မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၅- မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု
၄၉။ ယထာပိ ဘမရော ပုပ္ဖံ၊ ဝဏ္ဏဂန္ဓ မဟေဌယံ။
ပလေတိ ရသမာဒါယ၊ ဧဝံ ဂါမေ မုနီ စရေ။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရာဇဂြိုဟ်မြို့ အနီး သက္ကာရနိဂုံး၌ နေသော ကုဋေ (၈၀) ကြွယ်ဝသော်လည်း မစားရက် မဝတ်ရက် ဖြစ်နေသော မစ္ဆရိယကောသိယ သူဌေးကို အကြောင်းပြု၍ ဟောတော်မူသည်။
အရှင် မဟာမောဂ္ဂလ္လာန်ထေရ်၏ တန်ခိုးတော် ဖြင့် လှူဒါန်း စေသော မုန့်အနုမောဒနာ ဒေသနာတော် အဆုံး၌ မစ္ဆရိယ ကောသိယ သူဌေး နှင့် သူဌေး ကတော် နှစ်ဦးတို့ သောတာပန် တည်ကြ၍ များစွာသော ပုဂ္ဂိုလ်တို့သည် သောတာပန် ဖြစ်ကြသည်။
အနက်
ဘမရော၊ ပျားပိတုန်းသည်။ ပုပ္ဖံ၊ ပန်းပွင့်ကိုလည်းကောင်း။ ဝဏ္ဏဂန္ဓံ၊ အဆင်း အနံ့ကိုလည်းကောင်း။ အဟေဋ္ဌယံ— အဟေဋ္ဌယန္တော၊ မပျက်စီးစေ မူ၍။ ရသံ၊ ပန်းဝတ်ရည်ကို။ အာဒါယ၊ စုတ်ယူ၍။ ပလေတိ ယထာပိ၊ ပျံသွား သကဲ့သို့။ ဧဝံ၊ ဤအတူ သဒ္ဓါနှင့် စည်းစိမ်တို့ကို မပျက်စီးစေပဲ။ ဂါမေ၊ ရွာ၌။ မုနီ၊ ရဟန်းသည်။ စရေ၊ ကျင့်ရာ၏။
စကားပြေ
ပျားပိတုန်းသည် ပန်းပွင့် နှင့် အဆင်းအနံ့တို့ကို မပျက်စီးစေပဲ ပန်းဝတ်ရည်ကို စုတ်၍ ပျံသွားသကဲ့သို့ ရဟန်းတော်များသည် ဒါယကာ ဒါယိကာမများ၏ သဒ္ဓါနှင့် စည်းစိမ်တို့ကို မထိခိုက်စေပဲ ဆွမ်းခံယူကာ ကျင့်သုံးရာ၏။
ဘမရော— ပျားကြီး ပျားလေး ယင်ပျား စသော အလုံးစုံသော ပျားရ၏။
ဧဝံ ဂါမေ မုနီ စရေ ၌ - မုနီ အရ သေက္ခ အနာဂါရိယ မုနီ အသေက္ခ အနာဂါရိယ မုနီ ရ၏။
သေက္ခ မုနီ ကျင့်ပုံ
သေက္ခ ရဟန်းသည် ဒါယကာ ဒါယိကာမ များ၏ သဒ္ဓါနှင့် စည်းစိမ်ကို မပျက်စေပဲ ဆွမ်းကို ခံယူပြီးလျှင် ရေအတွက် ချမ်းသာမည့် ရွာ အပြင်ဘက် တနေရာ၌ သင်္ကန်းကြီးကို ခင်းထိုင်ကာ လှည်းစာထိုး နေရသော လှည်းဥပမဖြင့်လည်းကောင်း၊ ပတ်တီးစီး ထားရသော အနာဥပမာဖြင့်လည်းကောင်း ဆင်ခြင်ပြီး ဆွမ်းစား၍ တောအုပ်သို့ဝင်လျက် မဂ်ဖိုလ်ရအောင် ကမ္မဋ္ဌာန်းအားထုတ်၏။
အသေက္ခ မုနီ ကျင့်ပုံ— အသေက္ခ ရဟန်းသည် မျက်မှောက် ဘဝ၌ ချမ်းသာစွာ နေခြင်းဟူသော သမာပတ်ချမ်းသာဖြင့် နေ၏။
ပါဠိသဒ္ဒါခက်ဆစ်
ဘမရော = ပုပ္ဖမတ္တကေ ဘမတီတိ ဘမရော။ ဘမု + အရ ။
ဝဏ္ဏဂန္ဓံ = ဝဏ္ဏော စ ဂန္ဓော စ ဝဏ္ဏဂန္ဓံ။ ဝဏ္ဏ + ဂန္ဓ။
မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထု ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၄-ပုပ္ဖဝဂ်
၅-မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထုပါဠိဂါထာ
ပလေတိ ရသမာဒါယ, ဧဝံ ဂါမေ မုနီ စရေ။
ဘမရော၊ ပန်းဝတ်ရည်သုံး, ပျားပိတုန်းသည်။ ပုပ္ဖံ၊ ပန်းခြံ ၌စုံ, ပန်းချုံဆင့်ဆင့်, ပွင့်၍နေသော ပန်းကိုလည်းကောင်း။ ဝဏ္ဏဂန္ဓံ၊ လှပသင်းပျံ့, ဆင်းရနံ့ကိုလည်းကောင်း။ အဟေဌယံ၊ မဖိ မနင်း, မညှင်းဆဲဘဲ။ ရသံ၊ ပန်းပွင့်၌တည်, ပန်းဝတ်ရည်ကို။ အာဒါယ၊ နည်းများမဟူ, ရအောင်ယူ၍။ ပလေတိ ယထာ၊ လိုရာ စခန်း, ပျံသန်းသကဲ့သို့။ ဧဝံ၊ ဤအတူ။ မုနိပိ၊ အာသဝေါကင်းစင်, ရဟန်းရှင်သည်လည်း။ ဝါ၊ ဆရာအကြောင်း, ဒကာအကြောင်း ကို, ကောင်းကောင်းမြော်မြင်, ရဟန်းရှင်သည်လည်း။ ဂါမေ၊ မိမိနေရာ, မြို့ပြရွာ၌။ စရေ၊ မေတ္တာကမ္မဋ္ဌာန်း, ရပ်လုံးဖြန်း၍, ဝမ်းရေးတွက်တာ, လှည့်လည်ရာသတည်း။ (ပါ-၄၉)
ဘမရော။ ။ ဘမန္တော ပရိဗ္ဘမန္တော ယာတိ ဂစ္ဆတီတိ ဘမရော၊ [ဘမန္တ+ယာ+အ၊ န္တချေ, ယကို ရပြု၊] (တစ်နည်း) ဘမနံ ပရိဗ္ဘမနံ ဧတဿ အတ္ထီတိ ဘမရော၊ [ဘမ+ရ၊] ဘမတိ ပရိဗ္ဘမတီတိ ဘမရော၊ [ဘမ+အရ၊- ဇာ၊ဋီ၊သစ်၊၁၊၃၅၀။]
မုနီ စရေ။ ။ “မုနိ+စရေ”ဟုဖြတ်၊ ဆန္ဒာနုရက္ခဏအကျိုးငှာ ဒီဃ ပြု၊ စရေ၌ စရဓာတ်, တိဝိဘတ်ကို ဧပြု၊ မောဂ်နိ၊၁၊၅၈၌ “မုနိ+အာစရေ”ဟု ဖြတ်၏။
သမာသ်မုနိ။ ။ မုနာတိ ဇာနာတီတိ မောနံ၊ [မုန+ဏ၊ (တစ်နည်း) မု+ယု၊] (တစ်နည်း) မုနိနော+ဣဒံ မောနံ၊ [မုနိ+ဏ၊-သံ၊ဋ္ဌ၊၅၂၊] မောနေန+ဣတော ဂတော ပဝတ္တောတိ မုနိ၊ [“မောနိ”ဟု ဆိုလိုလျက် ဩကို ဥပြု၊-အပ၊ဋ္ဌ၊၁၊၁၄၂။]
မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထုအဋ္ဌကထာဂါထာ
ဥဘိန္နံ ပိဠကာ ဇာတာ, နာဟံ ပဿာမိ ဣလ္လိသံ။
ဥဘော၊ ၂ယောက်လုံးတို့သည်။ ခဉ္ဇာ၊ ခြေခွင်ကုန်၏။ ဥဘော၊ တို့သည်။ ကုဏီ၊ ကောက်သောလက်ရှိကုန်၏။ ဥဘော၊ တို့သည်။ ဝိသမစက္ခုကာ၊ မညီညာသော မျက်စိရှိကုန်၏။ ဝါ၊ မျက်စိစွေကုန်၏။ ဥဘိန္နံ၊ ၂ယောက်လုံးတို့၏။ (သီသပ္ပဒေသေဥုးခေါင်းအရပ်၌။) ပိဠကာ၊ သဏ္ဌာန်တူစွာ, သွေးစုနာတို့သည်။ ဇာတာ၊ ဖြစ်နေကုန်၏။ ဝါ၊ ပေါက်နေကုန်၏။ အဟံ၊ ကျွန်တော် မျိုးသည်။ (ဣမေသု၊ ဤလူ၂ယောက်တို့တွင်။ ဧကဿာပိ၊ တစ်ယောက်သောသူ၏လည်း။) ဣလ္လိသံ၊ ဣလ္လိလ၏အဖြစ်ကို။ ဝါ၊ ဣလ္လိလဖြစ်ကြောင်းကို။ န ပဿာမိ၊ မသိနိုင်တော့ပါ။ (ဋ္ဌ-၉၃)
မစ္ဆရိယကောသိယသေဋ္ဌိဝတ္ထုဂါထာနိဿယပြီးပြီ။
တဒ္ဓိတ်မုန။ ။ မောနံ+အဿ အတ္ထီတိ မုနိ။ [မောန+ဤ၊ “မောနီ” ဟု ဆိုလိုလျက် ဩကို ဥပြု, ဤကို ရဿပြု၊-နီတိဓာတု-၂၅၁၊ ဓာန်-ဋီ-၄၃၃။]
ကိတ်မုနိ။ ။ မုနာတိ ဇာနာတိ ဟိတာဟိတံ ပရိစ္ဆိန္ဒတီတိ မုနိ၊ ဥဘော အတ္ထေ မုနာတီတိ မုနိ၊ [မုန ဉာဏေ+ဣ၊-နီတိဓာတု-၂၅၁။] အတ္တနော စိတ္တံ မုနာတိ မဝတိ ဗန္ဓတိရာဂဒေါသာဒိဝသံ ဂန္တုံ န ဒေတီတိ မုနိ။ [မူ ဗန္ဓနေ+နာ+ဣ၊-နီတိဓာတု-၂၅၄။]
ဓမ္မ-ဋီ-၃၄၀။ ။ ကိလေသေ မိနာတိ ဟိံသတီတိ မုနိ၊ [မီ+နာ+ဣ၊ ဤကို ဥပြု။] ဒေဝမနုဿေဟိ မုနိတဗ္ဗော ဇာနိတဗ္ဗောတိ မုနိ၊ ဒေဝ- မနုဿေဟိ မာနိတော ပူဇိတောတိ မုနိ၊ [မာန+ဣ၊ အာကို ဥပြု။] ကိလေသေ မာရေန္တော ဟုတွာ သတ္တေ ဝိမုတ္တိသုခံ နိဗ္ဗာနံ နေတီတိ မုနိ။ [မာရေန္တ+နီ+ဣ၊ ရေန္တကိုချေ, မာ၏ အာကို ဥပြု။]
ပဿာမိ ဣလ္လိသံ။ ။ ဣလတိ မစ္ဆေရဝသေန ကမ္ပတီတိ ဣလ္လိ- သော၊ [ဣလ+ရိသ၊ လဒွေဘော်၊-ဇာ၊ဋီ၊သစ်၊၁၊၃၅၁။] ထိုနောင် ဘာဝပ္ပ- ဓာန, ဘာဝလောပကြံ၊ ပဿာမိ၌ ဒိသဓာတ်သည် ဗောဓန(သိခြင်း) အနက်ကို ဟော၏၊ ထိုကြောင့် “ဧကဿာပိ ဣလ္လိသဘာဝံ န ဇာနာမိ (ဇာ၊ဋ္ဌ၊၁၊၃၇၄)”ဟု ဖွင့်သည်။