မာတိကာသို့ ခုန်သွားရန်

စူဠကာလဥပါသကဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၂-အတ္တဝဂ်။ ၉-စူဠကာလဥပါသကဝတ္ထု

၁၆၅။ အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တနာ သံကိလိဿတိ။
အတ္တနာ အကတံ ပါပံ၊ အတ္တနာဝ ဝိသုဇ္ဈတိ။
သုဒ္ဓိ အသုဒ္ဓိ ပစ္စတ္တံ၊ နာညော အညံ ဝိသောဓယေ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တလလျှင် ၈-ရက် ဥပုသ်စောင့်၍ ညလုံးပေါက် တရားနာပြီး မိုးလင်းမှ အိမ်ပြန်စဉ် ခိုးသူတို့ချထားသော ခိုးထုပ်ကြောင့် အထင်လွဲကာ ရိုက်နှက်ခံရသော စူဠကာလဥပါသကာကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ စူဠကာလဥပါသကာ သောတာပန် ဖြစ်သည်။

အနက်

ပါပံ၊ မကောင်းမှုကို။ အတ္တနာ၊ မိမိသည်။ ကတံ၊ ပြုအပ်သည်။ ဟောတိ၊ ဖြစ်အံ့။ အတ္တနာဝ၊ မိမိသည်ပင်။ သံကိလိဿတိ၊ ညစ်နွမ်းရ၏။ ပါပံ၊ မကောင်းမှုကို။ အတ္တနာ၊ မိမိသည်။ အကတံ၊ မပြုအပ်သည်။ ဟောတိ၊ ဖြစ်အံ့။ အတ္တနာ၊ မိမိသည်ပင်။ ဝိသုဇ္ဈတိ၊ စင်ကြယ်၏။ သုဒ္ဓိ၊ စင်ကြယ်သော ကုသိုလ်ကံသည်လည်းကောင်း။ အသုဒ္ဓိ၊ မစင်ကြယ်သော အကုသိုလ်ကံသည်လည်းကောင်း။ ပစ္စတ္တံ၊ အသီးအခြားသာဖြစ်၏။ အညော၊ တယောက်သောသူသည်။ အညံ၊ အခြားသူတယောက်ကို။ န ဝိသောဓယေ၊ မကာကွယ် မသုတ်သင်နိုင်။

စကားပြေ

မကောင်းမှုကို မိမိပြုမိလျှင် မိမိပင် ညစ်နွမ်း၍ မိမိမပြုမိလျှင် မိမိပင် စင်ကြယ်၏။ စင်ကြယ်သော ကုသိုလ်ကံနှင့် မစင်ကြယ်သော အကုသိုလ်ကံတို့သည် တခြားစီသာဖြစ်သည်။ တဦးကတဦး၏ မကောင်းကျိုးကို ကာကွယ်မပေးနိုင်။
သံကိလိဿတိ— အပါယ်လေးဘုံတို့၌ ဆင်းရဲခံစားရသည်ကို ညစ်နွမ်းသည်ဟု ဆိုရသည်။
ဝိသုဇ္ဈတိ— သုဂတိသို့လည်းကောင်း၊ နိဗ္ဗာန်သို့လည်းကောင်း ရောက်ရသည်ကို စင်ကြယ်သည်ဟု ဆိုရသည်။
သုဒ္ဓိ— ကုသိုလ်ကံ ရ၏။
အသုဒ္ဓိ— အကုသိုလ်ကံ ရ၏။

ပါဠိသဒ္ဒါခက်ဆစ်

ပစ္စတ္တံ = အတ္တနံ အဓိကိစ္စ ပဝတ္တတိတိ ပစ္စတ္တံ။ ပတိ + အတ္တ။

စူဠကာလဥပါသကဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၂-အတ္တဝဂ်

၉-စူဠကာလဥပါသကဝတ္ထုပါဠိဂါထာ

၃၄၂။ အတ္တနာ ဟိ ကတံ ပါပံ, အတ္တနာ သံကိလိဿတိ၊
အတ္တနာ အကတံ ပါပံ, အတ္တနာဝ ဝိသုဇ္ဈတိ၊
သုဒ္ဓိ အသုဒ္ဓိ ပစ္စတ္တံ, နာညော အညံ ဝိသောဓယေ။

(ယေန၊ အကြင်သူသည်။) အတ္တနာ၊ ကိုယ်တိုင်။ ပါပံ၊ မကောင်းမှုကို။ ကတံ၊ ပြုအပ်ပြီ။ (သော၊ ထိုသူသည်။) အတ္တနာ ဟိ (အတ္တနာ ဧဝ)၊ မိမိသည်သာလျှင်။ ဝါ၊ ကိုယ်တိုင်သာလျှင်။ သံကိလိဿတိ၊ (အပါယ်လေးပါး၌) ညစ်နွမ်းရ၏။ (ယေန၊ သည်။) အတ္တနာ၊ ကိုယ်တိုင်။ ပါပံ၊ ကို။ အကတံ၊ မပြုအပ်။ (သော၊ သည်။) အတ္တနာဝ၊ မိမိသည် သာလျှင်။ ဝါ၊ ကိုယ်တိုင်သာလျှင်။ ဝိသုဇ္ဈတိ၊ စင်ကြယ်၏။ သုဒ္ဓိ၊ စင်ကြယ်သော ကုသိုလ် ကံသည်လည်းကောင်း။ အသုဒ္ဓိ၊ မစင်ကြယ်သော အကုသိုလ်ကံသည်လည်းကောင်း။ ပစ္စတ္တံ၊ မိမိ၌သာ။ (ပစ္စတိ၊ အကျိုးပေး၏။) အညော၊ အခြားသူသည်။ အညံ၊ အခြားသူ ကို။ န ဝိသောဓယေ၊ မစင်ကြယ်စေနိုင်။ (ပါ-၁၆၅)

၂။ အတ္တနာ။ ။ အတ္တနာ သံကိလိဿတီတိ ဧတ္ထ အတ္တနာတိ ပစ္စတ္တေ ကရဏဝစနံ၊ အတ္တာတိ အတ္ထော၊ ဝိသေသနတ္ထေ ဝါ ကရဏဝစနံ၊ တေန ပရံ နိဝတ္တေတိ၊-ဓမ္မ-ဋီ-၁၈၅။

စူဠကာလဥပါသကဝတ္ထုပါဠိဂါထာနိဿယပြီးပြီ။