မာတိကာသို့ ခုန်သွားရန်

ဆတ္တပါဏိဥပါသကဝတ္ထု

ဝီကီရင်းမြစ် မှ
1172ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၇။ ဆတ္တပါဏိဥပါသကဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ပုပ္ဖဝဂ်

၇။ ဆတ္တပါဏိ ဥပါသကာဝတ္ထု

ယထာပိ ရုစိရံ ပုပ္ဖံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ဆတ္တပါဏိ ဥပါသကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားမျက်မှောက် ဘုရင်ဂုဏ်ပျောက်ခြင်း

သာဝတ္ထိပြည်၌ ဆတ္တပါဏိအမည်ရှိသော ဥပါသကာသည် ပိဋကတ်သုံးပုံကိုဆောင်သော အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏။ ထိုဆတ္တပါဏိ ဥပါသကာသည် စောစောကလျှင် ဥပုသ်သီလ ကျင့်သုံးသည်ဖြစ်၍ ဘုရားရှင်အား ဆည်းကပ်ခြင်းငှာ သွားလေ၏။

(အနာဂါမ်တည်သော အရိယာသာဝကတို့အား ဆောက်တည်ခံယူသည်၏အစွမ်းဖြင့် ဥပုသ်သီလကျင့်သုံးခြင်းမည်သည်မရှိ၊ အနာဂါမိမဂ်ဖြင့်သာလျှင် ထိုအရိယာ သာဝကတို့အား ဗြဟ္မစရိယအကျင့်သည်လည်းကောင်း၊ ဧကဘတ္တိကအကျင့်သည်လည်းကောင်း အလိုလိုရောက်လာလေ၏။)

ထိုဆတ္တပါဏိ ဥပါသကာသည်လည်း ထိုနည်းတူစွာသာလျှင် ဥပုသ်သီလ ကျင့်သုံးသည်ဖြစ်၍ ဘုရားရှင်သို့ချဉ်းကပ်ပြီးလျှင် ရိုသေစွာရှိခိုး၍ တရားစကားကို နာကြားလျက် ထိုင်နေလေ၏။ ထိုအခါ ပသေနဒီကောသလမင်းကြီးသည်ဘုရားရှင်အား ဆည်းကပ်ခြင်းငှာ ရောက်သွား၏။ ဆတ္တပါဏိ ဥပါသကာသည် ရှေးရှုလာသော ထိုကောသလမင်းကြီးကိုမြင်လျှင် “နေရာမှထသင့်သလော၊ မထဘဲ နေသင့်သလော”ဟု ကြံစည်လတ်သော် “ငါသည် မြတ်သောမင်း ဖြစ်တော်မူသော မြတ်စွာဘုရား၏အထံတော်၌ ထိုင်နေ၏။ တစ်စိတ်တစ်ဒေသမျှ အစိုးရသော ပဒေသရာဇ်မင်းကိုမြင်၍ ထခြင်းငှာ ထိုငါ့အား မသင့်လျော်ချေ။ စင်စစ်အားဖြင့် မင်းကြီးသည် မထဘဲနေသောငါ့အား အမျက်ထွက်လတ္တံ့၊ ဤကောသလမင်းသည် အမျက်ထွက်စေကာမူ ငါကား မထဘဲနေတော့အံ့”ဟု ကြံစည်မိလေ၏။ ထိုအကြံ သင့်လျော်လှပေ၏။ မင်းကိုမြင်၍ ထသောသူသည် မင်း၌ အလေးပြုသောသူဖြစ်၏။ မြတ်စွာဘုရား၌ အလေးပြုသောသူ မဟုတ်။ ထို့ကြောင့် ငါမထဘဲနေတော့အံ့ဟု ကြံစည်၍ မထဘဲ နေလေ၏။

(ပညာရှိသောယောက်ျားတို့မည်သည်ကား အလွန်အလေးအမြတ်ပြုအပ်သော သူတို့၏အထံ၌ ထိုင်နေ၍ မထသောသူကို မြင်ကုန်ငြားသော်လည်း အမျက်မထွက်ကြကုန်။)

ကောသလမင်းကြီးသည်ကား နေရာမှမထသော ထိုဆတ္တပါဏိ ဥပါသကာကိုမြင်လျှင် အမျက်ထွက်သော စိတ်ရှိသည်ဖြစ်လျက် ဘုရားရှင်ကိုရှိခိုး၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေလေ၏။ ဘုရားရှင်လည်း ထိုကောသလမင်းကြီး၏ အမျက်ထွက်သောအဖြစ်ကို သိတော်မူသဖြင့် “မြတ်သောမင်းကြီး- ဤဆတ္တပါဏိ ဥပါသကာသည် ပညာရှိသောသူဖြစ်၏။ သိမြင်အပ်ပြီးသောတရားရှိ၏။ ပိဋကတ်သုံးပုံကို ဆောင်နိုင်၏။ အကျိုးဟုတ်သည် မဟုတ်သည်၌ လိမ္မာလှပေ၏”ဟု ဥပါသကာ၏ ဂုဏ်ကျေးဇူးကို ချီးကျူးမိန့်ဆိုတော်မူလေ၏။ မင်းကြီးအား ထိုဆတ္တပါဏိ ဥပါသကာ၏ ဂုဏ်ကျေးဇူးစကားကို ကြားနာရစဉ်ပင်လျှင် စိတ်သည် နူးညံ့ခြင်း ဖြစ်လေ၏။

ဘုရားမျက်ကွယ် ဘုရင်ဂုဏ်ကြွယ်ခြင်း

ထို့နောက် တစ်နေ့သ၌ ပသေနဒီကောသလမင်းကြီးသည် ဘုံနန်းပြာသာဒ်အထက်၌ စံပယ်တော်မူလျက်နေစဉ် ဆတ္တပါဏိ ဥပါသကာ နံနက်စာထမင်း စားပြီးသဖြင့် ထီးကိုဆောင်ယူ၍ ဖိနပ်ကိုစီးလျက် မင်းရင်ပြင်ဖြင့် သွားသည်ကို မြင်ရလျှင် ခေါ်တော်မူလေ၏။ ထိုဆတ္တပါဏိ ဥပါသကာသည် ထီးနှင့်ဖိနပ်ကို ချွတ်ပယ်၍ မင်းကြီးအထံသို့ချဉ်းကပ်ကာ ရှိခိုးလျက် သင့်တင့်လျောက်ပတ်သောအရပ်၌ တည်နေလေ၏။ ထိုအခါ ဆတ္တပါဏိ ဥပါသကာကို ကောသလမင်းကြီးသည် “အို..အချင်း ဥပါသကာ- အဘယ့်ကြောင့် သင်သည် ထီးဖိနပ်တို့ကို ချွတ်ပယ်အပ်ကုန်သနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းမြတ်သည် ခေါ်တော်မူ၏” ဟူသောစကားကို ကြားရပါသောကြောင့် ချွတ်ပယ်ထားခဲ့၍ လာရောက်ရပါကြောင်း သံတော်ဦးတင်လတ်သော် “ယခုမှ အကျွန်ုပ်တို့၏ မင်းအဖြစ်ကို သင်တို့ သိအပ်သည် ဖြစ်ပေလိမ့်မည်”ဟု မိန့်တော်မူလေ၏။ “အရှင်မင်းကြီး- အခါခပ်သိမ်းလည်း အရှင့် ကျွန်တော်မျိုးတို့သည် အရှင်မင်းကြီးတို့၏ မင်းအဖြစ်ကို သိပါကုန်၏”ဟု လျှောက်တင်လတ်သော် “အကယ်၍ ဤသို့ သိသည်ဖြစ်ခဲ့အံ့၊ အဘယ့်ကြောင့် ရှေးဖြစ်သောနေ့၌ မြတ်စွာဘုရား၏ အထံတော်၌နေစဉ် အကျွန်ုပ်ကိုမြင်လျက် နေရာမှ မထသနည်း”ဟု မေးတော်မူလေ၏။

“မြတ်သောမင်းကြီး- အရှင့်ကျွန်တော်မျိုးသည် မင်းတကာတို့ထက်မြတ်သော အဂ္ဂရာဇာဖြစ်တော်မူသော မြတ်စွာဘုရား၏ အထံတော်၌နေစဉ် တစ်စိတ်တစ်ဒေသမျှ အစိုးရသောပဒေသရာဇ်မင်းကို မြင်၍ ထခဲ့သည်ရှိသော် မြတ်စွာဘုရား၌ မရိုသေခြင်းကို ပြောကြားသည် ဖြစ်ခဲ့ပေရာ၏။ ထို့ကြောင့် မထဘဲနေပါသတည်း”ဟု လျှောက်တင်လတ်သော် “အို..အချင်း ဥပါသကာကြီး- ရှိပါစေတော့၊ ထိုစကားသည် ရပ်တန့်ပါစေ၊ အသင် ဥပါသကာကြီးတို့သည် ပစ္စုပ္ပန်ဘဝ, တမလွန်ဘ၀၌ဖြစ်သော အကျိုးစီးပွားရှိ,မရှိတို့၌ လိမ္မာတတ်သော ဉာဏ်ပညာရှိပေကုန်၏။ ပိဋကတ်သုံးပုံကို ဆောင်နိုင်ပေကုန်၏။ ငါတို့၏ နန်းတော်တွင်း၌ တရားဓမ္မကို ပို့ချပါလော့”ဟု တောင်းပန်စကား မိန့်ကြားတော်မူလေ၏။ “အရှင်မင်းမြတ် မတတ်နိုင်ပါ”ဟု လျှောက်တင်သော် “အဘယ့်ကြောင့်နည်း”ဟု မေးမြန်းတော်မူပြန်လေ၏။ “အရှင်မင်းကြီး- ဘုရင်မင်းမြတ်တို့၏ စံပျော်ရာ ရွှေနန်းတော်မည်သည်ကား များသောအပြစ် ရှိပါသည်။ မကောင်းသဖြင့်ယှဉ်အပ်သော အမှုကိစ္စ တာဝန်တို့သည် ကြီးလေးပါကုန်၏”ဟု လျှောက်တင်လတ်သော် “ဤသို့ မဆိုပါလင့်။ ရှေးဖြစ်သောနေ့၌ ဘုရင်မင်းမြတ်ကိုမြင်၍ ငါမထခဲ့ဟု အလို့လို့ဖြစ်ခြင်း မပြုပါလင့်”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းမြတ်- လူတို့၏ လှည့်လည်သွားလာခြင်းမည်သည် အပြစ်များလှပါ၏၊ ရဟန်းတော်တစ်ပါးကို ပင့်ခေါ်စေ၍ တရားဓမ္မကို ပို့ချစေတော်မူပါ”ဟု လျှောက်တင်လေ၏။

စာသင်လေ့ရှိသော မိဖုရားအကြောင်း

မင်းကြီးသည် “အို..အချင်း ဥပါသကာ- ကောင်းလှပါပေပြီ။ အသင်တို့သည် သွားကြပါကုန်လော့”ဟု ဆိုသဖြင့် ထိုဆတ္တပါဏိ ဥပါသကာကို လွှတ်လိုက်ပြီးလျှင် ဘုရားရှင်အထံတော်သို့သွား၍ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- မလ္လိကာမိဖုရားသည်လည်းကောင်း၊ ဝါသဘခတ္တိယာ မိဖုရားသည်လည်းကောင်း “တရားဓမ္မကို သင်ကြားလိုကြပါကုန်၏”ဟု ပြောဆိုကြပါသည်။ မြတ်စွာဘုရားသည် ရဟန်းတော်ငါးရာတို့နှင့်တကွ အမြဲမပြတ် ဘုရားတပည့်တော်၏ နန်းတော်သို့ ကြွတော်မူ၍ ထိုမိဖုရားတို့အား တရားဓမ္မ ပို့ချသင်ပေးတော်မူကြပါဘုရား”ဟု မြတ်စွာဘုရားကို လျှောက်ကြား တောင်းပန်လေ၏။ “မြတ်သောမင်းကြီး ဘုရားရှင်တို့အား အမြဲမပြတ် တစ်ခုတည်းသောအရပ်သို့ ကြွသွားတော်မူခြင်းမည်သည် မရှိ”ဟု မိန့်တော်မူလတ်သော် “ယင်းသို့ဖြစ်မူ ဘုန်းတော်ကြီးလှပေသော မြတ်စွာဘုရား- ဘုရားရှင်မှတစ်ပါး ရဟန်းတော်တစ်ပါးကို ပေးသနားတော်မူပါဘုရား”ဟု လျှောက်ကြား တောင်းပန်ပြန်သဖြင့် မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်အား တာဝန်ပေးတော်မူလေ၏။

ရှင်အာနန္ဒာမထေရ်သည်လည်း အမြဲမပြတ် ကြွတော်မူ၍ ထိုမိဖုရားတို့အား တရားဓမ္မကို ပို့ချသင်ပေးတော်မူ၏။ ထိုမိဖုရားနှစ်ပါးတို့တွင် မလ္လိကာမိဖုရားသည် ကောင်းမွန်ရိုသေစွာသင်ယူကာ သရဇ္ဈာယ်၏။ ဝါသဘခတ္တိယာကား ရိုသေစွာ မသင်၊ သရဇ္ဈာယ်ခြင်းမပြု။ ထို့နောက် တစ်နေ့သ၌ ရှင်အာနန္ဒာကို မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- ဥပါသိကာမတို့သည် တရားတော်ကို သင်ယူကြကုန်၏လော”ဟု မေးတော်မူလတ်သော် “မြတ်စွာဘုရား- သင်ယူကြပါကုန်၏ဘုရား”ဟု လျှောက်လေ၏။ “ဥပါသိကာမတို့သည် ရိုသေကောင်းမွန်စွာ သင်ယူကြကုန်၏လော”ဟု မေးတော်မူပြန်လတ်သော် “မြတ်စွာဘုရား- မလ္လိကာမိဖုရားသည် ရိုသေကောင်းမွန်စွာ သင်ယူပါသည်။ ရိုသေကောင်းမွန်စွာ သရဇ္ဈာယ်ပါသည်။ ရိုသေကောင်းမွန်စွာ သင်ယူအပ်သော ပါဠိကို အလွတ်ရွတ်ဆိုခြင်းငှာ စွမ်းနိုင်ပါသည်။ ရှင်တော်မြတ်ဘုရားတို့၏ ဆွေတော်မျိုးတော် သမီးဖြစ်သော ဝါသဘခတ္တိယာ မိဖုရားကား ရိုသေကောင်းမွန်စွာ မသင်ယူပါ။ မသရဇ္ဈာယ်ပါ။ သင်ယူအပ်သောပါဠိကို အလွတ်ရွတ်ဆိုခြင်းငှာ မစွမ်းနိုင်ပါဘုရား”ဟု နားတော်လျှောက်လေ၏။

မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်စကားကို ကြားရလျှင် “ချစ်သားအာနန္ဒာ- ငါဘုရားဟောကြားအပ်သော တရားမည်သည်ကား ရိုသေစွာ မနာသောသူ၊ မသရဇ္ဈာယ်သောသူ မဟောကြားသောသူအား အဆင်းနှင့်သာပြည့်စုံ၍ အနံ့မရှိသော ပန်းကဲ့သို့ အကျိုးမရှိဖြစ်ရပေ၏။ ရိုသေစွာနာခြင်း စသည်တို့ကို ပြုသောသူအားကား များမြတ်သော အကျိုးအာနိသင်ရှိပေ၏”ဟု မိန့်တော်မူ၍ ဤနှစ်ဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၅၁] ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ အဂန္ဓကံ။
ဧဝံ သုဘာသိတာ ဝါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော။
[၅၂] ယထာပိ ရုစိရံ ပုပ္ဖံ၊ ဝဏ္ဏဝန္တံ သဂန္ဓကံ။
ဧဝံ သုဘာသိတာ ဝါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။

ရုစိရံ၊ တင့်တယ်သည်ဖြစ်၍။ ဝဏ္ဏဝန္တံ၊ အဆင်းသဏ္ဌာန်နှင့်ပြည့်စုံသော။ အဂန္ဓကံ၊ အနံ့မရှိသော။ ပုပ္ဖံ၊ ကသစ်, ခေါင်ရမ်းစသော ပန်းသည်။ အဖလံ၊ အကျိုးမရှိသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သုဘာသိတာ၊ ကောင်းစွာဟောကြားတော်မူအပ်သော။ ဝါစာ၊ ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်သည်။ အကုဗ္ဗတော၊ ရိုသေစွာ သင်ကြားနာယူခြင်း စသည်ဖြင့် မပြုမကျင့်သောသူအား။ အဖလာ၊ အကျိုးမရှိသည်။ ဟောတိ၊ ဖြစ်၏။

ရုစိရံ၊ တင့်တယ်သည်ဖြစ်၍။ ဝဏ္ဏဝန္တံ၊ အဆင်းသဏ္ဌာန်နှင့်လည်း ပြည့်စုံထသော။ သဂန္ဓကံ၊ ကောင်းသောအနံ့လည်း ရှိထသော။ ပုပ္ဖံ၊ ကြာညို, ဇလပ်, ရင်ခတ်, ပွင့်ဆန်း, ကတတ်ငန်းစသော ပန်းသည်။ သဖလံ၊ အကျိုးရှိသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သုဘာသိတာ၊ ကောင်းစွာဟောကြားတော်မူအပ်သော။ ဝါစာ၊ ပိဋကတ်သုံးပုံ တည်းဟူသော ဘုရားစကားတော်သည်။ ကုဗ္ဗတော၊ ရိုသေစွာ သင်ကြားနာယူခြင်း စသည်ဖြင့် ပြုကျင့်သောသူအား။ သဖလာ၊ များစွာအကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာဖြစ်တော်မူလေ၏။

ဆတ္တပါဏိ ဥပါသကာဝတ္ထု ပြီး၏၊