မာတိကာသို့ ခုန်သွားရန်

ပါဝေယျကာဇီဝကဝတ္ထု

ဝီကီရင်းမြစ် မှ

ပုပ္ဖဝဂ်

၆။ ပါဝေယျကမည်သော တက္ကတွန်းဝတ္ထု

န ပရေသံ ဝိလောမာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ပါဝေယျက အမည်ရှိသော အာဇီဝကတက္ကတွန်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဘုရားအား တက္ကတွန်းငြူစူခြင်း

သာဝတ္ထိပြည်၌ သူကြွယ်မတစ်ယောက်သည် ပါဝေယျကမည်သော အာဇီဝကတက္ကတွန်းကို သားအရာ၌ထား၍ လုပ်ကျွေးသမှု ပြုစုလေသတတ်။ ထိုသူကြွယ်မအိမ်၏ အခြားမဲ့အိမ်တို့၌နေသော လူတို့သည် မြတ်စွာဘုရား၏ တရားတော်မြတ်ကို ကြားနာရသဖြင့် လာပြီးလျှင် “မြတ်စွာဘုရားတို့၏ တရားဒေသနာတော်မြတ်သည်ကား ဪ အလွန်အံ့ဖွယ်ရှိပေစွ”ဟု အထူးထူးအပြားပြားသော အခြင်းအရာတို့ဖြင့် ဘုရားဂုဏ်ကျေးဇူးတို့ကို ချီးမွမ်းထောမနာကြကုန်၏။ သူကြွယ်မလည်း ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးနှင့် စပ်သောစကားကို ကြားရလျှင် ကျောင်းတော်သို့သွား၍ တရားနာလိုသည်ဖြစ်ရကား “အရှင်မတို့- အကျွန်ုပ်သည် အာဇီဝကတက္ကတွန်းအား ထိုအကြောင်းကို ပြောပြပြီးမှ သွားပါအံ့”ဟုဆိုလေ၏။ တက္ကတွန်းသည်လည်း “မသွားလင့်”ဟု တားမြစ်သဖြင့် ထိုတက္ကတွန်းကို အဖန်တလဲလဲ တောင်းပန်ပါသော်လည်း တားမြစ်မြဲ တားမြစ်သည်သာလျှင်တည်း။ သူကြွယ်မသည် “ဤတက္ကတွန်းကား ငါ့ကို ကျောင်းသို့သွား၍ တရားနာအံ့သောငှာ ခွင့်မပေး။ ဘုရားရှင်ကိုပင့်ဖိတ်၍ ဤအိမ်၌ပင် တရားနာအံ့”ဟုကြံပြီးလျှင် သူကြွယ်မသည် ညနေချမ်းအခါ၌ သားငယ်ကိုခေါ်စေ၍ “ချစ်သား- သွားချေ၊ နက်ဖြန် ကောင်းမှုအလို့ငှာ ဘုရားရှင်ကို ပင့်ဖိတ်လော့”ဟု စေလွှတ်၏။

ထိုသားငယ်သည် သွားသည်ရှိသော် ရှေးဦးစွာ ဆရာတက္ကတွန်း၏ နေရာသို့သွား၍ ရှိခိုးလျက်ထိုင်နေလေ၏။ ထိုအခါ သားငယ်ကို တက္ကတွန်းသည် “အဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးသဖြင့် “မိခင်၏စကားဖြင့် ဘုရားရှင်ကို ပင့်ဖိတ်ခြင်းငှာ သွားပါအံ့”ဟု ဆိုလတ်သော် “ထိုရှင်ကြီးဂေါတမ၏အထံသို့ မသွားလင့်”ဟု တားမြစ်လေ၏။ “အရှင်- တားမြစ်ခြင်းငှာ မသင့်ပါ၊ တပည့်တော်၏မိခင်အား ကြောက်လှပါသည်၊ တပည့်တော်သည် သွားပါအံ့”ဟု ဆိုလတ်သော် “ဤရှင်ကြီးဂေါတမအတွက် ပြုလုပ်အပ်သော ပူဇော်သက္ကာရကို နှစ်ယောက်ကုန်သော ငါတို့သည် စားကုန်အံ့၊ မသွားလေလင့်”ဟု ဆိုပြန်လေ၏။ “အရှင်- ဤသို့တားမြစ်ခြင်းသည် မသင့်လျော်ပါ။ မိခင်သည် တပည့်တော်အား ကြိမ်းမောင်းပါလိမ့်မည်”ဟု ဆိုပြန်လတ်သော် “ထိုသို့ဖြစ်မူ သွားချေ၊ သွားပြီးသော်ကား ဆွမ်းဖိတ်၍ “တပည့်တော်တို့၏အိမ်သည် ဤမည်သောအရပ်၌ဟူ၍လည်းကောင်း၊ ဤမည်သော လမ်း၌ဟူ၍လည်းကောင်း၊ ဤမည်သော လမ်းခရီးဖြင့် သွားရပါသည်ဟူ၍လည်းကောင်း” မပြောကြားလင့်။ ထိုရှင်ကြီးဂေါတမ၏အထံ၌ တည်နေလေဟန်၊ တစ်ပါးသောခရီးဖြင့် သွားလေဟန်ကဲ့သို့ ထွက်ပြေး၍ လာခဲ့လော့”ဟု မှာထားလိုက်၏။ ထိုသူကြွယ်မ၏သားသည်လည်း တက္ကတွန်း၏စကားကို နားထောင်၍ မြတ်စွာဘုရားအထံသို့ သွားရောက်ကာ ပင့်ဖိတ်လျက် ဆရာတက္ကတွန်း ညွှန်ကြားသောနည်းအားဖြင့်သာ အလုံးစုံပြုပြီးလျှင် ထိုတက္ကတွန်းထံ သွားသည်ရှိသော် “သင်သည် အဘယ်သို့ပြုခဲ့သနည်း”ဟု မေးအပ်သဖြင့် “အရှင်- ထိုအလုံးစုံကို ပြုအပ်လေပြီ”ဟု ဆိုလေ၏။ “သင်၏ ပြုပုံကောင်းလေစွ၊ ထိုရှင်ကြီးဂေါတမအား ပြုအပ်သော ပူဇော်သက္ကာရကို နှစ်ယောက်ကုန်သော ငါတို့သည် စားကြရကုန်အံ့”ဟု ဆိုပြီးလျှင် နံနက် မိုးသောက်ရောက်သောအခါ တက္ကတွန်းသည် စောစောကလျှင် ထိုအိမ်သို့ သွားလေ၏။ ထိုတက္ကတွန်းကို ခေါ်ငင်ဆောင်ယူ၍ အိမ်တိုက်ခန်းနောက်အဖို့၌ နေစေရလေသတည်း။

အိမ်နီးခြင်း လူအများတို့သည် ထိုသူကြွယ်မ၏အိမ်ကို စိုစွတ်သော နွားချေးဖြင့် လိမ်းကျံ၍ ပေါက်ပေါက်လျှင် ငါးခုမြောက်သောပန်းတို့ကို ဖြန့်ကြဲကာ မြတ်စွာဘုရား သီတင်းသုံးတော်မူရန် မြတ်သောသူတို့အားသာထိုက်သော နေရာကို ခင်းကျင်းကြကုန်၏။ ထိုစကားမှန်၏။ မြတ်စွာဘုရားတို့နှင့် အတူတကွ မလေ့ကျက်ဖူးကုန်သော လူတို့သည် နေရာခင်းခြင်းကို မသိကြကုန်။ ထိုမှတစ်ပါးလည်း မြတ်စွာဘုရားတို့အား ခရီးညွှန်ကြားခြင်းဖြင့် ပြုဖွယ်ကိစ္စမည်သည် မရှိ။ ဗောဓိပင်ရင်း၌ တစ်သောင်းသော လောကဓာတ်ကို တုန်လှုပ်စေလျက် ဘုရားအဖြစ်သို့ ရောက်တော်မူသော နေ့ကပင်လျှင် ထိုဘုရားရှင်တို့အား “ဤလမ်းခရီးကား ငရဲသို့လားရသော လမ်းခရီးတည်း။ ဤလမ်းခရီးကား တိရစ္ဆာန်အမျိုးသို့၊ ဤလမ်းခရီးကား ပြိတ္တာဘုံသို့၊ ဤလမ်းခရီးကား လူ့ပြည်သို့၊ ဤလမ်းခရီးကား နတ်ပြည်သို့၊ ဤလမ်းခရီးကား သေခြင်းငြိမ်းလတ် မြတ်သောနိဗ္ဗာန်သို့ လားရသော လမ်းခရီးတည်း”ဟု အလုံးစုံ လားရာခရီးတို့သည် ထင်ရှားဖြစ်ခဲ့ကုန်၏။ ရွာနိဂုံး စသည်တို့၏ လမ်းခရီးမျှ၌ ဆိုဖွယ်ရာမရှိသည်သာတည်း။ ထို့ကြောင့် ဘုရားရှင်သည် နံနက်စောစောကလျှင် သပိတ်သင်္ကန်းကို ယူတော်မူ၍ ဒါယိကာမကြီး၏ အိမ်တံခါးဝသို့ ကြွရောက်တော်မူလေ၏။

သာဓုခေါ်သံကြောင့် တက္ကတွန်းပြေး

ထိုဒါယိကာမကြီးသည်လည်း အိမ်မှထွက်၍ မြတ်စွာဘုရားကို ဒူးနှစ်ဖက်, လက်ဝါးနှစ်ဖက်, နဖူးဟူသော ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးလျက် အိမ်တွင်းသို့ ကြွဝင်တော်မူစေ၍ ခင်းအပ်သောနေရာမြတ်၌ နေစေပြီးလျှင် အလှူရေစက်သွန်းချလျက် မွန်မြတ်လှသော ခဲဖွယ်ဘောဇဉ်ဖြင့် လုပ်ကျွေးပြုစုလေ၏။ ဒါယိကာမကြီးသည် ပြုအပ်သော ဆွမ်းစားခြင်းကိစ္စရှိသော မြတ်စွာဘုရားအား တရားအနုမောဒနာကို ပြုစေလိုသည်ဖြစ်၍ သပိတ်တော်ကို ယူလေ၏။ ဘုရားရှင်သည် “သာယာနာဖွယ် သိလွယ်သန့်စင် ပဲ့တင်လုံးနက် ပြင်မထွက် သံတော်အင်ရှစ်ချက်” ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံစွာ သာယာသောအသံတော်ဖြင့် အနုမောဒနာဖြစ်သော တရားစကားကို ဟောကြားတော်မူလေ၏။ ဒါယိကာမကြီးသည်လည်း “သာဓု သာဓု”ဟု ကောင်းချီးသံကိုပေးလျက် တရားတော်ကို နာကြားလေ၏။ တက္ကတွန်းသည်လည်း အိမ်တိုက်ခန်းနောက်အဖို့၌ နေလျက်သာလျှင် ကောင်းချီးသံပေး၍ တရားနာကြားသော ထိုဒါယိကာမကြီး၏အသံကို ကြားရလျှင် တည်တည်တံ့တံ့ နေအံ့သောငှာ မစွမ်းနိုင်သည်ဖြစ်၍ “ဤဒါယိကာမကြီးသည် ယခုအခါ ငါ့ဒါယိကာမ မဟုတ်တော့ပြီ”ဟု ကြံစည်ကာ တိုက်ခန်းမှထွက်ခဲ့၍ “ဟယ် (သူယုတ်မာမ) နင်ကား ပျက်ခဲ့လေပြီ၊ ထိုရဟန်းကြီး ဂေါတမအား ဤသို့သော ပူဇော်သက္ကာရ ပြုဘိ၏တကား”ဟု အထူးထူးအပြားပြားဖြင့် ဒါယိကာမကြီးကိုလည်းကောင်း၊ ဘုရားရှင်ကိုလည်းကောင်း ဆဲရေးလျက် ထွက်ပြေးဖဲသွားလေ၏။

ကိုယ့်အလုပ် ကိုယ်လုပ်ပါ

ဒါယိကာမကြီးသည်လည်း တက္ကတွန်း၏ ဆဲရေးသောစကားဖြင့် ရှက်နိုးရကား အာရုံတစ်ပါးသို့ တုန်လှုပ်ပြေးသွားသော မကြည်သာသောအဖြစ်သို့ ရောက်သောစိတ်ကို ဘုရားရှင်ဒေသနာတော်သို့ အစဉ်လျှောက်သဖြင့် အသိဉာဏ်ကို စေလွှတ်ခြင်းငှာ မစွမ်းနိုင်ရှာလေ။ ထိုအခါ ဘုရားရှင်သည် “ဒါယိကာမကြီး- အသို့နည်း၊ မိမိစိတ်ကို ဒေသနာတော်သို့ အစဉ်လျှောက်အောင် ပြုခြင်းငှာ မစွမ်းနိုင်လေသလော”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- ထိုတက္ကတွန်း၏စကားဖြင့် တပည့်တော်မ၏စိတ်သည် အာရုံတစ်ပါးသို့ တုန်လှုပ်ပြေးသွားသဖြင့် မကြည်သာေသာအဖြစ်သို့ ရောက်ရပါသည်ဘုရား”ဟု လျှောက်ကြားလတ်သော် မြတ်စွာဘုရားသည် “ဒါယိကာမကြီး- ဤသို့သဘောရှိသော ပြောဆိုဆဲရေးသောစကားကို နှလုံးမသွင်းမူ၍ မိမိ၏ ပြုအပ်သောအမှု၊ မပြုအပ်သောအမှုကိုသာလျှင် ဆင်ခြင်ကြည့်ရှုခြင်းငှာ သင့်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

သူများမကောင်းမှု လျစ်လျူရှုပါ

[၅၀] န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။
အတ္တနောဝ အဝေက္ခေယျ၊ ကတာနိ အကတာနိ စ။

ပရေသံ၊ တစ်ပါးသောသူတို့၏။ ဝိလောမာနိ၊ မလျော်ကြမ်းကြုတ် ဝန်တိုသော စကားယုတ်တို့ကို။ န မနသိကာတဗ္ဗာနိ၊ နှလုံးမသွင်းအပ်ကုန်။ ပရေသံ၊ တစ်ပါးသောသူတို့၏။ ကတာကတံ၊ ကောင်းမှု,မကောင်းမှု ပြုအပ်သည် မပြုအပ်သည်ကို။ န ဩလောကေတဗ္ဗံ၊ မကြည့်ရှုအပ်။ အတ္တနောဝ၊ မိမိ၏သာလျှင်။ ကတာနိ စ၊ ကောင်းမှု မကောင်းမှု ပြုသည်တို့ကိုလည်းကောင်း။ အကတာနိ စ၊ကောင်းမှု မကောင်းမှု မပြုသည်တို့ကိုလည်းကောင်း။ အဝေက္ခေယျ၊ ရှုဆင်ခြင်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုဥပါသိကာမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ လူများအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ပါဝေယျကမည်သော တက္ကတွန်းဝတ္ထု ပြီး၏။