မာတိကာသို့ ခုန်သွားရန်

အတ္တဒတ္ထတ္ထေရဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၂-အတ္တဝဂ်။ ၁၀-အတ္တဒတ္ထတ္ထေရဝတ္ထု

၁၆၆။ အတ္တဒတ္ထံ ပရတ္ထေန၊ ဗဟုနာပိ န ဟာပယေ။
အတ္တဒတ္ထမဘိညာယ၊ သဒတ္ထပသုတော သိယာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဓမ္မပူဇာမျိုးဖြင့် ဘုရားရှင်အား ပူဇော်သော ဘုရားရှင်၏ ချီးမွမ်းခြင်းကိုလည်း ရရှိသော အတ္တဒတ္ထထေရ်ကို အကြောင်းပြု၍ ဟောတော်မူသည်။ ဒေသနာတော်အဆုံး၌ အတ္တဒတ္ထထေရ် ရဟန္တာဖြစ်သည်။

အနက်

ဗဟုနာပိ၊ များစွာလည်းဖြစ်သော။ ပရတ္ထေန၊ သူတပါးတို့၏ အစီးအပွားကြောင့်။ အတ္တဒတ္ထံ၊ အနည်းငယ်မျှသော မိမိ၏ အကျိုးစီးပွားကို။ န ဟာပယေ၊ မဆုတ်ယုတ်စေရာ။ အတ္တဒတ္ထံ၊ မိမိ၏ အကျိုးစီးပွားကို။ အဘိညာယ၊ သိ၍။ သဒတ္ထပသုတော၊ မိမိအကျိုးစီးပွားကို တိုးပွားစေသည်။ သိယာ၊ ဖြစ်ရာ၏။

စကားပြေ

များစွာသော သူတပါးစီးပွားရေးကြောင့် အနည်းငယ်သော မိမိစီးပွားရေးကို မဆုတ်ယုတ်စေနှင့်။ မိမိစီးပွားရေးကို ကောင်းစွာသိပြီး မိမိစီးပွားရေးကို တိုးပွားစေရာ၏။ အတ္တဒတ္ထ— လူဖြစ်သောပုဂ္ဂိုလ်သည် မိမိ၏ တချင်ရွေးမျှလောက်သော အကျိုးကို သူတပါး၏ တထောင်မျှသော အကျိုးဖြင့် မယုတ်လျော့စေရာ။ တချင်ရွေးမျှဖြင့် ခဲဖွယ်ဘောဇဉ်ကို ဖြစ်စေနိုင်မှုသည် အတ္တဒတ္ထပင်ဖြစ်သည်။ ရဟန်းဖြစ်သော ပုဂ္ဂိုလ်သည် သံဃာတော်အား ဖြစ်ပေါ်သော စေတီကို ပြုပြင်ခြင်း စသည်ကိုလည်းကောင်း၊ ဥပဇ္ဈာယ်စသည့်ဝတ်ကို လည်းကောင်း မဆုတ်ယုတ်စေရာ။ အာဘိသမာစရိကဝတ်ကို ဖြည့်ကျင့်သောပုဂ္ဂိုလ်သည်ပင် အရိယာဖိုလ်ကို မျက်မှောက်ပြုနိုင်၏။ ထို့ကြောင့် စေတီကို ပြုပြင်ခြင်း ဥပဇ္ဈာယ် စသည်တို့၏ဝတ်ကို ပြုခြင်း, အာဘိသမာစာရိကဝတ်ကို ပြုကျင့်ခြင်းသည် အတ္တဒတ္ထပင် ဖြစ်သည်။
ပူဇော်မှုအစစ်— ငါဘုရားကို ပန်း စသည်ဖြင့် ပူဇော်နေမှုသည် ပူဇော်သည် မမည်။ ငါဘုရား ဟောကြားသော တရားကို လိုက်နာကျင့်သုံးမှုသည်သာ ပူဇော်သည် မည်၏။ (ဓမ္မ၊ဋ္ဌ၊၂၊၁၀၂။ ၁၇၄။)

အတ္တဒတ္ထတ္ထေရဝတ္ထု ပြီး၏။
အတ္တဝဂ် ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၂-အတ္တဝဂ်

၁၀-အတ္တဒတ္ထတ္ထေရဝတ္ထုပါဠိဂါထာ

၃၄၃။ အတ္တဒတ္ထံ ပရတ္ထေန, ဗဟုနာပိ န ဟာပယေ၊
အတ္တဒတ္ထမဘိညာယ, သဒတ္ထပသုတော သိယာ။

အတ္တဒတ္ထံ၊ မိမိ၏ အကျိုးစီးပွားကို။ ဗဟုနာပိ၊ များစွာလည်းဖြစ်သော။ ပရတ္ထေန၊ သူတစ်ပါး၏ အကျိုးစီးပွားကြောင့်။ ဝါ၊ ဖြင့်။ န ဟာပယေ၊ မဆုတ်ယုတ်စေရာ။ အတ္တဒတ္ထံ၊ ကို။ အဘိညာယ၊ သိ၍။ သဒတ္ထပသုတော၊ မိမိဥစ္စာဖြစ်သော အကျိုးစီးပွား၌ လေ့ကျက်အားထုတ်သူသည်။ သိယာ၊ ဖြစ်ရာ၏။ (ပါ-၁၆၆)

၁။ သဒတ္ထပသုတော။ ။ သဿ+အယံ သကော၊ သော ဧဝ ဝါ သကော(ဓာန်-ဋီ-၇၃၆)၊ သကော+အတ္ထော သဒတ္ထော၊ [သက+အတ္ထ၊ ယဝမဒနတရလာစာဂမာသုတ်၌ စသဒ္ဒါဖြင့် ကကို ဒပြု၊-ကစ္စည်း-၃၅။] (တစ်နည်း) သဿ+အယံ သော၊ သောယေဝ+အတ္ထော သဒတ္ထော၊ [သ+အတ္ထ၊ ဒလာ၊ သသဒ္ဒါ အတ္တနီယ(မိမိဥစ္စာ)အနက်ဟော၊-ဒီ၊ဋီ၊၃, ၃၉၁။] (တစ်နည်း) သုန္ဒ- ရော+အတ္ထော သဒတ္ထော(ကောင်းမြတ်သောအကျိုး)၊ [သံ+အတ္ထ၊ နိဂ္ဂဟိတ်ကို ဒ-ပြု၊-ဒီ၊ဋ္ဌ၊၃၊၄၇။] သဒတ္ထေ+ပသုတော သဒတ္ထပသုတော၊ (တစ်နည်း) သဿ+သန္တကော သကော၊ သကော ဧဝ+အတ္ထော သဒတ္ထော၊ ပကာရေန+သဝတိ အဘိသဝတီတိ ပသုတော၊ သဒတ္ထံ+ပသုတော သဒတ္ထပသုတော-မိမိ၏ ဥစ္စာဖြစ်သော အကျိုးကို အပြားအားဖြင့် ဖြစ်ပွားစေသူ(ဂဠုန်ပျံ-၃၅)။

အတ္တဒတ္ထတ္ထေရဝတ္ထုဂါထာနိဿယပြီးပြီ။

အတ္တဝဂ်ဂါထာနိဿယပြီးပြီ။