မာတိကာသို့ ခုန်သွားရန်

သုပ္ပဗုဒ္ဓသကျဝတ္ထု

ဝီကီရင်းမြစ် မှ
3937ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁၂။ သုပ္ပဗုဒ္ဓသကျဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ပါပဝဂ်

၁၂။ သုပ္ပဗုဒ္ဓ သာကီဝင်မင်းကြီးဝတ္ထု

န အန္တလိက္ခေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် နိဂြောဓာရုံကျောင်းတော်၌ နေတော်မူစဉ် ဒေဝဒဟပြည်ကြီးရှင် သုပ္ပဗုဒ္ဓအမည်ရှိသော သာကီဝင်မင်းကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သုပ္ပဗုဒ္ဓ ဘုရားရှင်အား ပြစ်မှားခြင်း

ထိုသုပ္ပဗုဒ္ဓသာကီဝင်မင်းကြီးသည် “ဤသိဒ္ဓတ္ထမင်းသား ဂေါတမဘုရားသည် ငါ၏သမီးတော် ယသော်ဗိမ္ဗာကို စွန့်ပစ်လျက် တောထွက်၏ဟူ၍လည်းကောင်း၊ ငါ၏သားတော် ဒေဝဒတ်ကို ရဟန်းပြုပေးပြီးလျက် ငါ့သားတော်၏ ရန်သူအရာ၌ တည်၏ဟူ၍လည်းကောင်း” ဤသို့ အကြောင်းနှစ်ပါးတို့ကြောင့် မြတ်စွာဘုရားအပေါ်၌ ရန်ငြိုးဖွဲ့ထားသဖြင့် တစ်နေ့သ၌ “ထိုဘုရားသဗ္ဗညုအား ဆွမ်းပင့်ဖိတ်ရာအရပ်သို့သွား၍ ဘုဉ်းပေးစိမ့်သောငှာ မပေးအံ့”ဟု သွားရာလမ်းခရီးကို ပိတ်လျက် ခရီးမ၌ သေသောက်ကာ နေလင့်၏။ ထိုအခါ၌ ဘုရားရှင်သည် ရဟန်းသံဃာအပေါင်း ခြံရံလျက် ထိုသုပ္ပဗုဒ္ဓမင်းကြီးရှိရာအရပ်သို့ ရောက်လာသည်ရှိသော် “မြတ်စွာဘုရားကြွလာပြီ”ဟု သုပ္ပဗုဒ္ဓမင်းကြီးအား ကြားလျှောက်ကြကုန်၏။ ထိုစကားကိုကြားလျှင် ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် “ရှေ့မှ သွားကြချေ။ ထိုဂေါတမအား ဆိုကြကုန်လော့၊ ဤဂေါတမသည် ငါ့ထက်ကြီးသောသူ မဟုတ်၊ ထို့ကြောင့် ထိုဂေါတမအား လမ်းခရီးကို မပေးနိုင်”ဟု ဆိုလေ၏။ အဖန်တလဲလဲ လျှောက်ဆိုအပ်သော်လည်း ထိုရှေးအတူသာလျှင် နေလေ၏။ ဘုရားရှင်သည် ဦးရီးအထံမှ လမ်းခရီးကိုမရသဖြင့် ထိုအရပ်မှ ဆုတ်နစ်ပြန်ကြွတော်မူခဲ့ရလေ၏။

(ဇယသေနမင်း၏သားတော် သီဟဟနုမင်းကို ဒေဝဒဟမင်း သမီးတော် ကဉ္စနာနှင့် စုံဖက်ရာတွင် သုဒ္ဓေါဒန, ဓောတောဒန, သက္ကောဒန, သုက္ကောဒန, အမိတောဒန၊ နှမတော် အမိတာ, ပါလိတာ၊ သားတော်ငါးပါး, သမီးတော်နှစ်ပါး၊ ပေါင်း-ခုနစ်ပါး မြင်သည်။ ဇယသေနမင်း သမီးတော် ယသောဓရာနှင့် ဒေဝဒဟမင်း သားတော် အဉ္စနမင်းသား စုံဖက်ရာတွင် မဟာမာယာ, ပဇာပတိဂေါတမီ၊ မောင်တော်ဒဏ္ဍပါဏိ, သုပ္ပဗုဒ္ဓ၊ သမီးတော်နှစ်ပါး, သားတော်နှစ်ပါး၊ ပေါင်း-လေးပါးမြင်သည်။ ၎င်းတို့တွင် သုပ္ပဗုဒ္ဓနှင့် အမိတာတို့မှ ဘဒ္ဒကဉ္စနာခေါ် ယသောဓရာနှင့် ဒေဝဒတ် မောင်နှမ နှစ်ပါးမြင်သည်။)

မြေမျိုလိမ့်မည်ဟု မိန့်တော်မူခြင်း

ထိုသုပ္ပဗုဒ္ဓသည်လည်း သူလျှိုယောက်ျားတစ်ယောက်ကို “သွားချေ။ ထိုဂေါတမ၏စကားကို နားထောင်ပြီးမှ လာလှည့်”ဟု စေလွှတ်လေ၏။ ဘုရားရှင်သည်လည်း ပြန်လည်ခဲ့သည်ရှိသော် ပြုံးတော်မူခြင်းကို ပြုခြင်းကြောင့် ရှင်အာနန္ဒာမထေရ်က “မြတ်ဘုရား- ပြုံးခြင်းကို ထင်ရှားစွာပြုခြင်း၏ အကြောင်းကား အဘယ်ပါနည်းဘုရား”ဟု မေးအပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် “ချစ်သားအာနန္ဒာ- သုပ္ပဗုဒ္ဓကိုမြင်၏လော”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- မြင်ပါသည်ဘုရား”ဟု လျှောက်လေသော် “ငါကဲ့သို့သော ဘုရားရှင်အား ကြွရာလမ်းခရီးကို မပေးခြင်းအားဖြင့် ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် ဝန်လေးသောအမှု ပြုဘိ၏တကား၊ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ပြာသာဒ်အောက် စောင်းတန်းခြေရင်း၌ မြေမျိုလတ္တံ့”ဟု မိန့်တော်မူလေ၏။ သူလျှိုယောက်ျားသည် ထိုမိန့်တော်မူသောစကားကို ကြားရပြီးလျှင် သုပ္ပဗုဒ္ဓမင်းကြီးအထံသို့ သွားရောက်သဖြင့် “ငါ့တူဂေါတမသည် အဘယ်စကားကို ဆိုသနည်း”ဟု မေးအပ်သည်ရှိသော် ကြားခဲ့တိုင်းသောစကားကို ကြားလျှောက်လေ၏။

(နောက်မှလိုက်သော ရှင်အာနန္ဒာသည် ဘုရားရှင်ပြုံးခြင်းကို အဘယ်သို့သိသနည်းဟူမူ။ ဘုရားရှင်ရှေ့တော်သို့ ထွက်သန်းသွားသော ဖြူဖွေးသောရောင်ခြည်တော်ကို မြင်ရသဖြင့် ရိပ်မိလေ၏။ ဤဖြူဖွေးသော ရောင်ခြည်တော်ကား ဖြူဖွေးသော သွားတော်မှ ထွက်၏။ စေ့စပ်စွာ ဖုံးထားသော နှုတ်ခမ်းတော်တို့ကို ရောင်ခြည်တော်တိုး၍ ထွက်နိုင်ခြင်းကား နှုတ်ခမ်းတော် လျော့လျော့ဖြစ်ခြင်းကြောင့်တည်း။ နှုတ်ခမ်းတော် လျော့လျော့ဖြစ်ခြင်းကား အနည်းငယ်ပြုံးခြင်းကြောင့်တည်းဟု ထောက်ဆ၍ ရိပ်မိ၏ဟူလို။ ၎င်းကား အမိတောဒနမှ ဖွားမြင်သည်။)

မြေမမျိုနိုင်အောင် နေထိုင်ခြင်း

သုပ္ပဗုဒ္ဓမင်းကြီးသည် ထိုသူလျှို၏ လျှောက်စကားကို ကြားရလျှင် “ယခုအခါ ငါ့တူဂေါတမဘုရား ဆိုသောစကား၌ အပြစ်မရှိသေး၊ အကြင်စကားကို ထိုဂေါတမဘုရားသည် ဆို၏၊ ထိုစကားသည် ထိုသို့ဆိုတိုင်း မချွတ်ဧကန် ဖြစ်တန်စေ၊ ဤသို့ပင် ဖြစ်စေကာမူ ထိုရှင်ဂေါတမကို ယခုအခါ မုသာဝါဒဖြင့် နှိပ်ကွပ်ပြောဆိုမည်ဟူ၍လည်းကောင်း၊ ထိုဂေါတမသည် ငါ့ကို ခုနစ်ရက်မြောက်သောနေ့၌ မြေမျိုခံရလတ္တံ့ဟု အမှတ်မရှိ သာမန်အားဖြင့် မဆိုမူ၍ ပြာသာဒ်အောက် စောင်းတန်းခြေရင်း၌ မြေသို့ဝင်ရလတ္တံ့ဟု နေရာအမှတ်အသားပြု၍ ဆိုဘိ၏။ ယခုအခါ ထိုငါသည် ဤနေ့မှစ၍ ထိုအရပ်သို့မသွားဘဲ နေပေအံ့ဟူ၍လည်းကောင်း၊ ထိုသို့မသွားဘဲ နေသည်ရှိသော် ထိုစောင်းတန်းခြေရင်းနေရာ၌ မြေသို့မဝင်ရခြင်းကြောင့် ထိုဂေါတမဘုရားကို မုသာဝါဒဖြင့် နှိပ်စက်ရပေတော့အံ့ဟူ၍ လည်းကောင်း” ပြောဆိုပြီးလျှင် ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် မိမိ၏ အသုံးအဆောင်အပေါင်း အားလုံးကို ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏အထက်သို့တင်၍ စောင်းတန်းလှေကားကို ဖယ်ရှားဖြုတ်ထားစေပြီးလျှင် တံခါးကို ပိတ်စေသဖြင့် တံခါးတစ်ခု,တစ်ခု၌ နှစ်ယောက်,နှစ်ယောက်သော လက်ဝှေ့လက်ပန်းသည်တို့ကိုထား၍ “ငါကား မေ့လျော့သဖြင့် အောက်သို့ သက်ဆင်းလိုသည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ ငါ့ကို တားမြစ်ကြကုန်လော့”ဟု ဆို၍ ခုနစ်ဆင့်မြောက်သော ပြာသာဒ်၏အပြင်ဝယ် ကျက်သရေရှိသော တိုက်ခန်း၌ နေလေ၏။ ဘုရားသဗ္ဗညုသည် ထိုအကြောင်းကို ကြားတော်မူလျှင် “ချစ်သားရဟန်းတို့- သုပ္ပဗုဒ္ဓမင်းကြီးသည် သက်သက် ပြာသာဒ်အပြင်၌လည်းကောင်း၊ ကောင်းကင်သို့ပျံတက်၍ ကောင်းကင်၌လည်းကောင်း နေသည်မူလည်းဖြစ်စေ၊ လှေဖြင့် သမုဒ္ဒရာသို့ ကူးဝင်သည်မူလည်းဖြစ်စေ၊ တောင်ကြားဥမင် လိုဏ်ခေါင်းသို့ ဝင်သည်မူလည်းဖြစ်စေ ဘုရားရှင်တို့ မိန့်မြွက်အပ်သောစကားတော်၏ နှစ်မျိုးဖြစ်သော မည်သည်မရှိ၊ ငါဘုရား မိန့်ဆိုအပ်သောအရပ်၌သာလျှင် သုပ္ပဗုဒ္ဓမင်းကြီးသည် မြေမျိုခံရလတ္တံ့”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၂၈] န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မစ္စု။

အန္တလိက္ခေ၊ ကောင်းကင်၌။ နိသီဒတု၊ နေသည်ဖြစ်စေ။ ၊ သေခြင်းမှမလွတ်။ သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌။ ဝါ၊ သမုဒ္ဒရာအလယ်သို့။ ပက္ခန္ဒတု၊ ကူးဝင်သွားသည်ဖြစ်စေ။ ၊ သေခြင်းမှမလွတ်။ ပဗ္ဗတာနံ၊ တောင်တို့၏။ ဝိဝရံ၊ အကြားလိုဏ်ခေါင်းသို့။ ပဝိဿ-ပဝိသတု၊ ဝင်၍နေသည်ဖြစ်စေ။ ၊ သေခြင်းမှမလွတ်။ ယတ္ထ ဇဂတိပ္ပဒေသေ၊ အကြင်အရှေ့အရပ်စသော မြေအဖို့၌။ ဌိတံ၊ တည်သောသူကို။ မစ္စု၊ သေမင်းသည်။ နပ္ပသဟေယျ၊ မနှိပ်စက်မညှဉ်းဆဲနိုင်ရာ။ သော ဇဂတိပ္ပဒေသော၊ ထိုအရှေ့အရပ်စသော မြေအဖို့သည်။ န ဝိဇ္ဇတိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ခုနစ်ရက်မြောက်၌ မြေမျိုခြင်း

ခုနစ်ရက်မြောက်သောနေ့၌ ဆွမ်းအလို့ငှာ ကြွရာလမ်းခရီးကို ပိတ်ဆီးတားမြစ်သော အချိန်အခါတွင် ပြာသာဒ်အောက်၌ သုပ္ပဗုဒ္ဓမင်းကြီး၏ မင်္ဂလာစီးတော်မြင်းသည် ထိတ်ထိတ်လန့်လန့်ဖြစ်လျက် ထိုထိုနံရံကို ကန်ကျောက်လေ၏။ သုပ္ပဗုဒ္ဓမင်းကြီးသည် ပြာသာဒ်အထက်၌ နေလျက်သာလျှင် မြင်း၏ဟီသံကို ကြားရလျှင် “ဤအသံကား အဘယ်အသံနည်း”ဟု မေးလေ၏။ မင်္ဂလာမြင်းတော် ထိတ်ထိတ်လန့်လန့်ဖြစ်ကြောင်းကို သံတော်ဦးတင်ကြလေကုန်၏။

(ထိုမြင်းသည်ကား သုပ္ပဗုဒ္ဓမင်းကြီးကို မြင်ရမှသာလျှင် ငြိမ်သက်စွာ နေတတ်၏။)

ထိုအခါ မြင်းကို သုပ္ပဗုဒ္ဓမင်းကြီးသည် ကိုင်လိုသည် သုံးသပ်လိုသည်ဖြစ်၍ နေရာအရပ်မှထသဖြင့် တံခါးသို့ ရှေးရှုဖြစ်လေ၏။ တံခါးတို့သည် အလိုလိုသာလျှင် ဟင်းလင်းပွင့်ကုန်၏။ ဖယ်ရှားဖြုတ်ထားသော စောင်းတန်းလှေကားသည်လည်း မိမိတည်မြဲတိုင်း အရပ်၌သာလျှင် တည်လာ၏။ တံခါး၌ နေကြကုန်သော လက်ဝှေ့လက်ပန်းသည်တို့သည် ထိုသုပ္ပဗုဒ္ဓမင်းကြီးကို လည်ပင်း၌ကိုင်၍ အောက်သို့ရှေးရှု ပစ်ချလိုက်ကြလေကုန်၏။ ဤသို့သောနည်းအားဖြင့် ခုနစ်ဆင့်သော ပြာသာဒ်အပြင်တို့၌လည်း တံခါးတို့သည် အလိုလိုသာလျှင် ပွင့်ကြကုန်၏။ စောင်းတန်း လှေကားတို့သည်လည်း တည်မြဲတိုင်းသောအရပ်၌ တည်ကြကုန်၏။ ထိုထိုအရပ်၌ နေကြကုန်သော လက်ဝှေ့လက်ပန်းသည်တို့သည်လည်း ထိုသုပ္ပဗုဒ္ဓမင်းကြီးကို လည်ပင်း၌သာလျှင်ကိုင်၍ အောက်သို့ရှေးရှု ပစ်ချလိုက်ကြလေကုန်၏။ ထိုအခါ ပြာသာဒ်၏အောက် စောင်းတန်းခြေရင်း၌ ရောက်လာသည်သာလျှင်ဖြစ်သော ထိုသုပ္ပဗုဒ္ဓသာကီဝင်မင်းကြီးကို မဟာပထဝီမြေကြီးသည် ဟင်းလင်းပွင့်ကာ ကွဲအက်လျက် ခံယူလေ၏။ ထိုသုပ္ပဗုဒ္ဓမင်းကြီးသည် ဝင်သွား၍ အဝီစိငရဲ၌ ဖြစ်ရရှာလေ၏။

သုပ္ပဗုဒ္ဓသာကီဝင်မင်းကြီးဝတ္ထုပြီး၏။