မာတိကာသို့ ခုန်သွားရန်

ဝိနိစ္ဆယမဟာမတ္တဝတ္ထုဂါထာ

ဝီကီရင်းမြစ် မှ

ပထမကျော်၊ သာသနဓဇသိရီပဝရ ဓမ္မာစရိယ ဒေါ်ဝိဇ္ဇေသီ၏ သရုပ်ပြဓမ္မပဒကျမ်း

၁၉-ဓမ္မဋ္ဌဝဂ်။ ၁-ဝိနိစ္ဆယမဟာမတ္တဝတ္ထု

၂၅၆။ န တေန ဓမ္မဋ္ဌော ဟောတိ၊ ယေနာတ္ထံ သာဟသာ နယေ။
ယော စ အတ္ထံ အနတ္ထဉ္စ၊ ဥဘယံ နိစ္ဆေယျ ပဏ္ဍိတော။
၂၅၇။ အသာဟသေန ဓမ္မေန၊ သမေန နယတိ ပရေ။
ဓမ္မဿ ဂုတ္တော မေဓာဝီ၊ ဓမ္မဋ္ဌောတိ ပဝုစ္စတိ။

ဤတရားဒေသနာတော်ကို ဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လက်ဆောင်ပေးသော သူတို့အား အနိုင်ပေးကာ တရားဆုံးဖြတ်သော အမတ်တို့ကို အကြောင်းပြု၍ ဟောတော်မူသည်။
ဒေသနာတော်အဆုံး၌ များစွာသော ပုဂ္ဂိုလ်တို့ သောတာပန် စသည် ဖြစ်ကြသည်။

အနက်

အတ္ထံ၊ ဆုံးဖြတ်အပ်သော အမှုသဘောကို။ သာဟသာ၊ နိုင်ထက်စီးနင်း မဟုတ်မမှန်သဖြင့်။ ယေန၊ အကြင်ကြောင့်။ နယေ၊ ဆုံးဖြတ်ရာ၏။ တေန၊ ထို့ကြောင့်။ ဓမ္မဋ္ဌော၊ တရား၌ တည်သော တရားသူကြီးသည်။ န ဟောတိ၊ မဖြစ်။ ယော ပဏ္ဍိတော၊ အကြင် ပညာရှိသည်။ အတ္ထဉ္စ၊ ဟုတ်မှန်သော အကြောင်းကိုလည်းကောင်း။ အနတ္ထဉ္စ၊ မဟုတ်မမှန်သော အကြောင်းကိုလည်းကောင်း။ ဥဘယံ၊ မှန် မမှန် နှစ်ပါးစုံတို့ကို။ နိစ္ဆေယျ၊ စိစစ်၍ ဆုံးဖြတ်ရာ၏။

အသာဟသေန၊ ဟုတ်မှန်သော။ သမေန၊ ညီမျှသော။ ဓမ္မေန၊ အဂတိမလိုက်စားပဲ တရားသဖြင့်။ ပရေ၊ သူတပါးတို့ကို။ နယတိ၊ အောင်မှု ရှုံးမှုသို့ ရောက်စေ၏။ ဓမ္မဿ၊ တရားကို။ ဂုတ္တော၊ စောင့်သော။ မေဓာဝီ၊ ပညာရှိကို။ ဓမ္မဋ္ဌောတိ၊ တရား၌ တည်သော တရားသူကြီးဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

စကားပြေ

ဆုံးဖြတ်အပ်သော အမှုသဘောကို မဟုတ်မမှန်သဖြင့် ဆုံးဖြတ်သူသည် တရား၌ တည်သော တရားသူကြီး မဟုတ်နိုင်၊ ပညာရှိသည် ဟုတ်မှန်သော အကြောင်း မဟုတ်မမှန်သော အကြောင်း နှစ်ပါးစုံကို စိစစ်၍ ဆုံးဖြတ်ရာ၏။ ဟုတ်မှန်၍ ညီမျှပြီးလျှင် အဂတိမလိုက်စားပဲ တရားသဖြင့် သူတပါးတို့ကို အနိုင်အရှုံးသို့ ရောက်စေသော တရားကို စောင့်သော ပညာရှိကိုသာ တရား၌ တည်သော တရားသူကြီးဟူ၍ ဆိုထိုက်၏။

တရားသူကြီး

ဆန္ဒာဂတိ စသော အဂတိတို့နှင့် ပြည့်စုံပြီး အနိုင်အထက် လိမ်လည် ပြောခြင်းဖြင့် ဆုံးဖြတ်သော သူသည် ဓမ္မဋ္ဌ မမည်။ ဆန္ဒာဂတိ လိုက်သော သူသည် ဆွေမျိုးဟူ၍လည်းကောင်း၊ မိတ်ဆွေဟူ၍လည်းကောင်း လိမ်လည်၍ ဥစ္စာရှင် မဟုတ်သူကို ဥစ္စာရှင်ဟု ပြောဆိုသည်။
ဒေါသာဂတိ လိုက်သော သူသည် မိမိ၏ ရန်သူကို လိမ်လည်၍ ဤဥစ္စာရှင်ကို ဥစ္စာရှင် မဟုတ်ဟု ဆို၏။ မောဟာဂတိ လိုက်သော သူသည် တံစိုးလက်ဆောင်ကို ယူ၍ တခြားတပါးသော သူကို နှလုံးသွင်းသကဲ့သို့ ထိုထိုဤဤ ကြည့်ရှုကာ လိမ်လည်၍ ဤသူနိုင်၏၊ ဤသူ ရှုံး၏ဟု သူတပါးကို ထုတ်ဆောင်၏။ ဘယာဂတိ လိုက်သော သူသည် အစိုးရအာဏာရှိသူ ရှုံးခြင်းသို့ ရောက်သော် ၎င်းကို အနိုင်ဖြစ်စေ၏။ ဤသို့ ဆန္ဒာဂတိ စသည်ကို လိုက်၍ ဆုံးဖြတ်ခြင်းကို သာဟသာ အတ္ထံ နယေ ဟု ခေါ်သည်။
လိမ်လည်၍ မပြောပဲ ဝိနိစ္ဆယဓမ္မနှင့်လည်းကောင်း အပြစ်အား လျော်စွာ အနိုင်အရှုံးသို့ ရောက်စေခြင်းဖြင့် လည်းကောင်း တရားကို စောင့်သော သူသည်သာ ဓမ္မဋ္ဌ မည်၏။

ပါဠိသဒ္ဒါခက်ဆစ်

ဓမ္မဋ္ဌာ = ဓမ္မေ ဌိတော ဓမ္မဋ္ဌော။ ဓမ္မ + ဌာ + ကွိ။
သာဟသာ = သဟေန (ဗလေန) ဘဝံ သာဟသံ။ သဟ + ဏ။
ဝိနိစ္ဆယမဟာမတ္တဝတ္ထု ပြီး၏။


အရှင်သုဇနာဘိဝံသ၏ ဓမ္မပဒဂါထာနိဿယ

၁၉-ဓမ္မဋ္ဌဝဂ်

၁- ဝိနိစ္ဆယမဟာမတ္တဝတ္ထုပါဠိဂါထာ

၄၈၆။ န တေန ဟောတိ ဓမ္မဋ္ဌော, ယေနတ္ထံ သာဟသာ နယေ၊
ယော စ အတ္ထံ အနတ္ထဉ္စ, ဥဘော နိစ္ဆေယျ ပဏ္ဍိတော။

(ယော၊ အကြင်သူသည်။) ယေန၊ အကြင်ကြောင့်။ အတ္ထံ၊ ဆုံးဖြတ်ထိုက်သော အကြောင်းအရာကို။ သာဟသာ၊ အဆောတလျင် ဖြစ်စေအပ်သော လိမ်ညာပြောဆို ခြင်းဖြင့်။ ဝါ၊ နိုင်ထက်စီးနင်း, လိမ်ညာပြောခြင်းဖြင့်။ နယေ၊ (အနိုင်အရှုံးသို့) ဆောင်ပို့ ရာ၏။ ဝါ၊ ဆုံးဖြတ်ရာ၏။ တေန၊ ထိုကြောင့်။ (သော၊ ထိုသူသည်။) ဓမ္မဋ္ဌော၊ ဆုံးဖြတ် ကြောင်း တရားဥပဒေ၌ ရပ်တည်သူသည်။ (တရားသူကြီးသည်။) န ဟောတိ၊ မဖြစ်။ ၊ အနွယကား။ ယော ပဏ္ဍိတော၊ အကြင်ပညာရှိသည်။ အတ္ထံ၊ မှန်သောအကြောင်း ကိုလည်းကောင်း။ အနတ္ထဉ္စ၊ မှန်သောအကြောင်းမဟုတ်သည်ကိုလည်းကောင်း။ ဥဘော၊ ၂မျိုးလုံးတို့ကို။ နိစ္ဆေယျ၊ ဆုံးဖြတ်၍။ (ဝဒတိ၊ ပြောဆို၏။) (ပါ-၂၅၆)

၃။သာဟသာ။ ။ နောက်ဂါထာ၌ “အသာဟသေန”ကို ထောက်၍ တတိယန္တတည်း၊ “နာ အာ”ဟူသော ဝိနာဓိကာရယောဂဝိဘာဂဖြင့် နာဝိဘတ်ကို အာပြု၊ ပဉ္စမျန္တဟုလည်း ယူ၏၊ ဒူရန္တိကသုတ်၌ စသဒ္ဒါဖြင့် တတိယာအနက်၌ ပဉ္စမီသက်။ သဟသာ+ပဝတ္တိတော သာဟသော [သဟသာ+ဏ၊-သီဘာ၊၁၊၅၀၇။] သံ သုဋ္ဌုံ ဟိံသတိ အဘိဘဝတီတိ သာဟသော၊ [သံ+ဟိံသ+ အ၊ နိဂ္ဂဟိတ်တို့ကိုချေ, သ-၌ ဒီဃပြု၊ ဣကို အ-ပြု၊-ဓမ္မဋီ။] “သဟော ဝုစ္စတိ ဗလံ၊ တဗ္ဘဝံ သာဟသံ(ဓာန်-ဋီ-၃၄၉)၊ တဗ္ဘဝံ-ထိုသဟ၌ ဖြစ်ခြင်းသည်၊ သာဟသံ-မည်၏(ဓာန်-ဋီ-နိ၊၁၊၄၉၂)” ဟူသော စကားအလို “သဟမှိ ဗလမှိ+ဘဝံ သာဟသံ”ဟုပြု။ [သဟ+ဏ၊ သ-လာ၊-ဓာန်-ဋီ-နိ- ၁, ၃၄၉။] သဟသာ ဗလေန+နိဗ္ဗတ္တံ သာဟသံ(ကပ္ပဒ္ဒုမ)။

၁။နိစ္ဆေယျ။ ။ နိ+စိ+တွာ၊ ဒေါ ဓဿ စ၌ စသဒ္ဒါဖြင့် စကို ဆပြု, စဒွေဘော်လာ, တွာကို ယပြု, စ္ဆိ၌ ဧဝုဒ္ဓိပြု၊ ဤကား “ဝိနိစ္ဆိနိတွာ(ဓမ္မ.ဋ္ဌ)”ဟူသောအဖွင့်, “နိစ္ဆေယျာတိ နိစ္ဆိနိတွာ ဝိနိစ္ဆိနိတွာ(မဟာနိ-၅၈၊ ၁၄၀)”ဟူသော အဖွင့်တို့နှင့် အညီတည်း၊ “နိ+စိ+အ+ဧယျ”ဟု အာချာတ် ပုဒ်ကြံ၍ “နိစ္ဆိနေယျ-ဆုံးဖြတ်ရာ၏”ဟု ပေးကြသေး၏၊ အဖွင့်နှင့်မညီပါ။

၄၈၇။ အသာဟသေန ဓမ္မေန, သမေန နယတီ ပရေ၊
ဓမ္မဿ ဂုတ္တော မေဓာဝီ, ဓမ္မဋ္ဌောတိ ပဝုစ္စတိ။

အသာဟသေန၊ အဆောတလျင် ဖြစ်စေအပ်သည်မဟုတ်သော မှန်ကန်စွာ ပြောဆိုခြင်းဖြင့်လည်းကောင်း။ ဝါ၊ အနိုင်အထက်ကင်း, အမှန်ပြောခြင်းဖြင့်လည်းကောင်း။ ဓမ္မေန၊ ဖြတ်ထုံးတရား, ဥပဒေအားဖြင့်လည်းကောင်း။ သမေန၊ အပြစ်နှင့် ညီမျှသဖြင့်လည်းကောင်း။ ပရေ၊ တစ်ပါးသူဆို, တရားလို တရားခံတို့ကို။ နယတိ၊ (အနိုင်အရှုံးသို့) ဆောင်ပို့ဆုံးဖြတ်၏။ ဓမ္မဿ၊ တရားကို။ ဂုတ္တော၊ စောင့်ရှောက်သော။ မေဓာဝီ၊ အဆီအနှစ် ပညာစစ်ရှိသော။ (သော ပဏ္ဍိတော၊ ထိုပညာရှိကို။) ဓမ္မဋ္ဌောတိဆုံးဖြတ်ကြောင်းတရားဥပဒေ၌ ရပ်တည်သူဟူ၍။ (တရားသူကြီးဟူ၍)။ [ဓမ္မေသု ဝိနိစ္ဆယ၊ ဓမ္မေသု ဌာတိ တိဋ္ဌတီတိ ဓမ္မဋ္ဌော။ ဓမ္မဋီ။] ပဝုစ္စတိ၊ ဆိုအပ်၏။ (ပါ-၂၅၇) [“ဓမ္မေန၊ နှင့်။ သမေန၊ ညီညွတ်သဖြင့်”ဟုလည်းကောင်း “သမေန၊ ညီ ညွတ်သော။ ဓမ္မေန၊ ဖြင့်”ဟုလည်းကောင်း ပေးကြသေး၏၊ “သမေနာတိ အပရာဓာနုရူပေနေဝ” ဟု ဖွင့်သဖြင့် ကောင်းမည်မထင်။]

၂။ဓမ္မဿ ဂုတ္တော။ ။ နိဒီ-၂၀၆၌ ဓမ္မဿကို အထက်အတိုင်း ကံအနက်ပေး၏၊ ထို အလို “ဂေါပေတီတိ ဂုတ္တော”ဟုပြု၊ မောဂ်-၂၊၃၉သုတ်၌ “ဓမ္မဿ-တရားသည်၊ ဂုတ္တော-စောင့် ရှောက်အပ်သော”ဟု ကတ္တားအနက်ပေး၏၊ ထိုအလို “ဂေါပီယိတ္ထာတိ ဂုတ္တော(မောဂ်-၂၊၃၉)” ဟု ပြု၊ ဤ၌ ကံအနက်က ပိုကောင်းသည်ဟု မောဂ်နိ၊၁၊၂၇၃၌ ဆို၏။

ဝိနိစ္ဆယမဟာမတ္တဝတ္ထုဂါထာနိဿယပြီးပြီ။