မာတိကာသို့ ခုန်သွားရန်

ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု

ဝီကီရင်းမြစ် မှ
1179ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁။ ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဒဏ္ဍဝဂ်

၁။ ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု

သဗ္ဗေ တသန္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဆ+ဝဂ္ဂိယ= ခြောက်ပါး+အစုရှိသော ရဟန်းအပေါင်း။ သာဝတ္ထိမြို့သား ပဏ္ဍုက, လောဟိတက, မေတ္တိယ, ဘုမ္မဇက, အဿဇိ, ပုနဗ္ဗသုက-ဟူသော ရဟန်းကြီးခြောက်ပါးတို့၏ တပည့်များဟူလို။)

ရိုက်လျှင် အာပတ်သင့်

တစ်ပါးသောအခါ၌ သတ္တရသဝဂ္ဂီရဟန်းတို့သည် အိပ်ရာနေရာကျောင်းတို့ကို သုတ်သင်ပြုပြင်သည်ရှိသော် ဆဗ္ဗဂ္ဂီရဟန်းတို့သည် “ငါတို့ကား သင်တို့ထက် သိက္ခာဝါ ကြီးကြကုန်၏။ ငါတို့အား ဤကျောင်းသည် ရောက်၏”ဟု ဆိုလျှင် ထိုသတ္တရသဝဂ္ဂီရဟန်းတို့သည် “ငါတို့ကား မပေးနိုင်ကြကုန်။ ငါတို့သည် ရှေးဦးစွာ ပြုပြင်သုတ်သင်အပ်၏”ဟု ဆိုလတ်သော် ထိုဆဗ္ဗဂ္ဂီရဟန်းတို့သည် ရိုက်နှက်ပုတ်ခတ်ကြလေကုန်၏။ သတ္တရသဝဂ္ဂီရဟန်းတို့သည် သေဘေးမှ ကြောက်လန့်ကြကုန်သောကြောင့် သည်းစွာသော မြည်တမ်းခြင်းကို မြည်တမ်းကြကုန်၏။ ဘုရားရှင်သည် ထိုသတ္တရသဝဂ္ဂီရဟန်းတို့၏ အသံကို ကြားတော်မူလျှင် “ဤအသံသည် အဘယ်အသံနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောအသံ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤအခါမှစ၍ ရဟန်းမည်သည် ဤသို့ မပြုအပ်၊ အကြင်ရဟန်းသည် ပြု၏၊ ထိုရဟန်းသည် ဤမည်သောအာပတ်သို့ ရောက်၏”ဟု ရိုက်နှက်ပုတ်ခတ်ခြင်းကြောင့် ပါစိတ်အာပတ်သင့်စေဟူသော ပဟာရဒါနသိက္ခာပုဒ်ကို ပညတ်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ရဟန်းမည်သည် “ငါကဲ့သို့ တစ်ပါးသောသူတို့သည်လည်း ဒဏ်မှ ကြောက်လန့်ကြကုန်၏။ သေခြင်းမှ ကြောက်လန့်ကြကုန်၏”ဟု အသိအလိမ္မာ ဉာဏ်ရှိသည်ဖြစ်၍ သူတစ်ပါးကို မပုတ်ခတ်အပ်၊ မသတ်မညှဉ်းဆဲအပ်”ဟု မိန့်တော်မူ၍ အနုသန္ဓေကိုစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၂၉] သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာတယေ။

သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။ ဒဏ္ဍဿ၊ ဒဏ်မှ။ တသန္တိ ၊ ထိတ်လန့်ကြကုန်၏။ သဗ္ဗေ၊ အလုံးစုံသော သတ္တဝါတို့သည်။ မစ္စုနော၊ သေခြင်းမှ။ ဘာယန္တိ၊ ကြောက်ရွံ့ကြကုန်၏။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပမံ ကတွာ၊ ကိုယ်ချင်းစာနာ ဥပမာပြု၍။ န ဟနေယျ၊ မညှဉ်းဆဲရာ။ န ဃာတယေ၊ မသတ်ပုတ်ရာ။

ဒေသနာတော်၌ မှတ်ဖွယ်

၁။ ဆင်အာဇာနည်
၂။ မြင်းအာဇာနည်
၃။ နွားလားဥသဘအာဇာနည်
၄။ ရဟန္တာ

ဤလေးဦးတို့ကို ချန်ထား၍ ကြွင်းသောသူတို့သာ ကြောက်လန့်ကြကုန်၏ဟု မှတ်အပ်၏။ ထိုလေးဦးတို့တွင် ရဟန္တာတို့ကား သက္ကာယဒိဋ္ဌိ ပယ်ပြီးဖြစ်၍ မသေကောင်းသော သတ္တဝါကို မမြင်ရသောကြောင့် မကြောက်ကုန်၊ ကျန်သုံးဦးတို့ကား သက္ကာယဒိဋ္ဌိ အလွန်အားကြီးလှသည်ဖြစ်၍ မိမိအား ဆန့်ကျင်အန်တု ရန်ခုခံဝံ့သောသတ္တဝါကို မမြင်ရသောကြောင့် မကြောက်ကြကုန်။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဆဗ္ဗဂ္ဂီရဟန်းတို့ဝတ္ထု ပြီး၏။