မာတိကာသို့ ခုန်သွားရန်

ဆဗ္ဗဂ္ဂိယဝတ္ထုဂါထာ -၂

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၉-ဓမ္မဋ္ဌဝဂ်။ ၂-ဆဗ္ဗဂ္ဂိဝတ္ထု

၂၅၈။ န တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟုဘာသတိ။
ခေမီ အဝေရီ အဘယော၊ ပဏ္ဍိတောတိ ပဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိမိကိုယ်ကို ပညာရှိ လူလိမ္မာဟု ပြော၍ ကျောင်း၌လည်းကောင်း ရွာ၌လည်းကောင်း၊ ဆွမ်းဇရပ်ကို နှောင့်ယှက်နေကြသော ဆဗ္ဗဂ္ဂီရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

ယာဝတာ၊ အကြင်မျှလောက်သော အကြောင်းဖြင့်။ ဗဟု၊ များစွာ။ ဘာသတိ၊ ပြောဆို၏။ တေန၊ ထိုသို့ စကားများစွာ ပြောကာမျှဖြင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဟောတိ၊ မဖြစ်။ ခေမီ၊ ကိုယ်တိုင် ဘေးမရှိသော။ အဝေရီ၊ ရန်မရှိသော။ အဘယော၊ ကြောက်ရွံ့မှု ကင်းသော သူကို။ ပဏ္ဍိတောတိ၊ ပညာရှိဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

စကားများများ ပြောကာမျှဖြင့် ပညာရှိ မဖြစ်နိုင်၊ ဘေးရန်မရှိပဲ ကြောက်ရွံ့မှု ကင်းသူကိုသာ ပညာရှိဟု ဆိုထိုက်၏။

ပညာရှိ

သံဃာ့အလယ် စသည်တို့တွင် စကားများများ ပြောတတ်ကာမျှဖြင့် ပဏ္ဍိတ မမည်၊ မိမိကိုယ်တိုင်လည်း ဘေးမရှိ၊ ရန်သူမျိုးငါးပါးလည်း မရှိ၊ ကြောက်ရွံ့ခြင်းလည်း မရှိ၊ လူအပေါင်းအား မိမိကြောင့် ဘေးမဖြစ်စေသော ပုဂ္ဂိုလ်မျိုးကိုသာ ပဏ္ဍိတ ဟု ခေါ်ဆိုထိုက်၏။
ဆဗ္ဗဂ္ဂိဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၉-ဓမ္မဋ္ဌဝဂ်

၂-ဆဗ္ဗဂ္ဂိယဝတ္ထုပါဠိဂါထာ

၄၈၈။ န တေန ပဏ္ဍိတော ဟောတိ, ယာဝတာ ဗဟု ဘာသတိ၊
ခေမီ အဝေရီ အဘယော, ‘ပဏ္ဍိတော’တိ ပဝုစ္စတိ။

(ယော၊ အကြင်ပုဂ္ဂိုလ်သည်။) ယာဝတာ၊ အကြင်မျှလောက်သော အကြောင်း ကြောင့်။ ဝါ၊ ဖြင့်။ ဗဟုံ၊ များစွာသော စကားကို။ ဝါ၊ များစွာ။ [ဂါထာ၌ ဆန်းကြောင့် နိဂ္ဂ ဟိတ်ကျေသည်။] ဘာသတိ၊ ပြောဆို၏။ (သော၊ ထိုပုဂ္ဂိုလ်သည်။) တေန၊ ထိုအကြောင်း ကြောင့်။ ပဏ္ဍိတော၊ ပညာရှိသည်။ န ဟောတိ၊ မဖြစ်။ (ယော၊ သည်။) ခေမီ၊ ဘေးတို့၏ ကုန်ခြင်းရှိသည်။ အဝေရီ၊ ရန်မရှိသည်။ အဘယော၊ ဘေးမရှိသည်။ ဝါ၊ လူအပေါင်း၏ ဘေးမရှိရာသည်။ [နတ္ထိ ဘယံ ဧတဿ, ဧတသ္မာ ဝါတိ အဘယော။] (ဟောတိ၊ ၏။ သော၊ ထိုပုဂ္ဂိုလ်ကို။) ပဏ္ဍိတောတိ၊ ပညာရှိဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။ (ပါ-၂၅၈)

ဆဗ္ဗဂ္ဂိယဝတ္ထုဂါထာနိဿယပြီးပြီ။