သုပ္ပဗုဒ္ဓသကျဝတ္ထုဂါထာ
ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း
၉-ပါပဝဂ်
၁၂-သုပ္ပဗုဒ္ဓသကျဝတ္ထု
၁၂၈။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊
န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊
ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မစ္စု။
ဤတရားဒေသနာတော်ကို ဘုရားရှင်သည် နိဂြောဓာရုံကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သမီးတော် ယသောဓရာကို စွန့်၍ တောထွက်ခြင်း၊ သားတော် ဒေဝဒတ်ကို ရန်သူအရာ၌ ထားနေခြင်းဟူသော အကြောင်းကြောင့် တူတော်မောင် ဘုရားအား ရန်ငြိုးဖွဲ့ပြီး ပင့်ဖိတ်သော နေရာသို့ ကြွသွားရန် လမ်းမပေးသော ဒေဝဒဟပြည့်ရှင် သုပ္ပဗုဒ္ဓသာကျဝင်မင်းကြီးကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန်စသည် ဖြစ်ကြသည်။
အနက်
ကောစိ၊ တစုံတယောက်သော သူသည်။ အန္တလိက္ခေ၊ ကောင်းကင်၌။ ဋ္ဌိတောပိ၊ တည်သော်လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌။ ဋ္ဌိတောပိ၊ တည်သော်လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ ပဗ္ဗတာနံ၊ တောင်တို့၏။ ဝိဝရံ၊ အခေါင်းသို့။ ပဝိဿ၊ ဝင်၍လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ ယတ္ထ၊ အကြင်အရပ်၌။ ဋ္ဌိတံ၊ တည်သောသူကို။ မစ္စု၊ သေမင်းသည်။ နပ္ပသဟေယျ၊ မညှဉ်းဆဲရာ။ သော ဇဂတိပ္ပဒေသော၊ သေမင်း မညှဉ်းဆဲနိုင်ရာ အရပ်မျိုးသည်။ န ဝိဇ္ဇတိ၊ မရှိနိုင်။
စကားပြေ
ကောင်းကင်၊ သမုဒ္ဒရာအလယ်၊ တောင်ခေါင်းသို့ ပုန်းအောင်းတည်နေသော်လည်း မကောင်းမှုမှ မလွတ်နိုင်၊ သေမင်း မညှဉ်းဆဲနိုင်သော အရပ်မျိုးကား မရှိနိုင်။
ဇဂတိပ္ပဒေသ— အရှေ့အရပ် စသော မြေအရပ် ရှ၏။
ဘုရားရှင်အပေါ် ရန်ငြိုးထားပြစ်
ဘုရားရှင်၏ ဘထွေးတော် ယောက္ခမလည်းဖြစ်သော သုပ္ပဗုဒ္ဓဘုရင်သည် သမီးတော် ယသောဓရာကို ပစ်၍ တောထွက်သွားခြင်း၊ သားတော် ဒေဝဒတ်ကို ရဟန်းပြုစေ၍ ရန်သူအရာ၌ ထားခြင်းတို့ကြောင့် ဘုရားရှင်၏ အပေါ် ရန်ငြိုးဖွဲ့ကာ ဘုရားရှင် သွားမည့်လမ်းကို ပိတ်ဆို့ထားခြင်းကြောင့် အရှင်လတ်လတ် မြေမျိုပြီး အဝီစိငရဲသို့ ရောက်သွားသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၉။)
သုပ္ပဗုဒ္ဓသကျဝတ္ထု ပြီး၏။
ပါပဝဂ္ဂ ပြီး၏။
အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ
၉-ပါပဝဂ်
၁၂-သုပ္ပဗုဒ္ဓသကျဝတ္ထုပါဠိဂါထာ
န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ၊
န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော,
ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မစ္စု။
အန္တလိက္ခေ၊ ၌။ (ဌိတံ၊ တည်နေသူကို။) မစ္စု၊ သေခြင်းသည်။ န နပ္ပသဟေယျ၊ လွှမ်းမိုးနိုင်၏။ သမုဒ္ဒမဇ္ဈေ၊ သမုဒြာအလယ်၌။ (ဌိတံ၊ ကို။) မစ္စု၊ သေခြင်းသည်။ န နပ္ပသဟေယျ၊ ၏။ ပဗ္ဗတာနံ၊ တောင်တို့၏။ ဝိဝရံ၊ အခေါင်းသို့။ ပဝိဿ၊ ဝင်၍။ (ဌိတံ၊ ကို။) မစ္စုသေခြင်းသည်။ န နပ္ပသဟေယျ၊ ၏။ ယတ္ထ၊ အကြင်အရပ်၌။ ဌိတံ၊ ကို။ မစ္စု၊ သေခြင်းသည်။ နပ္ပသဟေယျ၊ မလွှမ်းမိုးနိုင်။ သော ဇဂတိပ္ပဒေသော၊ သည်။ န ဝိဇ္ဇတိ၊ မရှိ။ (ပါ-၁၂၈)
န နပ္ပသဟေယျ။ ။ ပဋိသေဓ၂ပုဒ်ရှိရာ၌ ပဋိသေဓ၂ပုဒ်တွဲပေးလျှင် “၂ခုပဋိသေ, ခွဲဝေမရှိ, နက်ပေးဘိမူ, ပကတိအနက်, ထွက်အောင် သမ္ဗန်မြဲ(ဘုရားကြီး-၁၁၃)”နှင့်အညီ “ပသဟေယျ”ဟူသော ပကတိကြိ ယာ၏ အနက်ပေါ်အောင် ပေးရသည်၊ ဤအတိုင်းပေးခဲ့သည်။
သုပ္ပဗုဒ္ဓသကျဝတ္ထုဂါထာနိဿယပြီးပြီ
ပါပဝဂ်ဂါထာနိဿယပြီးပြီ။