မာတိကာသို့ ခုန်သွားရန်

တယောဇနဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၉-ပါပဝဂ်

၁၁-တယောဇနဝတ္ထု

၁၂၇။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊
န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ။
န ဝိဇ္ဇတိ သော ဇဂတိပ္ပဒေသော၊
ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောင်းကင်တွင် ပျံနေစဉ် မီးကွင်းစွပ်မိ၍ မီးလောင်ခံရသော ကျီး၊ စာရေးတံမဲ သုံးကြိမ်ကျ၍ သဲအိုးဆွဲကာ သမုဒ္ဒရာရေတွင် ပစ်ချခံရသော လှေသူကြီးကတော်၊ ဥမင်လိုဏ်ခေါင်း၌ ပိတ်မိနေသော ရဟန်းခုနစ်ပါး ဟူသော သုံးဦးတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ ရောက်လာပြီး မေးလျှောက်သော ရဟန်းတို့ သောတာပန်စသည် ဖြစ်ကြသည်။

အနက်

ကောစိ၊ တစုံတယောက်သော သူသည်။ အန္တလိက္ခေ၊ ကောင်းကင်၌။ ဋ္ဌိတောပိ၊ တည်သော်လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ သမုဒ္ဒမဇ္ဈေ၊ သမုဒ္ဒရာအလယ်၌။ ဋ္ဌိတောပိ၊ တည်သော်လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ ပဗ္ဗတာနံ၊ တောင်တို့၏။ ဝိဝရံ၊ အခေါင်းသို့။ ပဝိဿ၊ ဝင်၍လည်း။ ပါပကမ္မာ၊ မကောင်းမှုမှ။ န မုစ္စေယျ၊ မလွှတ်ရာ။ ယတ္ထ၊ အကြင်အရပ်၌။ ဋ္ဌိတော၊ တည်သောသူသည်။ ပါပကမ္မာ၊ မကောင်းမှုမှ။ မုစ္စေယျ၊ လွတ်ရာ၏။ သော ဇဂတိပ္ပဒေသော၊ ထိုမကောင်းမှုမှ လွှတ်ရာအရပ်မျိုးသည်။ န ဝိဇ္ဇတိ၊ မရှိနိုင်။

စကားပြေ

မကောင်းမှုကိုပြု၍ ကောင်းကင်၊ သမုဒ္ဒရာအလယ်၊ တောင်ခေါင်းတို့၌ ပုန်းအောင်းတည်နေကြသော်လည်း မကောင်းမှုမှ မလွတ်နိုင်၊ မကောင်းမှုမှ လွှတ်ရာအရပ်မျိုး မရှိနိုင်။
ဇဂတိပ္ပဒေသ— အရှေ့စသော မြေအရပ် ရှ၏။

ကျီး၏ကံကြမ္မာ

ကောင်းကင်၌ ပျံသန်းနေသောကျီးကို အိမ်မီးလောင်ရာမှ မီးစွဲနေသော မြက်ဆုပ် ကရွတ်ခွေစွပ်မိ၍ သေရသည်။ လယ်သမားတယောက်သည် ရိုက်နှက်ဆုံးမ၍ မရသော နွားကတ်အား ကောက်ရိုးဖြင့် ဖွဲ့ချည်ရစ်ပတ်ပြီး မီးရှို့ခဲ့ဖူးသည်။ ထိုကံကြောင့် ငရဲမှာ ဆင်းရဲခံစားရပြီးလျှင် ခုနစ်ကြိမ် ကျီးဖြစ်ကာ ဤကဲ့သို့ မီးကွင်းစွပ်၍ သေရသည်။

လှေသူကြီးကတော်

သမုဒ္ဒရာ၌ လှေဖြင့်သွားကြရာ လှေသည် မလှုပ်မရှက် ရပ်နေသဖြင့် ယုတ်မာသူကို မဲချ၍ ရှာဖွေကြသည်။ လှေသူကြီး၏ ပထမအရွယ် ချောမောလှပသော ဇနီးသည် သုံးကြိမ်တိုင် အောင်မဲကြသည်။ လှေသူကြီးကတော်အား လည်တွင် သဲအိုးချည်နှောင်ပြီး သမုဒ္ဒရာသို့ ပစ်ချခံရသည်။
သူကြွယ်ကတော်တယောက်သည် ရေခပ်၊ မောင်းထောင်းမှန်သမျှ အမှုကိစ္စမှန်သမျှကို ကိုယ်တိုင်ပြုလေ့ရှိသည်။ သုံးဘဝမြောက်က ခင်ပွန်းဖြစ်ဖူးသော ခွေးသည် အလုပ်လုပ်နေသော သူကြွယ်ကတော်ကို ကြည့်၍သာ နေလေ့ရှိသည်။ တောစသော သွားလေရာသို့လည်း ခဲစသည်ဖြင့် ခြိမ်းခြောက်သော်လည်း မပြန်ပဲ လိုက်မြဲလိုက်နေသည်။ သူငယ်များက ခွေးမုဆိုးဟု ခေါ်ကာ ပြောင်လှောင်မှုကို မခံလိုသဖြင့် သဲဖြင့် ပြည့်သောအိုးကို လည်တွင် ကြိုးဖြင့် ဖွဲ့ချည်၍ ရေတွင် ပစ်ချသတ်ခဲ့၏။ ထိုကံကြောင့် ကြာမြင့်စွာ ငရဲ၌ ဆင်းရဲခံစားရပြီးလျှင် ဘဝပေါင်းတထောင် ဤကဲ့သို့ သဲအိုးလည်တွင် ချည်နှောင်၍ ရေတွင် ပစ်ချခံရသည်။

အာဂန္တုရဟန်း ၇ ပါး

ဘုရားရှင်အား ဖူးမြော်ရန် လာကြသော အာဂန္တုရဟန်း ခုနစ်ပါးတို့သည် လိုဏ်ဂူတခုတွင် ညအိပ်ရန် နေရာရကြသည်။ ရဟန်းများ အိပ်ပျော်နေစဉ် တောင်ထွတ်မျှ ကြီးကျယ်သော ကျောက်တုံးကြီး လိမ့်၍ လိုဏ်ဂူတံခါးကို ပိတ်သကဲ့သို့ ဖြစ်၏။ ရွာခုနစ်ရွာမှ ရွာသားများသည်လည်းကောင်း၊ ၎င်းဂူအတွင်းမှ ရဟန်းတို့သည်လည်းကောင်း လုံ့လပြုကြသော်လည်း လှုပ်အောင်မျှ မပြုလုပ်နိုင်ကြပေ။ ခုနစ်ရက်တိတိ ရဟန်းများ ဆာလောင်မွတ်သိပ်သော ဆင်းရဲကို ခံစားရသည်။ ခုနစ်ရက်မြောက်သောနေ့၌ကား ကျောက်တုံးကြီးသည် အလိုလို လိမ့်၍ တံခါးဝ ပွင့်သွားသည်။ နွားကျောင်းသား ခုနစ်ယောက်တို့သည် တောအရပ်၌ နွားကျောင်းစဉ် ဖွတ်ကြီးတကောင်ကို မြင်၍ လိုက်ကြရာ အပေါက်ခုနစ်ပေါက်ရှိသော တောင်ပို့အတွင်းသို့ ဖွတ်ကြီး ဝင်သွားသည်။ အချိန်မရှိသဖြင့် နောက်တနေ့မှ ဖွတ်ကို ဖမ်းမည်ဟု နွားကျောင်းသားများ ကိုယ်စီကိုယ်စီ ပေါက်တပေါက်ကို သစ်ခက်ကျိုး တဆုပ်စီဖြင့် ပိတ်၍ ထားခဲ့ကြသည်။ နွားကျောင်းသားများ တောင်ပို့ပိတ်ထားမှုကို ခုနစ်ရက်ကြာမှ သတိရ၍ ဖွင့်ကြရာ အရိုးအရေသာ ကျန်သော ဖွတ်ကို သနားသဖြင့် အသက်ကို မသတ်ခဲ့သဖြင့် ငရဲတွင် မကျပဲ ဆယ့်လေးဘဝတို့၌ ခုနစ်ရက် ခုနစ်ရက် အစာရေစာ ပြတ်ခဲ့ကြသည်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၇။)

ပါဠိသဒ္ဒါခက်ဆစ်

အန္တလိက္ခေ = ဣက္ခဏံ ဒဿနံ ဣက္ခာ။ ဣက္ခ် + အ + အာ။ ဣက္ခာယ အန္တရံ (ကာရဏံ) အန္တလိက္ခံ။ ဣက္ခာ + အန္တရ။ (ရကို လ-ပြု)
သမုဒ္ဒမဇ္ဈေ = သမုဒ္ဒဿ မဇ္ဈေ သမုဒ္ဒမဇ္ဈေ။ သမုဒ္ဒ + မဇ္ဈ။
သမုဒ္ဒေါ = သမံ ဥဒကေန လောဏံ ဧတ္ထာတိ သမုဒ္ဒေါ။ သ + ဥဒ + ဧတ။
ဇဂတိပ္ပဒေသော = ဂစ္ဆန္တိ ယဿန္တိ ဇဂတိ။ ဂမု + အန္တ + ဤ။ ဇဂတိယာ ပဒေသော ဇဂတိပ္ပဒေသော။ ဇဂတိ + ပဒေသ။

တယောဇနဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၉-ပါပဝဂ်

၁၁-တယောဇနဝတ္ထုပါဠိဂါထာ

၂၉၀။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ,
န ပဗ္ဗတာနံ ဝိဝရံ ပဝိဿ၊
န ဝိဇ္ဇတီ သော ဇဂတိပ္ပဒေသော,
ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ။

အန္တလိက္ခေ၊ ကောင်းကင်၌။ (ဌိတော၊ တည်နေသည်။ သမာနောပိ၊ ဖြစ်ပါသော်လည်း။ ပါပကမ္မာ၊ မကောင်းမှုအကုသိုလ် ကံမှ။ န မုစ္စေယျ၊ မလွတ်နိုင်ရာ။) သမုဒ္ဒမဇ္ဈေ၊ သမုဒြာအလယ်၌။ (ဌိတော၊ သည်။ သမာနောပိ၊ လည်း။ ပါပကမ္မာ၊ မှ။ န မုစ္စေယျ၊ ရာ။) ပဗ္ဗတာနံ၊ တောင်တို့၏။ ဝိဝရံ၊ အခေါင်းသို့။ ပဝိဿ၊ ဝင်၍။ (ဌိတော၊ သည်။ သမာနောပိ၊ လည်း။ ပါပကမ္မာ၊ မှ။ န မုစ္စေယျ၊ ရာ။) ယတ္ထ၊ အကြင်အရပ်၌။ ဌိတော၊ တည်သူသည်။ ပါပကမ္မာ၊ မကောင်းမှုမှ။ မုစ္စေယျ၊ လွတ်ရာ၏။ သော ဇဂတိပ္ပဒေသော၊ ထိုကမ္ဘာလောကအရပ်သည်။ န ဝိဇ္ဇတိ၊ မရှိ။ (ပါ-၁၂၇)

ဇဂတိပ္ပဒေသော။ ။ ဂစ္ဆန္တိ အဿန္တိ ဇဂတီ၊ [ဂမု+အန္တ+ဤ၊ ဂဒွေဘော်လာ၊ ရှေ့ဂကို ဇပြု၊ မကို ချေ၊-ဓာန်-ဋီ-၁၈၁။] ပဒိဿတီတိ ပဒေသော၊ ဇဂတိယာ+ပဒေသော ဇဂတိပ္ပဒေသော။ ဇဂတိသဒ္ဒါကို ဤအဋ္ဌကထာ၌ ပထဝီ၏ ပရိယာယ်ဟု ဖွင့်၍ မူလဋီ၊၁၊၁၃၁၌ လောက၏ ပရိယာယ်ဟု ဖွင့်၏။

တယောဇနဝတ္ထုပါဠိဂါထာနိဿယပြီးပြီ။