မာတိကာသို့ ခုန်သွားရန်

ကောကသုနခလုဒ္ဒကဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၉-ပါပဝဂ်

၉-ကောကသုနခလုဒ္ဒကဝတ္ထု

၁၂၅။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊
သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေဝ ဗာလံ ပစ္စေတိ ပါပံ၊
သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သားကောင်ရှာဖွေရန် တောသို့သွားစဉ် ရဟန်းကိုတွေ့မြင်ရသောကြောင့် သားကောင်မရဟု အယူရှိသောမုဆိုးသည် ရဟန်းကို ခွေးများဖြင့် ဝိုင်းကိုက်စေသော်လည်း မိမိကိုပင် အကိုက်ခံရသော ကောကမည်သော ခွေးမုဆိုးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ခွေးဝိုင်းခံရသောရဟန်းသည် ရဟန္တာဖြစ်သည်။

အနက်

ယော၊ အကြင်သူမိုက်သည်။ အပ္ပဒုဋ္ဌဿ၊ မပြစ်မှားထိုက်သော။ သုဒ္ဓဿ၊ စင်ကြယ်သော။ အနင်္ဂဏဿ၊ ကိလေသာကင်းသော။ နရဿ ပေါသဿ၊ ရဟန္တာပုဂ္ဂိုလ်အား။ ဒုဿတိ၊ ပြစ်မှား၏။ ပဋိဝါတံ၊ လေညာသို့။ ခိတ္တော၊ လွှင့်ပစ်အပ်သော။ သုခုမော၊ သိမ်မွေ့သော။ ရဇော၊ မြူမှုန်သည်။ တမေဝ၊ လွှင့်ပစ်သောသူသို့သာလျှင်။ ပတတိ ဣဝ၊ ပြန်ကျလာသကဲ့သို့။ ပါပံ၊ မကောင်းမှုသည်။ တမေဝ ဗာလံ၊ ထိုမိုက်သူသို့သာလျှင်။ ပစ္စေတိ၊ ရှေးရှုပြန်ကျ၏။

စကားပြေ

စင်ကြယ်၍ ကိလေသာကင်းသော မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်အား ပုဂ္ဂိုလ်တဦးဦးက ပြစ်မှားလျှင် လေညာသို့ လွှင့်ပစ်သော မြူမှုန်သည် လွှင့်ပစ်သူသို့သာလျှင် ပြန်ကျသကဲ့သို့ ပြစ်မှားသူသို့သာလျှင် မကောင်းမှု ပြန်ကျလေတော့သည်။
သုဒ္ဓ အနင်္ဂဏ— အပြစ်မရှိသူကို သုဒ္ဓ၊ ကိလေသာမရှိသူကို အနင်္ဂဏ။

ခွေးမုဆိုးကံကြမ္မာ

ခွေးတို့ဖြင့် အမဲလိုက်သော မုဆိုးသည် ရဟန်းကိုမြင်လျှင် မိမိတို့အလုပ်၌ လာဘ်တိတ်သည်ဟု ထင်သည်။ ရဟန်းကို တောထဲသို့အသွား တွေ့လိုက်ရသောကြောင့် အမဲသား ငါးမရဟု ထင်မှတ်ကာ တောမှအပြန် ယင်းရဟန်းကို တဖန်တွေ့ပြန်သဖြင့် ရဟန်းအပေါ် ရန်ငြိုးဖွဲ့ကာ ခွေးများကို ကိုက်ရန် အမိန့်ပေးသည်။ ရဟန်းသည် သစ်ပင်တပင်သို့ တက်၍ လက်ခုပ်တဘောင်လောက်သော အရပ်၌ ရပ်စဉ် မုဆိုးသည် မြားဦးဖြင့် ခြေဘဝါးကိုထိုးသည်။ ရဟန်းသည် မုဆိုး၏ မြားဦးဒဏ်ကြောင့် မီးဖြင့် ရှိမိုက်သကဲ့သို့ ဖြစ်၍ သတိမေ့လျော့ကာ သင်္ကန်းကျွတ်ကျသည်ကိုပင် မသိရှာပေ။ ၎င်းသင်္ကန်းသည် မုဆိုး၏ ကိုယ်ပေါ်သို့ စွပ်မိသကဲ့သို့ ဖြစ်သောအခါ ခွေးများသည် မုဆိုးကို ရဟန်းဟု မှတ်ထင်ကာ ဝိုင်းကိုက်၍ အရိုးများသာ ကျန်သည်အထိ စားကြလေသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၁။)

ပါဠိသဒ္ဒါခက်ဆစ်

အပ္ပဒုဋ္ဌဿ = ပဒုဿတေတိ ပဒုဋ္ဌော။ ပ + ဒုသ် + တ။ န ပဒုဋ္ဌော အပ္ပဒုဋ္ဌော။
အနင်္ဂဏဿ = နတ္ထိ အင်္ဂဏံ ယဿာတိ အနင်္ဂဏော။ န + အင်္ဂဏ + ယ။
သုခုမော = သုခယတီတိ သုခုမော။ သုခ + ကုမ။ (ဏွာဒိ၊ ၁၃၀)

ကောကသုနခလုဒ္ဒကဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၉-ပါပဝဂ်

၉-ကောကသုနခလုဒ္ဒကဝတ္ထုပါဠိဂါထာ

၂၈၇။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ,
သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ၊
တမေဝ ဗာလံ ပစ္စေတိ ပါပံ,
သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

ယော၊ အကြင်သူသည်။ အပ္ပဒုဋ္ဌဿ၊ မည်သူ့ကိုမျှ မဖျက် ဆီး, မပြစ်မှားတတ်သော။ နရဿ၊ ပုဂ္ဂိုလ်အား။ ဒုဿတိ၊ ဖျက်ဆီး ပြစ်မှား၏။ [မောဂ်-၂,၂၅သုတ်၌ “နရဿ၊ ၏။ ဒုဿတိ၊ ၏”ဟု သာမီ အနက် ပေး၏။] သုဒ္ဓဿ၊ အပြစ်ကင်းစင်သော။ အနင်္ဂဏဿ၊ ယုတ်နိမ့်သည်၏အဖြစ်သို့ ရောက်ကြောင်း ကိလေသာမရှိသော။ ပေါသဿ၊ ပုဂ္ဂိုလ်အား။ ဒုဿတိ၊ ၏။ ပဋိဝါတံ၊ လေညာအရပ်သို့။ ခိတ္တော၊ ပစ်လွှတ်အပ်သော။ သုခုမော၊ သေးငယ်သိမ်မွေ့သော။ ရဇော၊ မြူမှုန်သည်။ ပစ္စေတိ ဣဝ၊ (ပစ်သူထံသာ) ပြန်ရောက်လာ သကဲ့သို့။ (ဧဝမေဝ၊ လျှင်။) ပါပံ၊ မကောင်းမှုသည်။ တမေဝ ဗာလံ၊ ထိုလူမိုက်သို့သာ။ ပစ္စေတိ၊ (မကောင်းကျိုး၏အစွမ်းဖြင့်) ပြန် ရောက် လာ၏။ (တစ်နည်း) ပါပံ၊ မကောင်းသောကံ, မကောင်း သော အကျိုးသည်။ တမေဝ ဗာလံ၊ သို့သာ။ ပစ္စေတိ၊ ပြန်ရောက် လာ၏။ (ပါ-၁၂၅)

အနင်္ဂဏဿ။ ။ အင်္ဂန္တိ ဧတေဟိ တံသမင်္ဂီပုဂ္ဂလာ နိဟီနဘာဝံ ဂစ္ဆန္တီတိ အင်္ဂဏာနိ၊ နတ္ထိ +အင်္ဂဏာနိ ယဿာတိ အနင်္ဂဏော(မ၊ဋီ၊၃၊၂၄၅၊ ဓမ္မ-ဋီ-၁၆၉)။ နရဿနှင့် ပေါသဿသည် သတ္တဝါအနက်ဟော ချည်းဖြစ်၍ ပထမပါဒနှင့် ဒုတိယပါဒကို တစ်ဝါကျစီ ခွဲပေးခဲ့သည်။ (ဝိမြန်- ၂, ၄၇၃လည်း ရှု)

သုတ္တနိ၊ဋ္ဌ၊၂၊၁၉၈။ ။ ထို၌ ရှေးရှေးပုဒ်ကို နောက်နောက်ပုဒ်၏ အကြောင်းဟု ယူ၍ “အပ္ပဒုဋ္ဌဿ-သော၊ (အပ္ပဒုဋ္ဌတ္တာ-ကြောင့်၊) သုဒ္ဓဿ- သော၊ (သုဒ္ဓတ္တာ-ကြောင့်၊) အနင်္ဂဏဿ-သော၊ ပေါသဿ-အတ္တဘောကို မွေးမြူတတ်သူဖြစ်သော၊ [အတ္တဘာဝဿ ပေါသနတော ပေါသော၊-ဒီ၊ဋီ၊၃၊၇၃ ၊] နရဿ-အား၊ ဒုဿတိ-၏”ဟု ပေးရန် တစ်နည်းဖွင့်သေး၏၊ ဤသို့ ဝိသေသနများစွာရှိရာ၌ ရှေးရှေးဝိသေသနသည် နောက်နောက် ဝိသေသန၏ ဟိတ်ဖြစ်နိုင်သည်။[ ဝိသေသနများစွာ, ဆင့်လျက်ပါသော်, မှန်စွာမယုတ်, ရှေးရှေးပုဒ်သည်, နောက်နောက်ပုဒ်၏ ဟိတ်ဖြစ်မြဲ၊- ဘုရားကြီး-၈၁။]

ပစ္စေတိ ပါပံ။ ။ ပါပံ ဝိပါကဒုက္ခဝသေန ပစ္စေတိ(ဓမ္မဋ္ဌ)၊ ပစ္စေတိ ဥပဂစ္ဆတိ အနုဗန္ဓတိ၊ ပါပန္တိ ပါပကံ ကမ္မံ ဖလဉ္စ(သံ၊ဋီ၊၁၊၉၁)။

ကောကသုနခလုဒ္ဒကဝတ္ထုဂါထာနိဿယပြီးပြီ။