မာတိကာသို့ ခုန်သွားရန်

သံဃဘေဒပရိသက္ကနဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ
4041ဓမ္မပဒဂါထာနိဿယ၇။ သံဃဘေဒပရိသက္ကနဝတ္ထုဂါထာ (ဝတ္ထုတော်သို့)အရှင်သုဇနာဘိဝံသ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၂-အတ္တဝဂ်။ ၇-သံဃဘေဒပရိသက္ကနဝတ္ထု

၁၆၃။ သုကရာနိ အသာဓုနိ အဟိတာနိ အတ္တနော။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ တံ ဝေ ပရမဒုက္ကရံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ သံဃာသင်းကွဲအောင် ပြုလုပ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

အသာဓုနိ၊ အပြစ်ရှိကုန်သော။ အတ္တနော၊ မိမိ၏။ အဟိတာနိ၊ အစီးအပွားမရှိကုန်သော။ ကမ္မာနိ၊ အမှုတို့ကို။ သုကရာနိ၊ ပြုလွယ်ကုန်၏။ ဝေ၊ စင်စစ်။ ယံ၊ အကြင်အမှုသည်။ အတ္တနော၊ မိမိ၏။ ဟိတဉ္စ၊ အစီးအပွားလည်း ရှိ၏။ သာဓုဉ္စ၊ အပြစ်လည်း ကင်း၏။ တံ၊ ထိုအပြစ်ကင်း၍ အစီးအပွားရှိသော အမှုကို။
ပရမဒုက္ကရံ၊ အလွန် ပြုနိုင်ခဲ၏။

စကားပြေ

အပြစ်ရှိ၍ အစီးအပွားမရှိသော အမှုကို ပြုလွယ်သော်လည်း အပြစ်ကင်း၍ အစီးအပွားရှိသော အမှုကို အလွန် ပြုနိုင်ခဲ၏။

- အသာဓုနိ— အပြစ်ရှိကုန်သော အမှုရ၏။
- အဟိတာနိ— အပါယ်သို့ ရောက်စေတတ်ကုန်သော အမှုရ၏။
- သာဓုဉ္စ— အပြစ်မရှိသော၊ သုဂတိသို့ ရောက်စေတတ်သော အမှု၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော အမှုရ၏။
- ဟိတဉ္စ— သုဂတိသို့ ရောက်စေတတ်သော အမှုရ၏။

စကားလုံးဖွဲ့စည်းပုံ

- သုကရာနိ = သုဋ္ဌု ကရာနိ သုကရာနိ။ သု + ကရ။
- ပရမဒုက္ကရံ = ပရမံ ဒုက္ကရံ ပရမဒုက္ကရံ။

သံဃဘေဒပရိသက္ကနဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၂-အတ္တဝဂ်

၇-သံဃဘေဒပရိသက္ကနဝတ္ထုအဋ္ဌကထာဂါထာ

၃၃၈။ သုကရံ သာဓုနာ သာဓု, သာဓု ပါပေန ဒုက္ကရံ၊
ပါပံ ပါပေန သုကရံ, ပါပမရိယေဟိ ဒုက္ကရံ။

သာဓုနာ၊ သူတော်ကောင်းသည်။ သာဓု၊ ကောင်းသောအမှုကို။ သုကရံ၊ လွယ် ကူစွာပြုအပ်၏။ ပါပေန၊ သူယုတ်မာသည်။ သာဓု၊ ကို။ ဒုက္ကရံ၊ ခဲယဉ်းသဖြင့် ပြုအပ်၏။ ပါပေန၊ သည်။ ပါပံ၊ မကောင်းမှုကို။ သုကရံ၊ ၏။ အရိယေဟိ၊ အရိယာသူတော်ကောင်း တို့သည်။ ပါပံ၊ ကို။ ဒုက္ကရံ၊ မပြုအပ်, မပြုနိုင်။ (ဋ္ဌ-၁၆၈)

သံဃဘေဒပရိသက္ကနဝတ္ထုပါဠိဂါထာ

၃၃၉။ သုကရာနိ အသာဓူနိ, အတ္တနော အဟိတာနိ စ၊
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ, တံ ဝေ ပရမဒုက္ကရံ။

(ယာနိ ကမ္မာနိ၊ အကြင်အကုသိုလ်ကံတို့သည်။) အသာဓူနိ၊ မကောင်းကုန် သည်လည်းကောင်း။ အတ္တနော၊ မိမိ၏။ အဟိတာနိ စ၊ စီးပွားမဟုတ်ကုန်သည်လည်းကောင်း။ (ဟောန္တိ၊ ကုန်၏။ တာနိ ကမ္မာနိ၊ ထိုအကုသိုလ်ကံတို့ကို။) သုကရာနိ၊ လွယ်ကူ စွာ ပြုအပ်ကုန်၏။ ယံ၊ အကြင်ကုသိုလ်ကံသည်။ ဝေ၊ စင်စစ်။ ဟိတဉ္စ၊ စီးပွားသည် လည်းကောင်း။ သာဓု စ၊ ကောင်းမြတ်သည်လည်းကောင်း။ (ဟောတိ၊ ၏။) တံ၊ ထို ကုသိုလ်ကံကို။ ဝေ၊ စင်စစ်။ ပရမဒုက္ကရံ၊ အလွန်ခဲယဉ်းစွာ ပြုအပ်၏။ (ပါ-၁၆၃)

သံဃဘေဒပရိသက္ကနဝတ္ထုဂါထာနိဿယပြီးပြီ။