မာတိကာသို့ ခုန်သွားရန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု -၂

ဝီကီရင်းမြစ် မှ
1180ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၂။ ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဒဏ္ဍဝဂ်

၂။ ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု

သဗ္ဗေ တသန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရိုက်ရန် လက်ဖြင့်ရွယ်လျှင် အာပတ်သင့်

တစ်ပါးသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထိုကျောင်းဟူသော အကြောင်းကြောင့်သာလျှင် ရှေးသိက္ခာပုဒ်၌ သတ္တရသဝဂ္ဂီရဟန်းတို့ကို ရိုက်နှက်ပုတ်ခတ်ကြလေကုန်၏။ ထိုကျောင်းဟူသော အကြောင်းကြောင့်သာလျှင် ထိုသတ္တရသဝဂ္ဂီရဟန်းတို့အား လက်ဝါးပြင်ကို ချီမိုးကြကုန်၏ (ရွယ်ကုန်၏)။ ဤအရာ၌လည်း မြတ်စွာဘုရားသည် ထိုသတ္တရသဝဂ္ဂီရဟန်းတို့၏အသံကို ကြားတော်မူရလျှင် “ဤအသံသည် အဘယ်အသံနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောအသံ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားသည်ရှိသော် “ချစ်သားရဟန်းတို့- ဤအခါမှစ၍ ရဟန်းမည်သည် ဤသို့ မပြုအပ်၊ အကြင်ရဟန်းပြု၏၊ ထိုရဟန်းအား ဤမည်သောအာပတ်သို့ ရောက်၏”ဟု လက်ဝါးပြင် မိုးခြင်းကြောင့် ပါစိတ်အာပတ်သင့်စေဟူသော တလသတ္တိက သိက္ခာပုဒ်ကို ပညတ်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ရဟန်းမည်သည် “ငါကဲ့သို့ ထို့အတူ တစ်ပါးသောသူတို့သည်လည်း ဒဏ်မှ ထိတ်လန့်ကြကုန်၏၊ ငါ့အသက်ကဲ့သို့ ထို့အတူ ထိုသူတို့၏အသက်ကို ချစ်မြတ်နိုးအပ်၏”ဟု အသိအလိမ္မာ ဉာဏ်ရှိသည်ဖြစ်၍ သူတစ်ပါးကို မပုတ်ခတ်အပ်၊ မညှဉ်းဆဲအပ်”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၃၀] သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ။
အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာတယေ။

သဗ္ဗေ၊ ရဟန္တာတို့မှတစ်ပါး အလုံးစုံသော သတ္တဝါတို့သည်။ ဒဏ္ဍဿ၊ ဒဏ်မှ။ တသန္တိ၊ ထိတ်လန့်ကြကုန်၏။ သဗ္ဗေသံ၊ ရဟန္တာတို့မှတစ်ပါး အလုံးစုံသော သတ္တဝါတို့သည်။ ဇီဝိတံ၊ အသက်ကို။ ပိယံ၊ ချစ်မြတ်နိုးအပ်၏။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပမံကတွာ၊ ကိုယ်ချင်းစာနာ ဥပမာပြု၍။ န ဟနေယျ၊ မညှဉ်းဆဲရာ။ န ဃာတယေ၊ မသတ်ပုတ်ရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

(ဆဗ္ဗဂ္ဂီရဟန်းတို့တွင်- ပဏ္ဍုက,လောဟိတကတို့ကား တပည့်ပရိသတ်နှင့်တကွ သီလရှိကုန်၏၊ ဘုရားရှင်နှင့်အတူ ဒေသစာရီ လှည့်လည်ကြရ၏၊ မပညတ်သေးသော အမှုမျိုးကို ဖြစ်ပေါ်စေတတ်သော အလေ့ရှိကုန်၏၊ ပညတ်ပြီးသော သိက္ခာပုဒ်ကိုကား လွန်ကျူးလေ့မရှိကြ၊ သာဝတ္ထိပြည်၌ အမြဲနေကြ၏။ (မေတ္တိယ, ဘူမဇကတို့ကား ရာဇဂြိုဟ်ပြည်၌ အမြဲနေကြ၏။ အဿဇိ, ပုနဗ္ဗသုကတို့ကား ကီဋာဂိရိဇနပုဒ်၌ အမြဲနေကြ၏၊ မကောင်းကြကုန်။) ဥပါလိသူငယ်စသော တစ်ဆယ့်ခုနစ်ယောက်သော သတို့သားတို့သည် ရဟန်းပြုကြသောအခါ သတ္တရသဝဂ္ဂီရဟန်းတို့ဟု ခေါ်ဝေါ်ကြရကုန်၏။ ကလေးသူငယ်တို့ကို ရဟန်းပြုပေးကြသဖြင့် နံနက်စောစောထ၍ “စားစရာပေးကြပါ”ဟု ငိုကြ၏၊ အိပ်ရာ၌လည်း အလေးအပေါ့သွားကြကုန်၏။ ထိုအခါမှစ၍ “အသက်နှစ်ဆယ်မပြည့်ဘဲ ရဟန်းပြုမပေးရ”ဟု သိက္ခာပုဒ် ပညတ်တော်မူသည်။ ပြုပေးပြီးသော ထိုတစ်ဆယ့်ခုနစ်ပါးကိုကား ရဟန်းအဖြစ်မှ ပယ်ဖျက်တော်မမူ။)

ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထုပြီး၏။