သည် ကိုယ်ဝန်ကြောင့် သေသည်ဟု လောက၌ မတွေ့ရ၊ ကင်းပုဇွန်, မြွေပွေးမတို့သာ ကိုယ်ဝန် ကြောင့် သေရ၏၊ ထိုကြောင့် ဤနေရာမျိုး၌ အဿတိုရ် (လား)မြင်းမကို မဟော၊ ကင်းပုဇွန်မ, မြွေပွေးမကို ဟောသည်ဟု စာဏကျနီတိဋီကာ, ဟိတောပဒေသဋီကာတို့၌ ဆို၏၊ ထိုအလို “အဿတရိံ-ကင်းပုဇွန်မကို၊ ဝါ-မြွေပွေးမကို”ဟု ပေး။(ဓာန်သျသစ်-၂၅၉၊ဟိတောဋီ၊ စာဋီ၊၁၉)
ကာလတ္ထေရဝတ္ထုအဋ္ဌကထာဂါထာ
သက္ကာရော ကာပုရိသံ ဟန္တိ, ဂဗ္ဘော အဿတရိံ ယထာ။
ဝေ၊ စင်စစ်။ ဖလံ၊ ငှက်ပျောသီးသည်။ ကဒလိံ၊ ငှက်ပျောပင်ကို။ ဟန္တိ ယထာ၊ သတ်သကဲ့သို့လည်းကောင်း။ ဖလံ၊ ဝါးသီးသည်။ ဝေဠုံ၊ ဝါးပင်ကို။ ဟန္တိ ယထာ၊ ကောင်း။ ဖလံ၊ ကျူသီးသည်။ နဠံ၊ ကျူပင်ကို။ ဟန္တိ ယထာ၊ ကောင်း။ ဂဗ္ဘော၊ ကိုယ်ဝန်သည်။ အဿတရိံ၊ အဿတိုရ်မြင်းမကို။ (လားမကို)၁ ဟန္တိ ယထာ၊ ကောင်း။ သက္ကာရော၊ ကောင်းစွာ ပြုအပ်သောလာဘ်သည်။ ဝါ၊ ပူဇော်သက္ကာရသည်။ ကာပုရိသံ၊ စက်ဆုတ် အပ်စွာ, ယုတ်မာသော ယောက်ျားကို။ ဟန္တိ၊ သတ်၏။ (ပါ-၁၆၉)
ကာလတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။