မာတိကာသို့ ခုန်သွားရန်

ပတိပူဇိကကုမာရိဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၄ - ပတိပူဇိကကုမာရိဝတ္ထု

၄၈။ ပုပ္ဖာနိ ဟေဝ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။
အတိတ္တမယေဝ ကာမေသု၊ အန္တကော ကုရုတေ ဝသံ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည်၌ သီတင်းသုံးနေတော်မူစဉ် ဘဝဟောင်း ခင်ပွန်းဖြစ်သော မာလဘာရီနတ်သားကို တောင်းတ၍ ကုသိုလ် ကောင်းမှု ပြုသော ပတိပူဇိကာ အမျိုးသမီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော် အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် ဖြစ်ကြသည်။

အနက်

ပုပ္ဖာနိ၊ ပန်းတို့ကို။ ပစိနန္တံပစိနန္တော ဣဝ၊ ဆွတ်ခူးသော သူ ကဲ့သို့။ ဗျာသတ္တမနသံ၊ မရသေးသော အာရုံကို တောင့်တ၍ ရပြီးသည်ကို တွယ်တာ ကပ်ငြိသော စိတ်ရှိသော။ ကာမေသု၊ ကာမဂုဏ် တို့၌။ အတိတ္တမယေဝ၊ မရောင့်ရဲသည်သာ ဖြစ်သော။ နရံ၊ သတ္တဝါကို။ အန္တကော၊ သေမင်းယုတ်သည်။ (အတ္တနော၊ မိမိ၏)။ ဝသံ၊ အလိုကို။ ကုရုတေ၊ ပြု၏။

စကားပြေ

ပန်းသည်သည် အမျိုးမျိုးသော ပန်းတို့ကို ရွေးချယ် ဆွတ်ခူးသော အလုပ် မပြီးသေးမီ သေမင်း နိုင်ငံသို့ လိုက်ရသကဲ့သို့ သတ္တဝါ အပေါင်းသည် မရသေးသော အာရုံကို တောင်းတ၍ ရပြီးသည်ကို တပ်မက် စွဲလမ်း လျက် ကာမဂုဏ်တို့ကို ရှာမှီး သုံးဆောင် သိုမှီး မပြီးခင် သေမင်း နိုင်ငံသို့ လိုက်ရ လေသည်။

ပုပ္ဖာနိ ဟေဝ ပစိနန္တံ— ပန်းဥယျာဉ် အတွင်း ဝယ် ပန်းသည်သည် အမျိုးမျိုးသော ပန်းတို့ကို ရွေးချယ် ဆွတ်ခူး သကဲ့သို့ သတ္တဝါသည် အတ္တဘောနှင့် စပ်သော ကာမဂုဏ် ပန်း အဆောက်အဦးနှင့် စပ်သော ကာမဂုဏ် ပန်းတို့ကို ရွေးချယ် ဆွတ်ခူး၏။
ကာမေသု— ၌ ကာမ အရ ဝတ္ထုကာမ ကိလေသာကာမ ရ၏။
အန္တကော— ၌ အန္တက အရ သေမင်း ရ၏။

စွဲလမ်းမှု— တာဝတိံသာ၌ မာလဘာရီ နတ်သားကို နတ်သမီး ငါးရာက သစ်ပင်ပေါ် တက်၍ ပန်းခူး ချပြီး နတ်သမီး ငါးရာက ကျလာသော ပန်းများကို ကောက်ပြီး နတ်သားကို ပန်ဆင် ပေးနေကြစဉ် သစ်ပင်ပေါ်မှ နတ်သမီး တယောက် ပန်းခူး ယင်း သေဆုံးပြီး သာဝတ္ထိပြည် အမျိုးသမီး တယောက် ဖြစ်လာသည်။ ၁၆ နှစ်အရွယ် အိမ်ထောင်ကျပြီး သားလေးယောက် ဖွားသည်အထိ မာလဘာရီ နတ်သားထံ ပြန်လိုစိတ်ဖြင့် ကောင်းမှု အမျိုးမျိုး ပြုပြီး တဖန် သေဆုံးသွားရာ စွဲလမ်းချက်ရှိသည့်အတိုင်း မာလဘာရီ နတ်သားထံ ပြန်ရောက်သွားသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၃၀။)

နတ်သက်— လူ့ပြည် အနှစ် တရာ သည် တာဝတိံသာ၌ တရက်သာ ရှိသည်။ တာဝတိံသာ နတ်သက်သည် နတ်တို့၏ အရေအတွက် ဖြင့် အနှစ် တထောင် လူ အရေအတွက် ဖြင့် သုံးကုဋေ ခြောက်သန်း ရှိသည်။ (ပတိပူဇိကာသည် ပန်းခူး ယင်း သေဆုံးလာပြီး လူ့ပြည်၌ သား (၄) ယောက် ရပြီးမှ တာဝတိံသာ ပြန်သွားရာ အဖော်နတ်သမီးများ ပန်းခူး နေဆဲ ပင် ရှိသေးသည်။) (ဓမ္မ၊ ဋ္ဌ၊ ၁။ ၂၃၀-၁)

မာလဘာရီ၏ သံဝေဂ— မိမိ ထံ ပြန်ရောက် လာသော ပတိပူဇိကာ ပြောပြချက် အရ လူတို့သည် သက်တန်း တရာ မျှသာ ရှိသော်လည်း အသင်္ချေယျ တမ်း နေရ သကဲ့သို့လည်းကောင်း၊ အိုနာမှု မရှိကြသကဲ့သို့လည်းကောင်း၊ ဒါန စသည် ပြုသူ နည်းပြီး စားကာ အိပ်ကာ ဖြင့် မေ့လျော့စွာ နေကြသည်ဟု သူသိသဖြင့် မာလဘာရီ နတ်သား သံဝေဂ ဖြစ်ပေါ်လေသည်။ (ဓမ္မ၊ဋ္ဌ၊၁၊၂၃၀)

ပါဠိသဒ္ဒါခက်ဆစ်

အတိတ္တံ ယေဝ = အတိတ္တံ + ဧဝ။ န တိတ္တော အတိတ္တော။ တိတ္တ = တပ္ပ + အ ။
အန္တကော = အန္တံ ကရောတိ ဣတိ အန္တကော။ အန္တ + ကရ် + ကွိ။
ကုရုတေ = ကရ် + ဩ + တေ။

ပတိပူဇိကကုမာရိဝတ္ထုပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၄-ပုပ္ဖဝဂ်

၄-ပတိပူဇိကကုမာရိဝတ္ထုပါဠိဂါထာ

၁၄၈။ ပုပ္ဖာနိဟေဝ ပစိနန္တံ, ဗျာသတ္တမနသံ နရံ၊
အတိတ္တံယေဝ ကာမေသု, အန္တကော ကုရုတေ ဝသံ။

ပုပ္ဖာနိ၊ တို့ကို။ (ပစိနာတိ ဣဝ၊ ကဲ့သို့။ ဧဝံ၊ တူ။) ပုပ္ဖာနိ၊ တို့ကို။ ပစိနန္တံ ဧဝ၊ သော။ ဗျာသတ္တမနသံ၊ သော။ နရံ၊ ကို။ ကာမေသု၊ ဝတ္ထုကိလေသာ, ၂-ဖြာသောကာမတို့၌။ အတိတ္တံ၊ ရှာလို့ ရလို့, သုံးဆောင်လို့လျှင်, စုလို့မငြိမ်, မတင်းတိမ်သည်။ (သမာနံ) ဧဝ၊ ဖြစ်စဉ်သာလျှင်။ အန္တကော၊ တစ်ဘဝလုံး, ဆုံးအောင်ပြုတတ် သော သေမင်းသည်။ ဝသံ၊ သေခြင်းဟုဆို, သူ့အလိုသို့။ ကုရုတေ၊ ချိန်ခါသင့်က, နှေးဖင့်မနေ, ပြုလုပ်လေသတည်း။ (ပါ-၄၈)

ပတိပူဇိကကုမာရိဝတ္ထုဂါထာနိဿယပြီးပြီ။