မာတိကာသို့ ခုန်သွားရန်

မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု

ဝီကီရင်းမြစ် မှ
2473ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၅။ မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ပုပ္ဖဝဂ်

၅။ မစ္ဆရိယ ကောသိယသူဌေး ဝတ္ထု

ယထာပိ ဘမရော ပုပ္ဖံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် မစ္ဆရိယ ကောသိယသူဌေးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူဌေးကြီး၏ နှမျောတွန့်တိုပုံ

ရာဇဂြိုဟ်ပြည်၏ မနီးမဝေးသောအရပ်၌ သက္ကာရ အမည်ရှိသော နိဂုံးသည် ရှိလေသတတ်။ ထိုနိဂုံး၌ ကုဋေရှစ်ဆယ်ဥစ္စာကြွယ်သော မစ္ဆရိယ ကောသိယမည်သော သူဌေးကြီးတစ်ဦးသည် နေ၏။ ထိုသူဌေးသည် မြက်ပင်ဖျားဖြင့် ဆီတစ်ပေါက်မျှလောက်ကိုလည်း သူတစ်ပါးတို့အား မပေးမလှူ၊ မိမိလည်း မသုံးဆောင် မခံစား။ ထို့ကြောင့် ထိုသူဌေးကြီးအား ထိုမျှလောက်သော စည်းစိမ်ဥစ္စာသည် ဖြစ်လေ၏။ သားမယားစသော သူတို့အားလည်းကောင်း၊ ရဟန်းပုဏ္ဏားတို့အားလည်းကောင်း တစ်စုံတစ်ခုမျှသော အကျိုးစီးပွားကို မပြီးစေနိုင်။ ရက္ခိုက်ဘီလူး သိမ်းဆည်း၍ထားအပ်သော ရေကန်ကြီးကဲ့သို့ မသုံးဆောင်ထိုက်သော အရာဖြစ်၍ တည်၏။ မြတ်စွာဘုရားသည် တစ်နေ့သ၌ မိုးသောက်ယာမ် နံနက်စောစော မဟာကရုဏာသမာပတ်မှ ထတော်မူလျက် အလုံးစုံသော လောကဓာတ်၌ သစ္စာလေးပါးသိခြင်းငှာ ထိုက်သော ဝေနေယျတို့ကို ကြည့်ရှုတော်မူလတ်သည်ရှိသော် လေးဆယ့်ငါးယူဇနာထက်၌ နေထိုင်လျက်ရှိသော မစ္ဆရိယ ကောသိယသူဌေးကြီး၏ သူဌေးကတော်ကြီးနှင့်တကွ သောတာပတ္တိဖိုလ်ရအံ့သော အကြောင်း ဥပနိဿယကို မြင်တော်မူလေ၏။

ထိုဘုရားရှင် မြင်တော်မူသောနေ့မှ ရှေးဖြစ်သော တစ်နေ့၌ကား ထိုသူဌေးကြီးသည် မင်းကြီးသို့ ဆည်းကပ် ခစားခြင်းငှာ မင်း၏နန်းတော်သို့သွား၍ မင်းခစားခြင်းကိုပြု၍ ပြန်လာခဲ့သည်ရှိသော် ဆာလောင်မွတ်သိပ်ခြင်း ကိုယ်တွင်းရှိသော ဇနပုဒ်သားတစ်ယောက် မုယောမုန့်ဖြစ်သော မုန့်အိုးကင်း (ဂျုံမှုန့်ဖြင့်ပြုအပ်သော နံပြား, ပလာတာစသော မုန့်မျိုးတည်း။) စားနေသည်ကို မြင်ရသဖြင့် ထိုမုန့်၌ စားလိုသော အာသာဆန္ဒကို ဖြစ်စေလျက် မိမိ၏အိမ်သို့ ရောက်လတ်သော် ကြံစည်ပုံကား “ငါသည် မုန့်အိုးကင်းကို စားလိုသည်ဟု အကယ်၍ ဆိုငြားအံ့၊ များစွာသော လူတို့သည် ငါနှင့်အတူ စားလိုကုန်လတ္တံ့၊ ဤသို့အများစားကြသော် ငါ၏ များစွာသော နှမ်း, ဆန်, ထောပတ်, တင်လဲ စသည်တို့သည် ကုန်ခြင်းသို့ ရောက်ကုန်လတ္တံ့၊ တစ်စုံတစ်ယောက်အားမျှ မပြောကြားတော့အံ့”ဟု ကြံစည်၍ စားလိုသောတဏှာကို သည်းခံလျက် သွားလာလှည့်ပတ်၏။ ထိုသူဌေးလည်း ကာလရှည်ကြာလတ်သော် ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းရှိသည်ဖြစ်၍ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသည် ဖြစ်လေ၏။ ထို့နောက်မှ စားလိုသောတဏှာကို သည်းခံခြင်းငှာ မတတ်နိုင်ရကား တိုက်ခန်းတွင်းသို့ဝင်၍ ညောင်စောင်း၌ တက်၍ အိပ်လေ၏။ ဤသို့ပင် ဖြစ်သော်လည်း ဥစ္စာကုန်အံ့သောဘေးမှ ကြောက်သောကြောင့် တစ်စုံတစ်ယောက်သောသူအား တစ်ခွန်းသောစကားကိုမျှ မပြောမဆိုဘဲ တိတ်တဆိတ်သာ နေလေ၏။

ထိုအခါ သူဌေးကြီးကို သူဌေးကတော်သည် ချဉ်းကပ်၍ ကျောက်ကုန်းကို ဆုပ်နယ်သုံးသပ်လျက် “အရှင်သူဌေး- အရှင်အား အဘယ်သို့သော မချမ်းသာခြင်းသည် ဖြစ်လေသနည်း”ဟု မေးမြန်းလေ၏။ “ငါ့အား တစ်စုံတစ်ခုသော မချမ်းသာခြင်းသည် မရှိပေ”ဟု ပြောဆိုလတ်သော် “အရှင်သူဌေးကြီးအား မင်းကြီး အမျက်ထွက်လေသလော”ဟု မေးပြန်လေ၏။ “ငါ့အား မင်းကြီးသည်လည်း အမျက်မထွက်”ဟု ဆိုလတ်သော် “ယင်းသို့ဖြစ်မူ အသို့ပါနည်း၊ အရှင့်အား သားသမီးတို့သည်လည်းကောင်း၊ ကျွန်အမှုလုပ် အစရှိသော သူတို့သည်လည်းကောင်း၊ တစ်စုံတစ်ခုသော မနှစ်သက်ဖွယ်အမှုကို ပြုခြင်းရှိပါသလော”ဟု မေးပြန်လေ၏။ “ထိုသို့သဘောရှိသော အကြောင်းတစ်စုံတစ်ရာသည်လည်း မရှိ”ဟု ဆိုပြန်သော် “အရှင့်အား တစ်စုံတစ်ခုသောဝတ္ထု၌ စွဲလမ်းသော တဏှာသည် ရှိပါသလော”ဟု မေးမြန်းပြန်လေ၏။ ဤသို့ပင် မေးမြန်းပြောဆိုသော်လည်း ဥစ္စာကုန်အံ့သောဘေးမှ ကြောက်သောကြောင့် တစ်ခွန်းသော စကားကိုမျှမဆိုမူ၍ အသံ တိတ်ဆိတ်သည်ဖြစ်၍သာလျှင် အိပ်နေလေ၏။

ထိုအခါ သူဌေးကြီးကို သူဌေးကတော်သည် “အရှင် ပြောသာ ပြောပေါလော့၊ အရှင့်အား တစ်စုံတစ်ခုသော ဝတ္ထု၌ စွဲလမ်းသောတဏှာ ရှိပါသလော”ဟု ဆိုပြန်သော် သူဌေးကြီးသည် ထိုသူဌေးကတော်၏စကားကို အလွန်ပင်ပန်းသကဲ့သို့ပြု၍ “ငါ့အား စွဲလမ်းသော တဏှာသည် ရှိ၏”ဟု ဆိုလေ၏။ “အရှင်- အဘယ် စွဲလမ်းသောတဏှာ ဖြစ်သနည်း”ဟု မေးပြန်သော် မုန့်အိုးကင်းကို စားခြင်းငှာ အလိုရှိကြောင်း ပြောကြားလေ၏။ “ထိုသို့ဖြစ်လျက် ထိုအကြောင်းကို အဘယ့်ကြောင့် မပြောကြားလေသနည်း၊ အရှင်သည် လူမွဲဖြစ်သလော၊ ယခုပင်လျှင် အလုံးစုံသော မြို့နိဂုံး၌နေသော သူတို့အား စားလောက်အောင် မုန့်အိုးကင်းကို ကြော်ပါအံ့”ဟု ဆိုလတ်သော် “ထိုမြို့နိဂုံး၌နေသော သူတို့ဖြင့် အသင့်အား အဘယ်အကျိုးရှိအံ့နည်း၊ မိမိအမှုကို ပြုလုပ်၍ စားကုန်လတ္တံ့”ဟု ဆိုလေ၏။

“ယင်းသို့ဖြစ်မူ လမ်းတစ်လမ်းတည်း၌နေသော သူတို့အား စားလောက်အောင် မုန့်အိုးကင်းတို့ကို ကြော်ပါအံ့”ဟု ဆိုပြန်သော် “သင်၏ ဥစ္စာများစွာ ကြွယ်ဝသည့်အဖြစ်ကို ငါသိ၏”ဟု ဆိုလေ၏။ “ဤအိမ်အနီးအပါး ထက်ဝန်းကျင်၌ နေသောသူအားလုံးတို့အား စားလောက်အောင်ပြု၍ ကြော်ပါအံ့”ဟု ဆိုပြန်သော် “သင်၏ ကြီးကျယ်သော အလိုဆန္ဒရှိသည့်အဖြစ်ကို ငါသိ၏”ဟု ဆိုလေ၏။ “ယင်းသို့ဖြစ်မူ သင်သူဌေးကြီး၏ သားမယားမျှလောက်သာ စားလောက်ရုံပြု၍ ကြော်ပါအံ့”ဟု ဆိုပြန်သော် “ထိုသားမယားတို့ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆိုလေ၏။ “အရှင်သူဌေးကြီးနှင့် ကျွန်တော်မအား စားလောက်ရုံပြု၍ ကြော်ရမည်လော”ဟု ဆိုပြန်သော် “သင့်ကို အဘယ်သို့ ပြုအံ့နည်း”ဟု ဆိုပြန်လေ၏။ “ထိုသို့ဖြစ်မူ အရှင်သူဌေးကြီးတစ်ယောက်အား စားလောက်ရုံပြု၍ ကြော်ပါအံ့”ဟု ဆိုသောအခါ “လူအများ မြင်ရာအရပ်၌ ကြော်သည်ရှိသော် လူအများတို့ လိုချင်တောင့်တကြကုန်လတ္တံ့။ ဆန်ကောင်းတို့ကို ဖယ်ထား၍ ဆန်ကွဲတို့ကိုလည်းကောင်း၊ ဖိုခနောက်, အိုးကင်းတို့ကိုလည်းကောင်း ယူ၍ အတန်ငယ်သော နို့ရည်, ထောပတ်, ပျား, တင်လဲကိုလည်းကောင်း ယူ၍ ဘုံခုနှစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်ထပ်သို့တက်၍ ကြော်ရမည်၊ ထိုအထက်ထပ်၌ ငါတစ်ယောက်တည်းသာ နေထိုင်၍ စားမည်”ဟု ဆိုလေ၏။

ရှင်မောဂ္ဂလာန်၏ တန်ခိုး

သူဌေးကတော်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ ယူသင့်သမျှကို ယူစေပြီးလျှင် ပြာသာဒ်ထက်သို့တက်၍ ကျွန်မတို့ကို စေလွှတ်၍ သူဌေးကြီးကို ခေါ်စေလေ၏။ သူဌေးကြီးသည် အစတံခါးမှစ၍ တံခါးတို့ကိုပိတ်၍ တံခါးဟူသမျှတို့၌ ကျည်ငယ် ကျည်မတို့ကိုပေး၍ (မင်းတုတ်လျှို၍) ခုနစ်ဆင့်မြောက်သော အထပ်သို့တက်ပြီးလျှင် ထိုအထပ်၌လည်း တံခါးပိတ်၍ နေထိုင်လေ၏။ သူဌေးကတော်ကြီးသည်လည်း ဖိုခနောက်၌ မီးမွှေး၍ အိုးကင်းကို တင်ပြီးလျှင် မုန့်ကိုကြော်ခြင်းငှာ အားထုတ်လေ၏။

ထိုအခါ၌ကား မြတ်စွာဘုရားသည် နံနက်စောစောကပင်လျှင် အရှင်မောဂ္ဂလာန်မထေရ်ကို ခေါ်တော်မူ၍ မိန့်တော်မူလေ၏။ “ချစ်သား မောဂ္ဂလာန်- ရာဇဂြိုဟ်၏ မနီးမဝေးဖြစ်သော သက္ကာရနိဂုံး၌ မစ္ဆရိယသူဌေးသည် မုန့်အိုးကင်းတို့ကို စားအံ့ဟု သူတစ်ပါးတို့ မြင်အံ့သည်မှ ကြောက်သဖြင့် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၌ မုန့်အိုးကင်းတို့ကို ကြော်စေ၏။ သင်သည် ထိုအရပ်သို့သွား၍ သူဌေးကြီးကို ဆုံးမလျက် အဆိပ်အတောက်မရှိသည်ကို ပြုသဖြင့် နှစ်ယောက်စလုံးဖြစ်ကုန်သော ဇနီးခင်ပွန်းတို့ကိုလည်း မုန့်တို့ကိုလည်းကောင်း၊ နို့ရည်, ထောပတ်, ပျား, တင်လဲတို့ကိုလည်းကောင်း ယူစေ၍ မိမိ၏တန်ခိုးအာနုဘော်ဖြင့် ဇေတဝန်ကျောင်းတော်သို့ ဆောင်ခဲ့လော့။ ယနေ့ ငါဘုရားသည် ငါးရာသော ရဟန်းတို့နှင့်တကွ ဇေတဝန်ကျောင် တော်၌သာလျှင် နေတော်မူအံ့၊ မုန့်တို့ဖြင့်သာလျှင် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူအံ့”ဟု မိန့်တော်မူလေ၏။ ရှင်မဟာမောဂ္ဂလာန် မထေရ်သည်လည်း “ကောင်းလှပါပြီ မြတ်စွာဘုရား”ဟု ဝန်ခံပြီးလျှင် ထိုခဏ၌ တန်ခိုးတော်အစွမ်းဖြင့် ထိုနိဂုံးသို့သွား၍ ထိုဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ ခြင်္သေ့ရုပ်ခံသော လေသာပြူတင်းတံခါး၌ ကောင်းစွာဝတ်လျက် ကောင်းစွာရုံလျက် ကောင်းကင်၌ပင် ပတ္တမြားဆင်းတုကဲ့သို့ ရပ်တည်နေလေ၏။ ရှင်မောဂ္ဂလာန်ကို မြင်လျှင်မြင်ချင်း သူဌေးကြီး၏ နှလုံးသားသည် တုန်လှုပ်လေ၏။

ထိုသူဌေးကြီးသည် “ငါကား ဤသို့သဘောရှိသောသူတို့၏ မြင်အံ့သည်မှ ကြောက်သောကြောင့်သာ ဤအရပ်သို့လာ၏။ ဤရဟန်းသည် ကောင်းကင်ခရီး၌ ကြွသွားစဉ် လေသာပြူတင်းတံခါး၌ ရပ်လာဘိ၏တကား”ဟု တုန်တုန်လှုပ်လှုပ် ဖြစ်လေ၏။ သူဌေးကြီးသည် ယူသင့်ယူထိုက်သော ပစ္စည်းဝတ္ထုကို ကြည့်ရှုထင်ထင် မမြင်နိုင်ဘဲ မီး၌ ထည့်အပ်သော ဆားပွင့်ကဲ့သို့ အမျက်ဒေါသဖြင့် တဖျစ်ဖျစ် တတောက်တောက်မြည်လျက် “ရှင်ရဟန်း- ကောင်းကင်၌ ရပ်တည်၍နေသော်လည်း အရှင်သည် အဘယ်ကို ရလတ္တံ့နည်း၊ ခြေရာမထင်သော ကောင်းကင်၌ ခြေရာကိုပြ၍ စင်္ကြံသွားသော်လည်း မရလတ္တံ့”ဟု ဆိုလေ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် ထိုအရပ်၌ပင် ထိုမှဤမှ စင်္ကြံသွားလေ၏။ သူဌေးကြီးသည် “စင်္ကြံသွားသော်လည်း အရှင်သည် အဘယ်ကို ရလတ္တံ့နည်း၊ ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့် ထိုင်၍နေသော်လည်း မရလတ္တံ့သည်သာတည်း”ဟု ဆိုလေ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေလျက် နေတော်မူလေ၏။

ထို့နောက် ရှင်မောဂ္ဂလာန်မထေရ်ကို “ကောင်းကင်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ ကြွလာ၍ လေသာပြူတင်း တံခါးခုံ၌ ရပ်သော်လည်း တစ်စုံတစ်ခုကိုမျှ မရလတ္တံ့”ဟု ဆိုပြန်၏။ ရှင်မောဂ္ဂလာန်သည် လေသာပြူတင်း တံခါးခုံ၌ ရပ်လေ၏။ ထိုအခါ ရှင်မောဂ္ဂလာန်ကို “ပြူတင်းတံခါးခုံ၌ ရပ်သော်လည်း အဘယ်ကို ရလတ္တံ့နည်း၊ အခိုးလွှတ်သော်လည်း တစ်စုံတစ်ခုကိုမျှ မရလတ္တံ့သည်သာတည်း”ဟု ဆိုပြန်လေ၏။ ရှင်မောဂ္ဂလာန်လည်း အခိုးလွှတ်တော်မူ၏။ အလုံးစုံသော ပြာသာဒ်သည် တစ်ခဲနက် အခိုးအတိ ဖြစ်၏။ သူဌေးကြီး၏မျက်စိတို့ကို အပ်ဖြင့် ထိုးဆွဘိသကဲ့သို့ ဖြစ်လေ၏။ အိမ်ကို မီးလောင်အံ့သည်မှ ကြောက်သောကြောင့် “အရှင်ရဟန်းသည် ထိန်ထိန်ပြောင်ပြောင် အလျှံလွှတ်သော်လည်း တစ်စုံတစ်ခုကိုမျှ မရပေလတ္တံ့”ဟူသော ဤစကားကို မဆိုမူ၍ “ဤရဟန်းသည် လွန်စွာကပ်ငြိခြင်းရှိ၏၊ မရလျှင် သွားလိမ့်မည်မဟုတ်၊ ထို့ကြောင့် ထိုရဟန်းအား မုန့်တစ်ယှက်ကို ပေးစေအံ့”ဟုကြံ၍ သူဌေးကတော်ကြီးကို “ရှင်မ- မုန့်ငယ်တစ်ယှက် ကြော်ပြီးလျှင် ရဟန်းအားပေး၍ လွှတ်လိုက်လော့”ဟု ဆိုလေ၏။ သူဌေးကတော်သည်လည်း အနည်းငယ်မျှသော မုန့်ညက်ကို အိုးကင်းခွက်၌ ထည့်လိုက်လေရာ ကြီးစွာသော မုန့်ကြီးဖြစ်၍ မုံ့အိုးကင်းတစ်ခွက်လုံးကို ပြည့်စေလျက် ဖောင်းဖောင်းပွပွဖြစ်၍ တည်လေ၏။

သူဌေးကြီးသည် ထိုမုန့်အိုးကင်းကိုမြင်လျှင် “သင်သည် များစွာသော မုန့်ညက်ကို ယူအပ်သည်ဖြစ်လတ္တံ့”ဟုဆို၍ ကိုယ်တိုင် ယောက်မဖျား အနားထောင့်စွန်းဖြင့် အနည်းငယ်သော မုန့်ညက်ကိုယူ၍ ထည့်လိုက်၏။ မုန့်သည် ရှေးမုန့်ထက် အလွန်ကြီးသော မုံ့ဖြစ်လေ၏။ ဤသို့လျှင် အကြင်အကြင် ငယ်သည်ထက် ငယ်စွာသော မုန့်ကိုကြော်၏။ ထိုထိုမုန့်သည် ကြီးသည်ထက်ကြီးသော မုန့်သာလျှင်ဖြစ်၏။ သူဌေးကြီးသည် ငြီးငွေ့သည်ဖြစ်၍ သူဌေးကတော်ကြီးကို “ချစ်နှမ- ဤရဟန်းအား မုန့်တစ်ယှက် လှူလိုက်လော့”ဟု ဆိုလေ၏။ သူဌေးကတော်ကြီးသည်လည်း မုန့်တောင်းမှ မုန့်တစ်ယှက်ကို ယူသည်ရှိသော် အလုံးစုံသော မုန့်တို့သည် တစပ်တည်း ကပ်ငြိကြလေကုန်၏။ သူဌေးကတော်သည်လည်း သူဌေးကြီးကို “အရှင်သူဌေးကြီး- အလုံးစုံသော မုန့်တို့သည် တပေါင်းတည်း ကပ်ငြိကြပါကုန်၏။ တစ်ယှက်စီခွဲခြင်းငှာ မစွမ်းနိုင်ပါ”ဟု ပြောကြား၏။

ထိုအခါ သူဌေးကြီးက “ငါပြုအံ့”ဟု ဆိုပြီးလျှင် သူဌေးကြီးသည်လည်း ပြုခြင်းငှာမတတ်နိုင်၊ နှစ်ယောက်သော သူတို့သည် အစွန်း၌ကိုင်၍ ဆွဲငင်ကြကုန်သော်လည်း ထိုမုန့်ကို ခွဲခြင်းငှာ မတတ်နိုင်ကြကုန်သည်သာတည်း။ ထိုသို့သူဌေးကြီးသည် မုန့်တို့နှင့်တကွ လုံ့လပြုစဉ်ပင်လျှင် ကိုယ်မှချွေးတို့သည် ဖြိုင်ဖြိုင်ယိုထွက်ကုန်၏။ စားလိုသော အာသာဆန္ဒသည် ပြတ်စဲလေ၏။ ထို့နောက်မှ သူဌေးကတော်ကြီးကို “ချစ်နှမ- ငါ့အား ဤမုန့်တို့ဖြင့် စားခြင်းငှာ အလိုမရှိတော့ပြီ၊ တောင်းနှင့်တကွသာလျှင် ဤရဟန်းအား ပေးလှူလိုက်ပါလော့”ဟုဆိုရကား သူဌေးကတော်သည်လည်း တောင်းကိုယူ၍ ရှင်မောဂ္ဂလာန် မထေရ်သို့ ချဉ်းကပ်ကာ လှူဒါန်းလေ၏။ ရှင်မောဂ္ဂလာန်မထေရ်မြတ်သည် နှစ်ယောက်ကုန်သော သူတို့အားလည်း တရားဓမ္မကိုလည်း ဟောပြတော်မူလေ၏။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကိုလည်း ပြောကြားတော်မူလေ၏။ “အတ္ထိ ဒိန္နံ၊ အတ္ထိ ယိဋ္ဌံ” စသည်ဖြင့် အလှူဒါနတို့၏ အကျိုးကိုလည်း ကောင်းကင်ပြင်၌ လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ပြတော်မူလေ၏။

သူဌေးကြီးလင်မယား သောတာပန်တည်ခြင်း

ထိုတရားစကားကို ကြားနာရလျှင် ကြည်လင်သော စိတ်ရှိသည်ဖြစ်၍ သူဌေးကြီးသည် “အရှင်မြတ်ဘုရား- ကြွလာတော်မူ၍ ဤပလ္လင်ထက်၌ နေထိုင်တော်မူလျက် ဘုဉ်းပေးတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ မထေရ်လည်း “ဒါယကာသူဌေးကြီး- မြတ်စွာဘုရားသည် “မုန့်တို့ကို ဘုဉ်းပေးတော်မူလိုသည်”ဟု ရဟန်းငါးရာတို့နှင့်တကွ ကျောင်းတော်၌ နေတော်မူ၏။ သင်တို့အား အလိုရှိလတ်သော် သင်တို့ကို ငါဆောင်ကြဉ်းအံ့”ဟု မိန့်တော်မူသဖြင့် သူဌေးကြီးသည် သူဌေးကတော်ကို “မုန့်တို့ကိုလည်းကောင်း၊ နို့ရည် စသည်တို့ကိုလည်းကောင်း ယူစေကုန်လော့၊ ဘုရားရှင်အထံတော်သို့ သွားကြကုန်စို့အံ့”ဟု ဆိုပြီးလျှင် “အရှင်ဘုရား- ယခုအခါ မြတ်စွာဘုရားသည် အဘယ်အရပ်၌ နေတော်မူပါသနည်း”ဟု မေးလျှောက် လေ၏။ “ဒါယကာသူဌေးကြီး- ဤနိဂုံးမှ လေးဆယ့်ငါးယူဇနာထက်၌ ဇေတဝန် ကျောင်းတော်တွင် နေတော်မူ၏”ဟု မိန့်တော်မူလတ်သော် “အရှင်ဘုရား- မွန်းတည့်ကာလကို မလွန်မူ၍ ဤမျှ အဓွန့်ရှည်ဝေးသောခရီးကို အဘယ်သို့သောနည်းဖြင့် သွားနိုင်ကြပါကုန်အံ့နည်း”ဟု လျှောက်လေ၏။

“ဒါယကာသူဌေးကြီး- သင်တို့အား အလိုရှိလတ်သော် ငါသည် သင်တို့ကို မိမိတန်ခိုးအာနုဘော်ဖြင့် ဆောင်ကြဉ်းပေးအံ့၊ သင်တို့၏ ပြာသာဒ်၌ စောင်းတန်းဦးသည် မိမိ၏နေရာ၌သာလျှင်ဖြစ်လတ္တံ့၊ သင်တို့၏ စောင်းတန်းအဆုံး ခြေရင်းသည် ဇေတဝန်ကျောင်းတော်တံခါးမုခ်ဦး၌ ဖြစ်လတ္တံ့။ ပြာသာဒ်အထက်အပြင်မှ ပြာသာဒ်အောက်အပြင်သို့ သက်ဆင်းသောကာလမျှဖြင့်သာလျှင် ဇေတဝန်ကျောင်းတော်သို့ ဆောင်ကြဉ်းအံ့”ဟု မိန့်တော်မူလတ်သော် သူဌေးကြီးသည် “ကောင်းလှပါပြီ အရှင်ဘုရား”ဟု ဝန်ခံလေ၏။ အရှင်မောဂ္ဂလာန်မထေရ်သည် “စောင်းတန်းဦးကို ထိုနေရာ၌သာလျှင်ပြု၍ စောင်းတန်းခြေရင်းသည် ဇေတဝန်ကျောင်းတော်၏ တံခါးမုခ်၌ ဖြစ်စေသတည်း”ဟု ဓိဋ္ဌာန်တော်မူလျှင် ဓိဋ္ဌာန်တော်မူတိုင်းသာလျှင် ဖြစ်လေ၏၊ ဤသို့ ရှင်မောဂ္ဂလာန်မထေရ်သည် သူဌေးကြီးကိုလည်းကောင်း၊ သူဌေးကတော်ကြီးကိုလည်းကောင်း ပြာသာဒ်အထက်မှ ပြာသာဒ်အောက်သို့ သက်ဆင်းသောကာလထက်ပင် အလွန်လျင်မြန်စွာ ဇေတဝန်ကျောင်းတော်သို့ ရောက်စေတော်မူလေ၏။

ထိုသူဌေးလင်မယား နှစ်ဦးတို့သည်လည်း ဘုရားရှင်သို့ချဉ်းကပ်၍ ဆွမ်းဘုဉ်းပေးတော်မူရန် အချိန်ကာလကို လျှောက်ကြားကြလေကုန်၏။ ဘုရားရှင်လည်း ဆွမ်းစားဇရပ်သို့ ဝင်တော်မူ၍ ခင်းထားအပ်သော မြတ်သောဘုရားနေရာတော်ထက်၌ ရဟန်းသံဃာတော်အပေါင်းနှင့်တကွ နေထိုင်တော်မူလေ၏။ သူဌေးကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား မြတ်သောအလှူရေစက်ကို ပေးလှူလေ၏။ သူဌေးကတော်သည်လည်း ဘုရားရှင်၏ သပိတ်တော်၌ မုန့်ကို လောင်းထည့်လေ၏။ ဘုရားရှင်သည် ကိုယ်တော်မြတ်အား မျှတလောက်အောင်သော မုန့်ကို ခံယူတော်မူ၏။ ငါးရာသောရဟန်းတို့သည်လည်း မျှတလောက်အောင်သာ ခံယူတော်မူကြကုန်၏။ သူဌေးကြီးသည် နို့, ထောပတ်, ပျားသကာ စသည်တို့ကို ပေးလှူလတ်သည်ရှိသော် ကုန်ခြင်းသို့ မရောက်လေပြီ၊ ဘုရားရှင်သည် ငါးရာသောရဟန်းတို့နှင့်တကွ မုန့်ဆွမ်းကိစ္စကို ပြီးစီးစေတော်မူ၏။ သူဌေးကြီးသည်လည်း မယားနှင့်တကွ အလိုရှိသမျှ သုံးဆောင်စားသောက်လေ၏။ မုန့်တို့ကား ကုန်သည်ဟူ၍ မရှိပေ။ ကျောင်းတိုက်တစ်ခုလုံး၌ ရဟန်းသာမဏေတို့အားလည်းကောင်း၊ စားကြွင်းစားတို့အားလည်းကောင်း ပေးကုန်သော်လည်း မုန့်တို့သည် မကုန်။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မုန့်တို့သည် ကုန်ခန်းခြင်းသို့ မရောက်နိုင်ကြပါကုန်ဘုရား”ဟု ဘုရားရှင်အား လျှောက်ကြားကြကုန်၏။ “ထိုသို့ဖြစ်မူ ဇေတဝန်ကျောင်းတော် တံခါးမုခ်ဦး၌ စွန့်ပစ်စေကြကုန်လော့”ဟု မိန့်တော်မူသောအခါ ထိုမုန့်တို့ကို တံခါးမုခ်ဦး၏မနီးမဝေး ချိုင့်ဝှမ်းရာအရပ်၌ စွန့်ပစ်ကြလေကုန်၏။

(ယခုထက်တိုင်လည်း ထိုအရပ်သည် မုန့်အိုးကင်းစွန့်ရာ ချောက်ဖြစ်သောကြောင့် ကပလ္လပူဝပဗ္ဘာရ ဟူ၍သာလျှင် ထင်ရှားလေ၏။)

သူဌေးကြီးသည် သူဌေးကတော်နှင့်တကွ ဘုရားရှင်သို့ချဉ်းကပ်၍ ရှိခိုးဦးချလျက် တင့်အပ်လျောက်ပတ်သောအရပ်၌ တည်နေ၏။ မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူလေ၏။ တရားအနုမောဒနာအဆုံး၌ သူဌေးလင်မယား နှစ်ယောက်စလုံးတို့သည်လည်း သောတာပတ္တိဖိုလ်၌တည်၍ ဘုရားရှင်ကိုရှိခိုးလျက် ဇေတဝန်ကျောင်းတော် တံခါးမုခ်ဦး၌ ပြာသာဒ်စောင်းတန်းသို့တက်၍ မိမိပြာသာဒ်၌သာ တည်နေကြလေကုန်၏။ ထိုနေ့မှစ၍ သူဌေးကြီးသည် ကုဋေရှစ်ဆယ်သောဥစ္စာကို ဘုရားသာသနာတော်၌သာလျှင် စွန့်ကြဲလှူဒါန်းလေ၏။

တစ်ဖန် မိုးသောက်သောနေ့ ညချမ်းသောအခါ၌ တရားသဘင်ဝယ် စည်းဝေးကုန်သော ရဟန်းတို့သည် “ငါ့ရှင်တို့- ရှင်မောဂ္ဂလာန်မထေရ်၏ အာနုဘော်ကို ကြည့်ကြပါကုန်လော့၊ သဒ္ဓါတရားကို မထိခိုက်စေမူ၍ စည်းစိမ်ဥစ္စာတို့ကို မထိခိုက်ပါစေမူ၍ မစ္ဆရိယသူဌေးကြီးကို တစ်ခဏချင်းဖြင့်သာလျှင် ဆုံးမ၍ အဆိပ်အတောက် ကင်းပျောက်သည်ကိုပြုလျက် မုန့်တို့ကို ယူစေပြီးလျှင် ဇေတဝန်ကျောင်းတော်သို့ ဆောင်ကြဉ်းခဲ့သဖြင့် ဘုရားရှင်မျက်မှောက် ရောက်သည်ကိုပြု၍ သောတာပတ္တိဖိုလ်၌ တည်စေတော်မူပေပြီ။ ရှင်မောဂ္ဂလာန်မထေရ်သည် အံ့ဩဖွယ် အလွန်တန်ခိုးအာနုဘော်ရှိပေစွ”ဟု ရှင်မောဂ္ဂလာန်မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ပြောကြားလျက် နေကြလေကုန်၏။

ဘုရားရှင်သည်လည်း ဒိဗ္ဗသောတ အဘိညာဉ်ဖြင့် ရဟန်းတို့၏စကားကို ကြားတော်မူသဖြင့် ကြွလာတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာဆဲအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူလျှင် “ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်သည်ဘုရား”ဟု နားတော် လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ဒါယကာကို ဆုံးမတတ်သော ရဟန်းမည်သည် သဒ္ဓါတရားကို မထိခိုက်စေမူ၍ စည်းစိမ်ဥစ္စာတို့ကို မထိခိုက်စေမူ၍ အမျိုးကောင်းဒါယကာကို မပင်မပန်း မညစ်နွမ်းစေမူ၍ မညှဉ်းဆဲ မနှိပ်စက်မူ၍ ပန်းပွင့်မှ ဝတ်ဆံဝတ်မှုန်ကို ဆွတ်ခြွေယူသော ပျားပိတုန်းကဲ့သို့ ချဉ်းကပ်၍ ဘုရားရှင်၏ဂုဏ်ကျေးဇူးကို သိစေအပ်၏။ ငါ၏သားတော်ဖြစ်သော မောဂ္ဂလာန်သည်ကား ထိုသို့သဘောရှိပေ၏”ဟု မထေရ်မြတ်ကို ချီးမွမ်းတော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၄၉] ယထာပိ ဘမရော ပုပ္ဖံ၊ ဝဏ္ဏဂန္ဓမဟေဌယံ။
ပလေတိ ရသမာဒါယ၊ ဧဝံ ဂါမေ မုနီ စရေ။

ဘမရော၊ ပျားပိတုန်းသည်။ ပုပ္ဖံပိ၊ ပန်းပွင့်ကိုလည်းကောင်း။ ဝဏ္ဏဂန္ဓံပိ၊ အဆင်းအနံ့ကိုလည်းကောင်း။ အဟေဌယံ-အဟေဌယန္တော၊ မပျက်စီးစေမူ၍။ ရသံ၊ ပန်းရည် ပန်းရက်ကို။ အာဒါယ၊ စုပ်ယူ၍။ ပလေတိ ယထာ၊ ပျံသွားသကဲ့သို့။ ဧဝံ၊ ဤအတူ။ ဂါမေ၊ ရွာ၌။ မုနိ၊ ရဟန်းသည်။ စရေ၊ ကျင့်ရာ၏။

(ဆန်းကျမ်း စည်းကမ်းကြောင့် “မုနီ”ဟု ဒီဃဖြစ်သွားသော်လည်း အနက်ပေးသောအခါ ပင်ကိုအတိုင်း “မုနိ”ဟုရဿဖြင့် ပေးရသည်။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဣလ္လိသဇာတ်တော် အကျဉ်းချုပ်

သဗ္ဗညုမြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဟောတော်မူ၍ ထို့ထက်အလွန်လည်း ရှင်မောဂ္ဂလာန်မထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ထင်ရှားစွာပြုခြင်းငှာ “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် မောဂ္ဂလာန်သည် မစ္ဆရိယသူဌေးကို ဆုံးမသည်မဟုတ်သေး၊ ရှေး၌လည်း ထိုသူဌေးကိုဆုံးမ၍ ကံအကျိုးနှင့်စပ်သည်ကို သိစေဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤသို့သောအကြောင်းကို ထင်ရှားစွာ ပြလိုရကား ရှေးလွန်လေပြီးသော အတိတ်ကို ဆောင်တော်မူ၍-

ဥဘော ခဉ္ဇာ ဥဘော ကုဏီ၊ ဥဘော ဝိသမစက္ခုကာ။
ဥဘိန္နံ ပိဠကာ ဇာတာ၊ နာဟံ ပဿာမိ ဣလ္လိသံ။

ဥဘော၊ နှစ်ယောက်သောသူတို့သည်။ ခဉ္ဇာ၊ ခွင်ကြကုန်၏။ ဥဘော၊ နှစ်ယောက်သောသူတို့သည်။ ကုဏီ၊ ကောက်သောလက် ရှိကြကုန်၏။ ဥဘော၊ နှစ်ယောက်သောသူတို့သည်။ ဝိသမစက္ခုကာ၊ မညီညွတ်သောမျက်စိ ရှိကြကုန်၏။ ဥဘိန္နံ၊ နှစ်ယောက်သောသူတို့အား။ ပိဠကာ၊ အနာအဖုတို့သည်။ ဇာတာ၊ ပေါက်ရောက်ကြကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ ဣလ္လိသံ၊ ဣလ္လိသသူဌေးကို။ န ပဿာမိ၊ မမြင်ပါ။

ဤသို့သောဂါထာဖြင့် ဤဣလ္လိသဇာတ်ကို (ဤဣလ္လသဇာတ်အကျယ်သည် ငါးရာငါးဆယ် ဧကနိပါတ် ဝရုဏဝဂ်၌ ရှိသည်) ဟောတော်မူလေ၏။

မစ္ဆရိယ ကောသိယ သူဌေးဝတ္ထု ပြီး၏။