ဃတာသနဇာတ်
ဧကကနိပါတ်-အသမ္ပဒါနဝဂ်
၃။ ဃတာသနဇာတ်
မလျောက်ပတ်သောနေရာမှ စွန့်၍ ပြောင်းအပ်သည်၏အကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညူ မြတ်စွာဘုရားသည် ခေမံ ယဟိံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဃတာသနဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့။ ထိုရဟန်းသည် မြတ်စွာဘုရားအထံတော်၌ ကမ္မဋ္ဌာ န်းကို ယူ၍ တခုသောပစ္စန္တရစ်ရွာငယ်ကို အမှီ ပြု၍ တောကျောင်း၌ ဝါသို့ကပ်၏။ ထိုရဟန်းအား ရှေးဦးစွာသောကာလ၌လျှင် ဆွမ်းအလို့ရွာသို့ဝင်စဉ် ကျောင်းကို မီးလောင်၏။ ထိုရဟန်းသည် နေရာမရှိသည်၏အဖြစ်ကြောင့် ပင်ပန်းသည်ဖြစ်၍ ဒါယကာတို့အား ကြား၏။ ဒါယကာတို့သည် အရှင်ဘုရား ဤသို့ဖြစ်စေ ကျောင်းဆောက်ပါကုန်အံ့၊ ရှေးဦးစွာ ထွန်ကုန်အံ့၊ ရှေးဦးစွာ ကြဲကုန်အံ့၊ ဤသို့ အစရှိသည်တို့ကိုဆိုကုန်လျက် ဝါတွင်းသုံးလကို လွန်စေကုန်၏။ ထိုရဟန်းသည် ကျောင်းမလျောက်ပတ်သည်၏ အဖြစ်ကြောင့် ကမ္မဋ္ဌာန်းကို အပြီးသို့ရောက်စေခြင်းငှါ မတတ်နိုင်၊ ထိုရဟန်းသည် နိမိတ်ကိုလည်း မဖြစ်စေနိုင်၍ ဝါကျွတ်သည်ရှိသော် ဇေတဝန် ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သောအရပ်၌ နေ၏။
မြတ်စွာဘုရားသည် ထိုရဟန်းနှင့်တကွ ပျူငှါလောကဝတ်ကိုပြု၍ ရဟန်း သင့်အား ကမ္မဋ္ဌာန်းသည် လျောက်ပတ်သည် ဖြစ်ပြီလောဟု မေးတော်မူ၏။ ထိုရဟန်းသည် အစမှစ၍ မလျောက် ပတ်သည်၏အဖြစ်ကို လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်း ရှေး၌ တိရစ္ဆာန်တို့သည်လည်း မိမိ၏ လျောက်ပတ်သည် မလျှောက်ပတ် သည်ကိုသိ၍ လျောက်ပတ်သောကာလ၌ နေ၍ မလျောက်ပတ်သောကာလ၌ နေရာအရပ်ကိုစွန့်၍ တပါးသောအရပ်သို့ သွားကုန်၏။ သင်သည် အဘယ်ကြောင့် မိမိ၏ လျောက်ပတ်သည် မလျောက်ပတ်သည်ကို မသိသနည်းဟု မိန့်တော်မူ၍ ထိုရဟန်းသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုလတ်သည်ရှိသော် ဘုရားလောင်းသည် ငှက်အမျိုး၌ ဖြစ်၍ လိမ်မာသောအဖြစ်သို့ ရောက်၍ တင့်တယ်ခြင်းအစုသို့ရောက်သော ငှက်မင်းဖြစ်၍ တခုသောတောအရပ်၌ ဇာတဿရအိုင်နား၌ အခက်အရွက်နှင့် ပြည့်စုံသော ထူသောအရွက်ကြီးငယ်ရှိသော သစ်ပင်ကြီးကိုမှီ၍ အခြွေ အရံနှင့်တကွနေ၏။ များစွာကုန်သော ငှက်တို့သည် သစ်ပင်၏ ရေအထက်၌ ဖြန့်သောအခက်တို့၌နေလျှက် ကိုယ်မှဖြစ်သော အညစ်အကြေးကိုရေ၌ ကျစေကုန်၏။
ထိုဇာတဿရအိုင်၌လည်း ကြမ်းသောနဂါးမင်းသည်နေ၏။ ထိုနဂါးမင်းအား ဤငှက်တို့သည် ငါ၏ နေရာဖြစ်သော ဇာတရဿအိုင်၌ ကိုယ်မှဖြစ်သော အညစ်အကြေးကိုချကုန်၏။ ငါသည် ရေမှမီးကိုထစေ၍ သစ်ပင်ကိုလောင်စေ၍ ထိုငှက်တို့ကို အကယ်၍ ပြေးစေရမူကား ကောင်းစွ ဟု အကြံဖြစ်၏။ ကြံပြီး၍ နဂါးမင်းသည် အမျက်ထွက်သောစိတ်ရှိသည်ဖြစ်၍ ညဉ့်အဘို့၌ ခပ်သိမ်းကုန်သော ငှက်တို့သည် စည်း ဝေး၍ သစ်ခက်တို့၌အိပ်ကာလတို့၌ ရှေးဦးစွာလျှင် ခုံလောက်၌တင်အပ်သော ရေကဲ့သို့ ကျိုက် ကျိုက်ဆူစေ၍ နှစ်ကြိမ် မြောက်၌ အခိုးကိုထစ၍ သုံးကြိမ်မြောက်၌ ထန်းလုံးပမာဏရှိသော မီးလျှံထစေ၍ ဘုရားလောင်းသည် ရေမှထသောမီးလျှံကိုမြင်၍ အိုငှက်တို့ မီးလောင်ခြင်းမည်သည်ကို ရေဖြင့်ငြိမ်းစေကုန်၏။ ယခုအခါ၌ကား ရေကိုပင်လျှင် မီးလောင်၏။ ငါတို့သည် ဤသစ်ပင်၌နေခြင်းငှါ မတတ်ကောင်းကုန်၊ တပါးသောသစ်ပင်သို့ သွားကြကုန်အံ့ဟု ဆိုလို၍-
ဒကဿ မဇ္ဈေ ဇာလတေ ဃတာသနော။
န အဇ္ဇ ဝါသော မဟိယာ မဟီရုဟေ။
ဒိသာ ဘဇဝှေါ သရဏာဇ္ဇ နော ဘယံ။
ဟူသော ဤဂါထာကို ဆို၏။
၁၃၃။ ဘော သကုဏာ၊ အိုငှက်တို့။ ယဟိံ၊ အကြင်ရေ၌။ ခေမံ၊ ဘေးမရှိ။ တတ္ထ၊ ထိုရေ၌။ အရီ၊ မီးဟူသော ရန်သူသည်။ ဥဒီရိတော၊ ထ၏ ဒကဿ၊ ရေ၏။ မဇ္ဈ၊ အလယ်၌။ ဃတာသနော၊ မီးသည်။ ဇာလတေ၊ ပြောင်ပြောင်တောက်၏။ အဇ္ဇ၊ ယခု။ နော၊ ငါတို့အား။ မဟိယာ၊ မြေမှ။ ဇာတေ၊ ဖြစ်သား မဟီရုဟေ၊ ဤသစ်ပင်၌။ ဝါသော၊ နေရခြင်းသည်။ န အတ္ထိ၊ မရှိ။ အဇ္ဇ၊ ယခု။ နော၊ ငါတို့အား။ သရဏာ၊ ကိုးကွယ်ရာမှ။ ဘယံ၊ ဘေးဖြစ်၏။ ဒိသာ၊ အရပ်မျက်နှာတို့သို့။ ဘဇဝှေါ၊ ပျံကြကုန်အံ့။
ဤသို့ဆို၍ ဘုရားလောင်းသည် မိမိစကားကိုလိုက်နာကုန်သော ငှက်တို့ကိုခေါ်၍ တပါးသောအရပ်သို့သွား၏။ ဘုရားလောင်း၏စကားကိုမယူမူ၍ နေကုန်သောငှက်တို့သည်ကား အသက်ကုန်ခြင်းသို့ရောက်ကုန်၏။
ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၏။ သစ္စာကိုပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းသည် အရဟတ္တဖိုလ်၌တည်လေ၏။ သစ္စာကိုပြပြီး၍ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ဘုရားလောင်း၏ စကားကို လိုက်နာကုန်သော သူတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ငှက်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။
လျောက်ပတ်က, နေ၊ မလျောက်ပေ၊ ထွက်လေတပါးရပ်
သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဃတာသနဇာတ်သည်ပြီး၏။
*****